တနင်္လာကနေ သောကြာအထိ တစ်ပတ်လုံးလုံး အလုပ်တွေလုပ် ပင်ပန်းလာပြီးနောက် ပိတ်ရက်ကို ရောက်လာပြီ။ ဒါပေမဲ့ မနားရသေးပါဘူး။ တစ်ပတ်လုံးလုံး ပုံထားခဲ့တဲ့ အဝတ်တွေကို လျှော်ဖွပ်၊ မီးပူတိုက်ရဦးမှာကိုး။ မီးပူတိုက်တိုင်းမှာ လုပ်ဖြစ်နေတဲ့ အမှားတွေရှိတယ်ဆိုတာ သင့်ကိုယ်သင် သတိထားမိပါရဲ့လား။
၁။ တချို့ချည်ထည်တွေက ခြောက်သွေ့နေတဲ့ အနေအထားမှာ မီးပူတိုက်လို့မရဘူး။ ဘယ်လောက်တိုက်တိုက် ပြန့်ပြူးမလာဘူးလေ။ ဒါကြောင့်မို့လို့လည်း အချို့မီးပူတွေမှာ ရေငွေ့ဖြန်းတဲ့အရာလေး ထည့်ပေးထားတာပေါ့။ ရေနဲ့တောက်ပြီး တိုက်မယ့်အစား ရေနွေးငွေ့လေးဖြန်းပြီးမှ မီးပူတိုက်ရပါတယ်။
၂။ ပျော့ပျောင်းတဲ့ ပိုးသားတွေကို တိုက်တဲ့အခါ မီးပူကို ဖွင့်ပြီးမတိုက်ပါနဲ့။ မီးပူဆိုတာလည်း ခလုတ်ပိတ်ပြီးတောင်မှ အပူကကျန်နေသေးတာမဟုတ်လား။ တိုက်စရာရှိတဲ့ အခြားအရာတွေ အရင်တိုက်ပြီးမှ ခလုတ်ကိုပိတ်ပြီး အပူငွေ့လက်ကျန်လေးနဲ့ နူးညံ့ပျော့ပျောင်းတဲ့အထည်တွေကို တိုက်ပါ။
၃။ ချည်တစ်မျိုးတည်းမဟုတ်ဘဲ ရောစပ်ချုပ်လုပ်ထားတဲ့ အဝတ်တွေကို မီးပူတိုက်ရင် အပူချိန်များများနဲ့ မတိုက်ရပါဘူး ။ မီးနည်းနည်းလေးနဲ့ပဲ တိုက်ရပါမယ်။
၄။ အဝတ်ကို ရေဆွတ်ပြီး မီးပူတိုက်တဲ့အခါ ဘုံဘိုင်ခေါင်းက ရေကိုချည်းပဲ မသုံးပါနဲ့။ ရေနွေးနဲ့ ဆတူရောစပ်ပြီး အဝတ်ကိုဆွတ်ကာ မီးပူတိုက်ရင် အချိန်တိုတွင်းမှာ အဝတ်တွေမြန်မြန်ပြန့်ပြူးသွားပါတယ်။
၅။ မီးပူကိုရော သန့်ရှင်းရေးလုပ်ပေးရဲ့လား? မီးပူမျက်နှာပြင်က သန့်ရှင်းပြန့်ပြူးနေဖို့ အရေးကြီးပါတယ်။ မုန့်ဖုန်ဆိုဒါ သို့မဟုတ် ဆားနဲ့ ပွတ်တိုက်သန့်စင်ပေးလို့ရပါတယ်။
၆။ ရေဖြန်းတဲ့ခလုတ်ပါတဲ့ မီးပူတွေမှာဆိုရင် မီးပူတိုက်ပြီးတိုင်း ရေကိုသွန်ပစ်ပြီးမှ သိမ်းရပါမယ်။ ရေက ကြာရင် မကောင်းတော့ဘူး။ နောက်တစ်ခါ မီးပူတိုက်တော့ အဲ့ဒီရေကို ပြန်သုံးမိရင် အဝတ်က စွန်းပေနိုင်ပါတယ်။
၇။ မီးပူတိုက်တဲ့အခါ အောက်ခံပြားက ညီညာနေဖို့လည်း လိုပါတယ်။ မီးပူတိုက်တဲ့ဘုတ်ပြားတွေနဲ့ မီးပူတိုက်တာ အကောင်းဆုံးနည်းလမ်းပါပဲ။
Source : GHK
Share