လာမယ့်၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ရှစ်ခုဖွင့်လှစ်မယ်လို့ သိရပါတယ်။ အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာသင်တန်း၊ အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း၊ အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း၊ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း၊ စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာသင်တန်း၊ မနုဿဗေဒ ဒီပလိုမာသင်တန်း၊ လူမှုရေးပညာဘွဲ့လွန် ဒီပလိုမာသင်တန်းတွေကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းကြေးနှုန်းထားတွေကတော့ မတူဘဲ တစ်ချို့သင်တန်းတွေကတော့ ကျပ်ရှစ်ထောင်၊ တစ်သောင်းလောက်ပဲ ကျသင့်မှာဖြစ်ပြီး သင်တန်းကာလတွေကလည်း မတူညီဘူးလို့ သိရပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး သင့်ရဲ့ရပိုင်ခွင့် (၅) ခု )
တက်ရောက်လိုသူတွေဟာ ဘွဲ့တစ်ခုခုရရှိဖို့လိုအပ်ပြီး အစိုးရဝန်ထမ်းတွေနဲ့ အခြားလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူဆိုရင်တော့ သက်ဆိုင်ရာဌာန အကြီးအကဲရဲ့ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာကို တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
လှျှောက်လွှာတွေကို ရန်ကုန်တက္ကသိုလ်ကျောင်းသား ရေးရာဌာနနဲ့ ကျောင်းဆောင်များဌာနမှာ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံနဲ့ မေလ ၁၅ ရက်နေ့ နောက်ဆုံးထားလှျှောက်ထားရမှာဖြစ်ပါတယ်။
အသေးစိတ် သိချင်တယ်ဆိုရင်တော့ မိမိတက်မယ့်ဘာသာရပ်ရဲ့ဌာနမှာ စုံစမ်းနိုင်တာ ဖြစ်ပါတယ်။
Source: Democracy Today
Photos: ဓာတ်ပုံ ထိန်ဝင်း, Yangon Life