အလုပ်လုပ်ရင်း ကျောင်းတက်တို့၊ အလုပ်လုပ်ရင်း လေ့လာပါ့လားတို့ဆိုတာ ပြောတော့သာ လွယ်ပါတယ်။ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ တကယ်လုပ်နေသူတွေ သိပါတယ်။ အထူးသဖြင့် ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုယ်လေ့လာနေတဲ့ ပညာဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဆိုရင်တော့ အများကြီးပိုပင်ပန်းရပါတယ်။ ကြိုးစားနေသူသင့်အတွက် ဆက်မလေ့လာဖြစ်ဘဲ ကျရှုံးသွားရတဲ့အချက်တွေကို ရှောင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
၁ - မသင့်လျော်တဲ့ စနစ်
သင်တန်းပြီးလို့ အိမ်ပြန်ရောက်တာနဲ့ တစ်နေ့နှစ်နာရီလုပ်မယ် ဒါမှမဟုတ် ရုံးကအပြန် နှစ်နာရီလုပ်မယ်လို့ အစီစဉ်ချပါတယ်။ ဒါပေမယ့် သောကြာညနေ ရုံးဆင်းဆို သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်တတ်ပါတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူးမှာ အလုပ်တွေ မပြတ်တာရှိပါတယ်။ စတဲ့ အချက်တွေကို ထည့်မတွက်ဘဲ အလွယ်တကူ တစ်နေ့နှစ်နာရီလုပ်မယ်လို့ စီမံကိန်းဆွဲလိုက်တာပါ။ ဒါပေမယ့် မလုပ်ဖြစ်ဘဲ ပျက်တာတွေများလာတာဟာ လုံးဝမလုပ်တော့ဘဲ ရပ်သွားတဲ့အထိပါပဲ။ အစကတည်းက ကိုယ်နဲ့သင့်လျော်တဲ့ စနစ်ဇယားမျိုးရှိသင့်တာပါ။ လုပ်နိုင်သလောက်ပဲ လုပ်သင့်တာပါ။ နောက်ပိုင်းမှ သင်နိုင်သလောက် နာရီတွေ၊အချိန်တွေကို တိုးတိုးပြီး လေ့လာသွားရမှာ။
(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - နောင်တစ်ချိန်မှာ အောင်မြင်မယ့် လက္ခဏာတွေ သင့်မှာရှိနေလား)
၂ - အတက်အကျ
စိတ်အားတွေလည်းတက်၊ လူကလည်း လန်းလန်းဆန်းဆန်း ရှိနေချိန်မှာ ခေါင်းမွှေးကျွတ်မတတ် လေ့လာပါတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာတော့ လုံးဝကိုလှည့်မကြည့်ဘဲ ပစ်ထားလိုက်ပါတယ်။ ဒါဟာ မှားယွင်းတဲ့လေ့လာမှုပုံစံဖြစ်ပါတယ်။ မနေ့က လုပ်တဲ့အားကို ဒီနေ့မီအောင်မလုပ်နိုင်ဘူးဆိုပြီး စိတ်ဓာတ်တွေကျတတ်ပါတယ်။ မနေ့က အများကြီးလုပ်ထားတာပဲ ဒီနေ့မလုပ်တော့ဘူးဆိုတဲ့ နေ့တွေက ပိုများလာပါတယ်။ အမှန်တကယ်က နေ့စဉ်သင်နိုင်သလောက်ပဲ ပုံမှန်လုပ်သွားရမှာပါ။ နာရီဝက်နိုင်ရင် နာရီဝက်ပဲ လုပ်ပါ။ ၁၅ မိနစ်နိုင်ရင် ၁၅ မိနစ်ပဲ လုပ်ပါ။ ရေရှည်လုပ်နိုင်သူက တတ်မြောက်မှုမှာ ပိုသိသာပါတယ်။
၃ - ပြန်မတက်နိုင်ဘူး
အရှိန်ပျက်ပြီး လမ်းကြောင်းလွဲသွားရင် တော်တော်နဲ့ပုံမှန်ပြန်မလုပ်နိုင်တော့တာပါ။ နေ့စဉ်ပုံမှန်လုပ်နေရာကနေ အများဆုံးတစ်ရက် နှစ်ရက်ထက် ပိုမပျက်သင့်ပါဘူး။ အလုပ်နဲ့ ပညာရေးကို မျှတမှုရှိအောင် ဖန်တီးထားသင့်ပါတယ်။ လက်ရှိအခြေအနေထက် ရေရှည်ကို တွက်ဆရမှာ ဖြစ်ပါတယ်။
၄ - ပညာရပ်သက်သက်
လက်တွေ့မကျဘဲ ပညာရပ်ဆန်လွန်းတာဖြစ်ပါတယ်။ သင်လေ့လာနေတဲ့ပညာဟာ လက်တွေ့ပါမှ တကယ်တတ်မြောက်မှာ သေချာတယ်ဆိုရင် သင်တန်းအပ်ကတည်းက သေချာလေ့လာဖို့ လိုပါတယ်။ လက်တွေ့မရှိတာကြောင့် အချိန်တွေကုန်၊လူပန်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။
Photos & Source: Gear Fire