တစ်ချို့လူတွေဟာ စာကျက်မြန်ကြပါတယ်။ စာကျက်နိုင်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ကိုကြည့်လိုက်ရင်လည်း ပင်ပင်ပန်းပန်း သိပ်မရှိကြပါဘူး။ ညဏ်ကောင်းတယ်လို့ သူတို့ကို သင့်ဘက်ကလွယ်လွယ်ကူကူ မှတ်ချက်ချလိုက်ပေမယ့် သတိထားကြည့်ရင် သူတို့မှာ သူများထက်သာတဲ့ စာကျက်ပုံတွေ ရှိတာကို တွေ့ရမှာပါ။ ရတဲ့အချိန်ခြင်းတူပေမယ့် သူတို့ဟာ ပိုပြီးထိရောက်တဲ့ ဖတ်ပုံမှတ်ပုံရှိတာကြောင့် သူများထက်သာတာကို တွေ့ရမှာပါ။
၁ - ဘာလဲ ဆိုတာထက် ဘာကြောင့်လဲ
တစ်ခုခုကို မှတ်သားမယ်၊ ချည်းကပ်လေ့လာမယ်ဆိုရင် ဘာလဲဆိုတဲ့ မေးခွန်းထက် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးရမှာ ဖြစ်ပါတယ်။ ဥပမာ - စာပိုဒ်တစ်ပိုဒ်ကို ကျက်တဲ့အခါ ဘာအကြောင်းလဲ၊ ဘာတွေ ရေးထားတာလဲ ဆိုတာထက် စာပိုဒ်ထဲက အဖြစ်အပျက်ဟာ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ မေးခွန်းကို မေးသင့်ပါတယ်။ ဒီအခါ သင်မှတ်သားရမယ့် အပိုင်းအစဟာ ဦးနှောက်ထဲမှာ တစ်စည်းတစ်လုံးနဲ့ရှိပြီး အလွယ်တကူ မှတ်မိသွားပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မှတ်ထားလိုက်တဲ့အခါ ဘယ်သူတွေပါတယ်၊ ဘယ်လိုတွေဖြစ်တယ်ဆိုတာက တစ်ခါတည်း ကပ်ပြီးပါလာမှာ ဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - လီကွမ်ယု Business-planing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသားတွေကို ဖိတ်ခေါ်ထား)
၂ - ကိုယ့်ကိုယ်ကိုယ် ရှင်းပြ
ကိုသိသွားပြီလို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပြန်ရှင်းပြတာမျိုးကလည်း သင့်မှတ်မိမှုကို ခိုင်မာစေပါတယ်။ ဒါပေမယ့် စာကျက်နေတုန်းမှာပဲ လုပ်ရမှာဖြစ်ပါတယ်။ အချိန်တွေအတော်ကြာမှာ ပြန်လုပ်တာဟာ မေ့တော့မယ်ဟာကို ပြန်အစဖော်ဖို့ ကြိုးစားရသလို ဖြစ်နေပါလိမ့်မယ်။ စာတစ်ပုဒ်ကို ရပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် အခြားလူတစ်ယောက်လို သဘောထားကာ ပြန်ရှင်းပြတာမျိုး ဖြစ်ပါတယ်။
၃ - အနှစ်ချုပ်
ကိုယ်ကျက်ထားတာ၊ကိုယ်မှတ်ထားတာကို ပြန်အနှစ်ချုပ်တာဟာ ကျောင်းသားတွေအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် ရေးဖြေဖြေရမယ်ဆို သိသိသာသာကို အကျိုးရှိပါတယ်။ စာကြောင်းအနည်းငယ်နဲ့ အနှစ်ချုပ်ရေးသားမယ်ဆိုရင်ပဲ အဆင်ပြေပါတယ်။ တချို့ကတော့ ဒီလိုအနှစ်ချုပ်တာဟာ တခြားနည်းလမ်းတွေနဲ့ ယှဉ်ရင် သိပ်မထိရောက်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် ပြန်ဖတ်တာတို့၊ လိုင်းတားမှတ်တာတို့ထက် ယှဉ်ရင် အနှစ်ချုပ်တာက ပိုထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
၄ - လိုင်းတားခြင်း
ကျောင်းသားတွေအသုံးအများဆုံးနည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းက အသုံးမဝင်ဘူးလို့ သုတေသနတော်တော်များများက ဆိုပါတယ်။ အကြောင်းကတော့ ကျောင်းသားတွေဟာ လိုင်းတားရုံပဲ တားနေကြလို့ ဖြစ်ပါတယ်။ လိုင်းတားလိုက်ရုံနဲ့ပဲ ဒီစကားလုံး၊ ဒီစာကြောင်းတွေကို မှတ်လိုက်ပြီလို့ ထင်သွားတတ်ကြတာပါ။ ဒီလို လိုင်းတားမှတ်ဖို့ အားထုတ်မှု ကြီးကြီးမားမား မပေးရတာကြောင့်လည်း ပါပါတယ်။ လိုင်းတားခြင်းကို အခြားနည်းလမ်းတွေနဲ့ ပူးတွဲအသုံးပြုမှ ထိရောက်ပါတယ်။ လိုင်းတားထားမယ်၊ တစ်ယောက်တည်းပြန်လေ့ကျင့်တဲ့အခါ မှတ်စုအဖြစ် ပြန်ထုတ်မယ်၊ အနှစ်ချုပ်မယ်ဆိုတာမျိုးတွေကို ပူးတွဲလုပ်ဆောင်သင့်တာ ဖြစ်ပါတယ်။
၅ - ဖြေကြည့်ခြင်း
အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အစမ်းဖြေကြည့်တာ ဖြစ်ပါတယ်။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပါပဲ။ အလွတ်ရေးကြည့်တာ၊ အလွတ်ဖြေကြည့်တာတွေဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရ ထားတာတွေကို ပိုမှတ်မိရုံတင်မကဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ရှိစေပါတယ်။ ကိုယ့်အခြေအနေကိုလည်း ထင်ထင်ရှားရှား သိရပါတယ်။သတိထားရမှာ တကယ့်စာမေးပွဲကြီးလို ကိုယ့်ကိုယ်ကိုယ် စစ်နေစရာ မလိုပါဘူး။ အလွတ်ဖြေကြည့်၊ ရေးကြည့်ရင်ပဲ အဆင်ပြေပါတယ်။
Photos & Source: Big Think