ကျွန်တော်တို့ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ စကားတွေကို အမျိုးအစားခွဲကြည့်ရင် (၆)မျိုးသာရှိတယ်ဆိုပဲဗျ။ ဒီ (၆)မျိုးထဲကမှ ပြောသင့်ပြောထိုက်တဲ့ စကားဆိုလို့ (၂)မျိုးပဲပါပြီး ကျန်(၄)မျိုးကို ပယ်ထားတယ်ဗျ။ သိပ်လည်း မှတ်သားစရာကောင်းပါပေ့ဗျာ။ အစကတော့ ကျွန်တော်လည်း ရှိတာမှခြောက်မျိုး၊ လေးမျိုးပယ်လိုက်တော့ ဘာသွားပြောတော့မလဲလို့ တွေးမိတာပေါ့ဗျာ။ ဒါပေမဲ့ ဖတ်ကြည့်ပြီး သေချာတွေးကြည့်တော့မှပဲ အဟုတ်သားဗျ။ လက်တွေ့လောကမှာလည်း အဲဒီနှစ်မျိုးက မရှိမဖြစ်ပဲ။ အမှန်တကယ် လိုအပ်တာလည်း ဒီနှစ်မျိုးပဲဗျ။
အဲဒါတွေကတော့ -
၁။ ဟုတ်မှန်၍ အကျိုးရှိရမည်။ သူလည်းနာလို၊ ကြားလိုသောစကား။
၂။ ဟုတ်မှန်၍ အကျိုးရှိသော်လည်း သူ မနာလို၊ မကြားလိုသောစကား။
၃။ ဟုတ်မှန်၏။ သို့သော် အကျိုးလည်းမရှိ။ သူလည်း မနာလို၊ မကြားလိုသောစကား။
၄။ မဟုတ်မမှန်သော်လည်း အကျိုးရှိ၍ သူ နာလိုနှစ်သက်သောစကား။
၅။ မဟုတ်မမှန်၊ အကျိုးမရှိ။ သူ နာလိုနှစ်သက်သောစကား။
၆။ မဟုတ်မမှန်၊ အကျိုးလည်းမရှိ။ သူလည်း မနာလို၊ မကြားလိုသောစကား
အဲဒီ (၆)မျိုးထဲက နံပါတ် (၁) နဲ့ (၂) နှစ်မျိုးကိုပဲ နေ့စဉ်ဘဝမှာ အသုံးပြုရမယ်လို့ ဆုံးမညွှန်ပြ ထားတယ်ဗျ။ ဘာလို့လဲဆိုတော့ အဲဒီနှစ်မျိုးလုံးက မှန်ကန်တဲ့အပြင် အကျိုးကျေးဇူးကောင်းတွေ ဖြစ်ထွန်းစေလို့ပဲဗျ။ ဒါပေမဲ့ အဲဒီနှစ်မျိုးထဲကမှ နံပါတ် (၂)ကို ရံဖန်ရံခါ လိုအပ်လာမှသာ ကာလ ဒေသ ပုဂ္ဂလပေါ်မူတည်ပြီး သုံးသင့်တယ်လို့လည်း ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူများမကြားလို၊ မနာလိုတဲ့ မှန်ကန်အကျိုးရှိတဲ့စကားနဲ့စာရင် သူများလည်း ကြားလို၊ နာလိုပြီး မှန်ကန်အကျိုးရှိတဲ့စကားက ပိုပြီး သင့်လျော်လို့ပါ။
ဒါကြောင့် ရှေးပညာရှိကြီးတွေက “စကားခြောက်ခွန်း၊ လူ၌ထွန်ုး၊ လေးခွန်းရှောင်ခွာ၊ နှစ်ခွန်းသာ” ဆိုပြီး ဗုဒ္ဓမြတ်စွာဘုရား ဆုံးမညွှန်ပြထားတဲ့ အတိုင်း လိုက်နာကျင့်သုံးကြဖို့ အားလုံးကို ဆုံးမခဲ့ကြပါတယ်။