ဒီကနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့် ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာလည်း ဆုတောင်းစကားပို့စ်လေးကို တွေ့ကြရမှာပါ။
ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့လည်း ခေါ်တွင်ကြပါတယ်။ ဂေါတမမြတ်စွာဘုရားဟာ ဘုရားအဖြစ်သို့ ရောက်ရှိရန် ဗျာဒိတ်တော်ခံယူခဲ့သောနေ့၊ ဖွားမြင်ခဲ့သောနေ့၊ ဘုရားအဖြစ်သို့ရောက်ရှိသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသော နေ့တွေဟာလည်း ကဆုန်လပြည့်နေ့တွေမှာသာ ဖြစ်ပျက်ခဲ့တာကြောင့် "ဆု-ဖွား-ပွင့်-စံ ဤလေးတန် မှတ်ရန်ကဆုန်လ" လို့ ရှေးလူကြီးများက ဆုံးမခဲ့ပါတယ်။
ကဆုန်လပြည့်နေ့ ရောက်ပြီဆိုရင် အားလုံး သိကြတာကတော့ ညောင်ရေသွန်းတာပါပဲ။ မြန်မာတို့ရဲ့ ၁၂လရာသီ ပွဲတော်တွေထဲမှာ "ကဆုန်လ ညောင်ရေသွန်းပွဲ" ရယ်လို့လည်း မှတ်သားရပါတယ်။ ကဆုန်လရဲ့ ရာသီဥတုက ပူပြင်းလွန်းတာကြောင့် ရေတွေခမ်းခြောက်ပြီး သစ်ပင်တွေဟာ ညှိုးရော်ကြရပါတယ်။ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းကြခြင်းဖြင့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ အလေ့အထဟာ မြန်မာ့ထုံးတမ်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
ပရိတ်ရွတ်ဖတ်ခြင်း၊ ညောင်ရေသွန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ အလှူဒါန ပြုခြင်းတို့ကိုလည်း ပြုလုပ်ကြတာမို့ မွန်မြတ်တဲ့နေ့ရက်လည်း ဖြစ်ပါတယ်။ ဘုရားတွေကို သွားမယ်ဆိုရင်လည်း အအေး၊ မုန့် စတဲ့ စတုဒီသာတွေ လှူဒါန်းနေကြတာကိုလည်း ကြည်နူးစရာ တွေ့ရတာမို့ သာဓုခေါ်စရာလည်းကောင်းပါတယ်။