ရေခွက်ရဲ့အတွင်းအပြင် ပိုက်နှစ်ချောင်းထားပြီး တစ်ပြိုင်တည်းစုပ်ယူတဲ့အခါ ရေပါမလာတာ စဉ်းစားစရာပဲဗျ။

strawz-drinking-straws-double-sipper.jpg 

ကျွန်တော်တို့ နေ့စဉ်လိုလို မြင်တွေ့နေရတဲ့ အရာလေးပါ။ ဆိုင်ထိုင်ရင်း အချိုရည်သောက်တဲ့အခါပဲဖြစ်ဖြစ်၊ အအေးသောက်တဲ့အခါပဲဖြစ်ဖြစ် အများစုက ပိုက်နဲ့စုပ်သောက်လေ့ရှိကြတာ အားလုံးလည်း သိကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့တွေ မစဉ်းစားမိတာက ဘာကြောင့် ပိုက်ကနေ ပါးစပ်နဲ့စုပ်လိုက်တာနဲ့ အချိုရည်တွေက ပါလာရတာလဲဆိုတာပဲဗျ။ တချို့ကတော့ ပြောကြပါလိမ့်မယ်။ ဒါဟာ ပါးစပ်ရဲ့ စုပ်အားကြောင့် စသဖြင့်ပေါ့ဗျာ။ ကျွန်တော်တို့လည်း တစ်ချိန်က အဲဒီလိုပဲ ထင်ခဲ့တာပဲဗျ။ ဒါပေမဲ့ တကယ်တော့ ဒီအဖြေအားလုံးဟာ ပြည့်စုံမှန်ကန်တဲ့ အဖြေတွေမဟုတ်သေးဘူးဗျ။

 

ဘာကြောင့်လဲဆိုတော့ အကယ်၍သာ ပါးစပ်စုပ်အားကြောင့်ဆိုရင် ရေအပြည့်ထည့်ပြီး ထောင်ထားတဲ့ရသန့်ဘူးကို ထိပ်ကနေ ပါးစပ်နဲ့ငုံပြီး စုပ်ယူတဲ့အခါ ဘာကြောင့် ရေတွေ ပါမလာရတာလဲဆိုတာ စဉ်းစားစရာပဲဗျ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘူးထိပ်ကို အကုန်မငုံဘဲ နှုတ်ခမ်းတေ့ရုံ အနေအထားနဲ့ စုပ်ယူလိုက်မယ်ဆိုရင်တော့ အချိုရည်ကို ပိုက်နဲ့စုပ်လိုက်သလိုပဲ ရေတွေပါလာတာကို တွေ့ရလိမ့်မယ်ဗျ။

ဒါတင်မကသေးဘူးဗျ။ ပိုက်နှစ်ချောင်းကိုယူပြီး တစ်ချောင်းကို ရေခွက်ထဲတည့်၊ ကျန်တစ်ချောင်းကို အပြင်ဘက်ပိုင်း လေဟာနယ်မှာထားပြီး တစ်ပြိုင်တည်းစုပ်ယူကြည့်ရင်လည်း ကြိုက်သလောက်စုပ် ပါစပ်ထဲ ရေပါမလာတာကို ထူးထူးဆန်းဆန်း တွေ့ရလိမ့်မယ်ဗျ။

 

တကယ်တော့ ဒါဟာ လေရဲ့အကူအညီကြောင့်ပဲဗျ။ လေက ဘယ်လိုကူညီသလဲဆိုရင် ဖိအားနဲ့ အကူညီပေးတာပေါ့။ လေရှိတဲ့နေရာတိုင်းမှာ လေထုဖိအားရှိနေတယ်ဗျ။ လေအတွက် နေရာပေးမထားဘူး ဆိုရင်တော့ လေထုဖိအားလည်း မတက်ရောက်နိုင်တဲ့အတွက်  ရေသန့်ဘူးထဲကရေကို ဘယ်လောက်ပဲ စုပ်ယူနေပါစေ ကျွန်တော်တို့ ပါးစပ်ထဲ ပါလာမှာမဟုတ်ဘူးဗျ။ ဒါကြောင့် လေအတွက် နေရာရအောင် နှုတ်ခမ်းတေ့ရုံသာတေ့ထားပြီး စုပ်ယူတဲ့အခါမှာတော့ လေထုဖိအားလည်း တက်ရောက်နိုင်သွားတဲ့အတွက် ကျွန်တော်တို့ စုပ်ယူလိုက်တဲ့အခါ ရေပါလာတာဗျ။

 

အဲဒီလိုပဲ ကျွန်တော်တို့တွေ အချိုရည်သောက်တဲ့အခါမှာလည်း အချိုရည်ပုလင်းထဲကို ပိုက်ထည့်လိုက်တဲ့အခါ ပိုက်ရဲ့ အတွင်းဘက်ရော၊ အပြင်ဘက်ပါ လေရှိနေတယ်ဗျ။ ဆိုလိုတာက လေထုဖိအား တူညီစွာသက်ရောက် နေတယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ပိုက်ထဲကလေကို စုပ်ယူလိုက်တဲ့အခါမှာ ပိုက်ထဲမှာရှိနေတဲ့ လေထုဖိအားဟာ ပိုက်အပြင်ဘက်မှာ သက်ရောက်နေတဲ့ လေထုဖိအားထက် ငယ်သွားတယ်။ ဒါကြောင့် ပိုက်အပြင်ဘက်က ပိုလေးတဲ့လေထုဖိအားကြောင့် ပိုက်အတွင်းပိုင်းမှာရှိနေတဲ့ အချိုရည်တွေဟာလည်း အထက်ကို တက်လာတော့တာပေါ့ဗျာ။ ကျွန်တော်တို့ကသာ မရပ်တမ်း စုပ်ယူနေမယ်ဆိုရင် လေပြန်ဝင်ချိန်မရတဲ့အတွက် အချိုရည်တွေဟာလည်း ပါးစပ်ထဲကို အဆက်မပြတ် စီးဝင်နေပါလိမ့်မယ်။

Reference:  The Physics of Straws

Share

Loading Next Article...
က္က