မှတ်စု လိုက်မှတ်ရတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ မြန်မြန်နဲ့ ထိရောက်အောင် လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။ မှတ်စုထုတ်ရာမှာ အားလုံးပါစရာမလိုပါဘူး။ အရေးကြီးဆုံးအရာတွေကိုပဲ ထည့်သွင်းရမှာပါ။ အဓိကပွိုင့်တွေကို အရင်မှတ်ပြီး စာပြန်ကျက်တဲ့အခါ အဆိုပါပွိုင့်တွေကနေတစ်ဆင့် ဖြန့်ကျက်ပြီး ဖတ်မှတ်သွားရမှာဖြစ်ပါတယ်။
၁ - ဘာရေးချမလဲ
မှတ်စုလိုက်မှတ်တဲ့အခါ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က သင့်အတွက်အသစ်ဖြစ်လားဆိုတာပါ။ သိပြီးသားဆိုရင်တော့ ရေးနေစရာအကြောင်းမရှိပါဘူး။ မှတ်စုမှတ်တာဟာ သင်ရေးနိုင်သမျှကို လိုက်ရေးဖို့ မဟုတ်ဘဲ၊ မရေးလို့ရသမျှကို မရေးဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဘယ်လောက်သက်ဆိုင်သလဲပါ။ နောက်ပိုင်းပြန်ကျက်မှတ်တာတွေ လုပ်တဲ့အခါ ဘယ်လောက်အသုံးဝင်မှု ရှိလာမလဲဆိုတာကို ကြည့်တာဖြစ်ပါတယ်။ တကယ်တိုက်ရိုက်အသုံးဝင်နိုင်ဆုံးကိုပဲ ချမှတ်ရမှာ ဖြစ်ပါတယ်။
၂ - ဂရုစိုက်ရမယ့်အချက်တွေ
နေ့စွဲ - ဘယ်နေ့ဘယ်ရက်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာမျိုးပါ။ နေ့ရက်တွေကို မှတ်သားတာပါ။
နာမည် - နာမည်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ နာမည်ကို မှတ်ထားလိုက်တဲ့အခါ အဆိုပါနာမည်နဲပတ်သက်တဲ့အကြောင်းအရာတွေကိုပါ နောက်ပိုင်းမှာပြန်ဖော်နိုင်ပါတယ်။
ဖွင့်ဆိုချက် - အတိုချုံးဖွင့်ဆိုချက်တွေကိုလည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။ definition မှတ်တာမျိုးကို ဆိုလိုပါတယ်။
အကျိုးအပြစ် - ပြသနာတစ်ခုရဲ့ အကျိုးအပြစ်ကို မှတ်ထားလိုက်တဲ့အခါ အဆိုပါဖြစ်ရပ်အားလုံးကို ယေဘုယျခြုံငုံမှတ်မိသွားပါတယ်။
ဆရာရေးတာ - ဆရာချရေးတဲ့ စကားလုံးလေးတွေကို လိုက်မှတ်လို့ရပါတယ်။ သင်သိပြီးသား မဟုတ်သေးဘူးဆိုရင် မှတ်ရမှာပါ။
အခြားလူတွေရဲ့ မှတ်ချက် - အတန်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မှတ်ချက်တွေကို သဘောကျတယ်၊ အတွေးပွားစေတယ်ဆိုရင်လည်း ချမှတ်ထားသင့်ပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့်သတင်း -အရှုံးကြီးရှုံးခဲ့ဖူးတဲ့ အောင်မြင်သူ (၅) ဦး )
၃ - အစဉ်လိုက်ရေးချ
ခေါင်းဆောင်တစ်ယောက်အကြောင်းမှတ်စုမှတ်မယ်ဆိုရင် သူ့နာမည်ကို အရင်ရေးလိုက်ပါ။ ပြီးမှ အဆိုပါ နာမည်အောက်က သူ့ရဲ့အဓိကအဖြစ်အပျက်တွေကို အစဉ်လိုက်ချရေးလိုက်ပါ။ နံပါတ်စဉ်တပ်တာ၊ ရှေ့မှာ အစက်လေးချတာမျိုးလည်း လုပ်သင့်ပါတယ်။ အဆိုပါနည်းဟာ စာအုပ်တစ်အုပ်ကနေ မှတ်စုထုတ်ဖို့ အကောင်းဆုံးနည်းပါ။ သုတစာအုပ်တွေဟာ အကြောင်းအရာတွေကို အစီစဉ်တကျ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဆရာနဲ့ စာသင်နေတယ်ဆိုရင်တော့ သူတို့ဟာ အိုင်ဒီယာတစ်ခုကိုပဲ ဥပမာအမျိုးမျိုး၊ ပြောပုံအမျိုးမျိုးနဲ့ သင့်ခေါင်းထဲရောက်အောင် ထည့်ပေးနေတာပါ။ အဆင့် ၁ နဲ့ အဆင့် ၂ က နည်းတွေအတိုင်း မှတ်စုလိုက်မှတ်သင့်ပါတယ်။