စာအုပ်ပေါင်း ၅၀ ခန့်ရေးသားခဲ့ပြီးပါပြီ။

ဒုတိယကမ္ဘာစစ်မဖြစ်ခင် နှစ် ၂၀ ခန့်က လူဖြစ်လာခဲ့တဲ့ ဗီယက်နမ်မှ စာသင်ကြားခွင့်မရခဲ့သူ အဘွားအိုတစ်ဦးဟာ ယနေ့ခေတ်ပေါ်နည်းပညာအသုံးအဆောင်များကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်ရုံသာမက ပညာရပ်သစ်များကို အားသွန်ခွန်စိုက် လေ့လာနေတာ ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။

ပန်းချီအမြဲဆွဲလေ့ရှိပါတယ်။



"လောကမှာ ကျွန်မ မသိတာ ဆယ်ခုရှိနေတယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ် တတ်နိုင်သလောက် သင်သွားချင်တယ်" လို့ပြောလာသူကတော့ ဒီနေ့အသက် ၉၇ နှစ် အရွယ်ရောက်နေပြီ ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံသူ အဘွားလီထင်းဟာ ၂၀၀၇ ခုနှစ်မှာ ကွန်ပျူတာပညာရပ်ကို စတင်လေ့လာခဲ့ပါတယ်။

ကွန်ပျူတာကို လေ့လာရခြင်းအကြောင်းကလည်း သူမရဲ့ ဘဝဇာတ်ကြောင်းဖြစ်တဲ့ စာမျက်နှာ ၆၀၀ ရှိတဲ့ Upstream ဆိုတဲ့ စာအုပ်ကို ရေးသားဖို့ဘောပင်နဲ့စာရွက် ကိုင်ဖို့ခက်ခဲလာလို့ဖြစ်ပါတယ်။ စာရေးဖို့ဘောပင်ကိုင်လိုက်တိုင်း အသက်အရွယ် ကြီးရင့်မှုကြောင့် လက်တုန်လာသလို စာလုံးတွေကိုတောင် ပြတ်ပြတ်ထင်ထင် သိပ်မမြင်တော့ဘူးလို့အဘွားက ဇာတ်ကြောင်း ပြန်ပြောပါတယ်။



နောက်ပိုင်းမှာ သူမရဲ့ မြေးတွေကနေ လက်ပ်တော့ ဝယ်ပေးပြီး စာရိုက်နည်းကို သင်ပေးလိုက်ပါတယ်။ ကွန်ပျူတာသင်ပြီး သုံးနှစ်အကြာ ၂၀၁၀ မှာတော့ စာမျက်နှာပေါင်း ၆၀၀ အထိ ရှိတဲ့ သူမရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ Upstream ရေဆန် ဆိုတဲ့ စာအုပ်ကို ဖြန့်ချိနိုင်ခဲ့ပါတယ်။

ဒီစာအုပ်ကို ရေးစဉ်က သူမရဲ့ အသက်ဟာ ၈၇ နှစ် ရှိနေပြီ ဖြစ်သလို မော်စကိုရောက်နေတဲ့ သူမရဲ့ မြေးနဲ့လည်း Skype နဲ့ရိုက်ပြီး အဆက်အသွယ်လုပ်နေခဲ့ပါတယ်။ ဒါတင်မက Google နဲ့Yahoo တို့မှ နေ့စဉ်သတင်းများကိုလည်း ပုံမှန်ကြည့်ပါတယ်။ ဒါ့အပြင် သူမကိုယ်တိုင် ထောင်ထားတဲ့ Facebook ပေ့ချ်ကိုလည်း အကြောင်းအရာသစ်တွေ ပုံမှန်တင်နေသူ ဖြစ်ပါတယ်။

လီထင်းရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ



ဗီယက်နမ်ရဲ့ အင်တာနက်အကျွမ်းဆုံး သက်ကြီးအဘွားအိုတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ လီထင်းရဲ့ ဘဝနဲ့ပညာလိုလားတဲ့ စိတ်ဓါတ်ကတော့ အတုယူအားကျဖွယ် ကောင်းပါတယ်။ အသက်ကြီးရင့်မှုကြောင့် ပါးစပ်ထဲက သွားအကုန်လုံးနီးပါး ဆုံးရှုံးထားပြီး ဆိုးဆိုးဝါးဝါး ခါးကိုင်းတဲ့ ပြဿနာရှိထားတာကြောင့် အိပ်ရာထဲ လဲနေရတာ များပေမယ့် သူမရဲ့ သိချင်တတ်ချင်စိတ်ကတော့ ကမ္ဘာတစ်ခွင်ကို ဖြန့်ကျက်ထားပါတယ်။

"ကျွန်မအသက်က ၁၀၀ နီးပါး ရှိနေပြီ ဆိုပေမယ့် စိတ်ဓါတ်ကတော့ အသက် ၂၀ မှာပဲ ရှိသေးတယ်ရှင့်" လို့ပြောတတ်တဲ့ လီထင်းကို အင်တာနက်သုံးသူ လူငယ်အသိုင်းအဝိုင်းမှ Lady Teen နဲ့Forever Young စတဲ့ နာမည်ပြောင်များ ပေးထားပါတယ်။

 

