“ရေအသက် တစ်မနက်” ဆိုပေမဲ့ အခုဟာက တစ်မနက်တောင်မဟုတ်ဘူး။ တစ်သက်လုံးတောင် ရေသောက်ဖို့ မလိုဘူးဆိုပဲဗျ။ မယုံနိုင်စရာပဲဗျ။ မရှိနိုင်တာ၊ မဖြစ်နိုင်တာလို့တောင် တွေးမိတယ်။ ဒါပေမဲ့ မယုံမရှိပါနဲ့။ လက်တွေ့မှာ အဲဒီလိုသတ္တဝါမျိုးစိတ် တကယ် ရှိနေတယ်ဗျ။ အကောင်ပုံစံကတော့ သားပိုက်ကောင်နဲ့ ခပ်ဆင်ဆင်ပါ။ နီဝါရောင် ခပ်ဖျော့ဖျော့လေးတွေပါ။
ဒါပေမဲ့ အကောင်ကတော့ အကြီးကြီးမဟုတ်ဘူးဗျ။ ခပ်သေးသေးပဲ။ သူ့အရွယ်အစားက ၃ လက်မခွဲကနေ ၅ လက်မခွဲလောက်ပဲ ရှိပြီး မျက်လုံးပြူးပြူး၊ ခေါင်းကြီးကြီးနဲ့ နားရွက် သေးသေး ပါးပါး သတ္တဝါပဲဗျ။ အမြီးကတော့ ခန္ဓာကိုယ်ထက် ပိုရှည်နေတယ်။ ဘယ်လောက်တောင် ရှည်လဲဆိုရင် ၅ လက်မခွဲကနေ ၆ လက်မခွဲ အထိတောင် ရှိတယ်ဆိုပဲဗျ။ ပြောရရင် မြေကြွက်ပုံစံမျိုးလေးတွေပေါ့။
သူတို့ဟာ လူသူကင်းတဲ့ စွန့်ပစ်မြေလို နေရာဒေသတွေမှာ နေထိုင်လေ့ရှိတဲ့ တွင်းအောင်းသတ္တဝါလေးတွေပါ။ ဒါ့အပြင် တချို့တလေကတော့ သဲသောင်ပြင်တွေ၊ မြက်ခင်းပြင်တွေ၊ စိုထိုင်းထိုင်းရှိတဲ့ သဲသောင်စတဲ့ မြေနေရာတွေနဲ့ အဝတ်လျှော်တဲ့ နေရာမျိုးတွေမှာလည်း နေထိုင်ကြတယ်ဗျ။ အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းတို့လို မြေနေရာတွေမှာ တွေ့ရတာများပေမဲ့ အန္တရာယ်ရှိတဲ့ တောရိုင်းတိရစ္ဆာန်မျိုးတွေထဲမှာ မပါဘူးဗျ။ ပဲစေ့တို့ မြက်ရိုင်းပင်တို့လောက်ပဲ စားလေ့ရှိကြတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ တချို့အကောင်တွေက အစိမ်းရောင်ရှိတဲ့ သဘာဝပေါက်ပင်တွေနဲ့ အင်းဆက်ပိုးမွှားလေးတွေကိုလည်း စားသုံးတတ်တယ်ဆိုပဲဗျ။
သူ့တို့မှာ ရန်သူကတော့ အပေါသားဗျ။ ဇီးကွက်လိုသတ္တဝါတွေကအစ အိမ်မှာမွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေအဆုံးပဲ၊ အားလုံးက သူတို့လေးတွေကို ပွဲတော်တည်ဖို့ပဲ ချောင်းနေကြတာပေါ့။ ဒါပေမဲ့ သူတို့ကလည်း အကြားအာရုံ တော်တော်ကောင်းတဲ့ သတ္တဝါတွေဆိုပဲ။ ဘယ်လောက်ကောင်းလဲဆိုရင် တစ်ခါတလေ ဇီးကွက်လိုသတ္တဝါတွေ တိတ်တဆိတ်လာချောင်းတာတောင် သိနေတတ်ကြတယ်။ ပြီးတော့ သူတို့ဟာ မြေကျင်းတွေ၊ ဂလိုင်တွေထဲမှာပဲ အချိန်ကုန်နေတတ်ကြပြီး ညဘက်အအေးပိုလာချိန်မှသာ အစာထွက်ရှာလေ့ရှိကြတယ်ဗျ။
အဲဒီတော့ သူတို့ဟာ အခြားသတ္တဝါတွေလို ချွေးထွက်တာတွေမရှိတော့ဘူးပေါ့။ သူတို့ကိုယ်တိုင်ကလည်း သူတို့ရဲ့ ခန္ဓာကိုယ်က ရေဓာတ်တွေ ဆုံးရှုံးသွားစေမယ့် လုပ်ရပ်မျိုးတွေ သိပ်မလုပ်တတ်ကြဘူးဆိုပဲ။ ပြီးတော့ ထူးခြားတာက သူတို့ရဲ့ ကလေးတွေနဲ့ အစေ့အဆန်၊ အစားအသောက်တွေ သယ်ယူနိုင်ဖို့အတွက် ပါးပြင်တစ်ဝိုက်မှာ အရေအိတ်လေးတွေ ရှိနေတယ်ဗျ။ ဒါကြောင့်လည်း သူတို့ကို “ကြွက်သားပိုက် (Kangaroo rat)” လို့ ခေါ်ကြတယ်ဗျ။ အဲဒီ ကြွက်သားပိုက် လေးတွေဟာ သက်တမ်းအားဖြင့်တော့ သိပ်အရှည်ကြာကြီး မရှိလှပါဘူး။ ၂ နှစ်ကနေ ၅ နှစ်လောက်အထိပဲ ရှိပြီး ပျမ်းမျှအားဖြင့်တော့ ၁၂၈ ဂရမ်လောက် လေးပါတယ်။ ဒါပေမဲ့ မျိုးစိတ်ခွဲတွေပေါ်မူတည်ပြီး အလေးချိန် ပြောင်းလဲမှုလေးတွေတော့ ရှိတာပေါ့ဗျာ။