အမျိုးသားတွေနဲ့ယှဉ်ရင် အမျိုးသမီးတွေက စိတ်ဓာတ်ကျဆင်းမှုနဲ့ ကြောက်စိတ်ဝင်မှုတွေ ပိုပြီးဖြစ်လွယ်ကြကြောင်း သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး လေးပုံအနက် သုံးပုံဟာ သူတို့ဘဝတစ်လျှောက်မှာ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကြုံခဲ့ဖူးကြတယ်လို့ ဆိုပါတယ်။ မိသားစုနဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့တာဝန်ယူထားရတဲ့ အမျိုးသမီးတွေမှာဆိုရင် စိတ်အားငယ်မှုတွေဟာ ပိုပြီးဆိုးရွားနိုင်ကြောင်း The Mental Health Foundation က ထုတ်ပြန်ထားတာပါ။
မိသားစုကြီးလေလေ တာဝန်ယူရမှု ပိုများလေလေဖြစ်တဲ့အပြင် သူတို့ရဲ့ခန္ဓာကိုယ် ပိန်သွယ်လှပအောင်၊ ကြည့်ကောင်းအောင် ဟန်ချက်ထိန်းနေရတာတွေကလည်း ဖိအားတွေဖြစ်လာစေပါတယ်။ ဒီအချက်တွေကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေက ပူပန်မှု၊ အကြောက်လွန်မှု၊ ထိတ်လန့်မှုနဲ့ စိတ်ဓာတ်ကျမှုတွေ ပိုခံစားရကာ အစားတွေပိုစားမိတတ်ကြပါတယ်။ အမျိုးသမီးထုရဲ့ သုံးပုံတစ်ပုံကတော့ ရုတ်တရက်ထိတ်လန့်မှုကို ခံစားရပြီး ကြောက်လန့်မှု၊ ပူပင်သောကဖြစ်မှုတွေကနေ ရုတ်တရက်နှလုံးရပ်တန့်မှု (heart attack) ဖြစ်သွားတာလည်း ကြုံရပါတယ်။ ဒီနှုန်းဟာ အမျိုးသားတွေနဲ့ယှဉ်ရင် ၁၉% ပိုများပါတယ်။
NatCen အသင်းအဖွဲ့ဟာ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေလပြည်နယ်ထဲက လူပေါင်း ၂,၀၀၀ နဲ့ ပြုလုပ်တဲ့ လေ့လာမှုမှာတော့ အမျိုးသမီးထု တစ်ဝက်နီးပါးဟာ အိပ်ရေးတောင် ဝအောင်မအိပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ အသက် ၅၅ နှစ်အောက် အမျိုးသမီးတွေမှာဆိုရင် ဒီအဖြစ်တွေ ပိုပြီးကြုံရလေ့ရှိတယ်လို့ လေ့လာမှုရလဒ်တွေက ဖော်ပြနေပါတယ်။ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရှင်သန်နေနိုင်တဲ့ အမျိုးသမီးတွေကတော့ အရမ်းကိုနည်းပါးနေတုန်းပဲလို့ The Mental Health Foundation ရဲ့ အမှုဆောင်အရာရှိချုပ် မစ္စအဒ်ဝပ်က ဆိုပါတယ်။
Source : Daily Mail