အဘွားအို လီထိုင်းဟာ ၁၉၂၀ ပြည့်နှစ်မှာ မွေးဖွားခဲ့ပြီး အနှိမ်ခံမိန်းမသားဘဝကို ပယ်ပယ်နယ်နယ်ကြီး ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ယဉ်ကျေးမှုုအရ အမျိုးသမီးများ စာသင်ကြားခွင့်မရှိတဲ့ အချိန်မှာ သူမဟာ စာတတ်ဖို့အတွက် အဖေ့ရဲ့စာအုပ်တွေကို ခိုးပြီး စောင်နဲ့အုပ်ကာ ညဘက်တွေမှာ လေ့လာခဲ့ပါတယ်။

ဒီနည်းနဲ့စာရေးစာဖတ်နည်းများကို သင်ယူခဲ့သလို ပန်းချီရေးဆွဲမှုကိုလည်း လေ့လာခဲ့ပါတယ်။ လီထင်းရဲ့ တော်လှန်တဲ့စိတ်ဓါတ်ကို နိုင်ငံရေးမှာပါ တွေ့မြင်ရမှာပါ။ အကြောင်းကတော့ သူမဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တော်လှန်ရေးနဲ့စစ်အလွန် ဗီယက်နမ်-အမေရိကန်စစ်ပွဲများအတွင်း အမျိုးသား လွတ်မြောက်ရေးအသင်းဖြစ်တဲ့ Viet Minh မှာ ပါဝင်ဆင်နွဲှခဲ့သူ ရဲရဲတောက် တော်လှန်ရေးသမားကြီးလည်း ဖြစ်ပါတယ်။



စစ်အတွင်းမှာ အိမ်ထောင်ဖက်ဖြစ်လာမယ့် သူမယောင်္ကျား ကျောင်းဆရာနဲ့တွေ့ဆုံလက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီး ၁၇ လအကြာ ဗုံးပေါက်ကွဲမှုမှာ ယောင်္ကျားသားဆုံးပါးသွားပြီး သားတစ်ယောက်နဲ့လူ့လောကမှာ ကျန်ရစ်ခဲ့ပေမယ့် ဘဝနဲ့နိုင်ငံရေးကို မငြီးမငြူ ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။

နိုင်ငံ့အရေးကို အလေးအနက် လုပ်နေပြီး နိုင်ငံကို ချစ်တယ်ဆိုတဲ့ သူမဟာ စစ်ကိုတော့ မုန်းတီးသလို ဗီယက်နမ်ကို ကိုယ့်မင်းကိုယ့်ချင်းနဲ့ဖြစ်စေချင်တဲ့ စိတ်တစ်ခုကြောင့်သာ နိုင်ငံရေးမှာပတ်သတ်ခဲ့တာပါ လို့ဖွင့်ဟခဲ့ပါတယ်။

ပန်းချီအနုသုခုမတို့မှာ စိတ်အားထက်သန်လှတဲ့ လီထင်းဟာ လက်ရှိမှာ ပန်းချီကားပေါင်း ၂၀၀၀ ကျော်ရေးဆွဲခဲ့ပြီး  နေ့စဉ်မှတ်တမ်းနဲ့စာအုပ်ပေါင်း ၅၀ ခန့်ရေးသားပြီ ဖြစ်ပါတယ်။ သို့သော်လည်း လီထင်းအနေနဲ့တော်ပါပြီလို့ဘယ်အခါမှ မဆိုပါဘူး။ နောက်ထပ် လှမ်းနေတဲ့ သူမရဲ့ ခြေလှမ်းကျယ်တစ်ရပ်ကတော့ ဘဝတစ်ကွေ့မှာ ဆိုတဲ့ စာအုပ်ကြီးရေးဖို့ပြင်နေတာပါ။



ဒီစာအုပ်ဟာ ခေတ်သစ်ဘဝပေါ် သူမရဲ့အမြင်ကို သုံးသပ်တဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်တစ်နေရာမှာ "ကမ္ဘာကြီးဟာ ရုပ်သာလျှင်ပဓါန ဆိုတဲ့ လောကကြီး ဖြစ်နေပါပြီ။ လူတွေဟာ ငွေကပဲ ပျော်ရွှင်မှု ချမ်းသာသုခကို ဆောင်ကြဉ်းပေးမယ်လို့ထင်နေပါတယ်။ ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းဆိုတာ လွတ်လပ်ခြင်း ၊ အသိပညာနဲ့သိပ္ပံပညာပါပဲလေ" လို့သုံးသပ်ထားတာ တွေ့ရမှာပါ။

ယဉ်ကျေးမှုအရ အကိုဖြစ်သူအနားတောင် မတ်တပ်ရပ်ခွင့် မရှိခဲ့သလို ပညာသင်ကြားခွင့် ပိတ်ပင်တားမြစ်ခံရတဲ့ အနှိမ်ခံ မိန်းမသားဘဝမှသည် ခေတ်မီနည်းပညာများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ကမ္ဘာလောကကြီးကို နားဆင်နေတဲ့ လီထင်းဟာ ကမ္ဘာမြေအတွက် လှပတဲ့ ဆေးရောင်စုံရှုခင်းများကို ရေးဆွဲရင်း ၊ အကျိုးရှိစာအုပ်စာပေများ ရေးသားရင်း ဘဝရဲ့ ဆည်းဆာချိန်ကို အတင့်တယ်ဆုံး ဖြတ်သန်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က