ဘဝမှာ ရပ်တည်ဖို့ရာအတွက် career ရွေးကြတဲ့အခါမှာ မှန်ကန်ပြီး အကျိုးရှိစေဖို့က သိပ်ကိုအရေးကြီးပါတယ်။ ကိုယ့်အနေနဲ့ ပထမဆုံးအကြိမ်ရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အရင်ရွေးချယ်ပြီးသားတစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲရွေးချယ်တဲ့အခါမှာပဲဖြစ်ဖြစ် ဘယ်လိုရွေးချယ်ရမလဲ၊ ဒါမှမဟုတ် ပေါ်လာတဲ့ အခွင့်အရေးတွေကရော ကိုယ့်ဘဝ career အတွက် ရွေးချယ်လို့ မှန်နိုင်ပါ့မလားစသဖြင့် အခက်အခဲတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် career ရွေချယ်ကြတဲ့အခါ စဉ်းစားဆုံးဖြတ်ရမယ့် အချက်အလက်ပေါင်းများစွာရှိတဲ့ထဲမှ အရေးကြီးဆုံးအချက် (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်ဘာကို စိတ်ဝင်စားလဲ အရင်ကြည့်ပါ
Career မရွေးခင်မှာ ကိုယ်လုပ်လိုတဲ့၊ တစ်နည်းအားဖြင့် ကိုယ်စိတ်ဝင်စားတဲ့အရာအားလုံးကို စစ်တမ်းကောက် ကြည့်ပါ။ ကိုယ်လုပ်လို့ အဆင်ပြေသင့်လျော်မယ့်အရာအားလုံးကို ရွေးချယ်ပြီး အရင်က ကိုယ်လုပ်ခဲ့ဖူးတဲ့အရာ တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ career အသစ်မှာ အသုံးပြုနိုင်မယ့် ကျွမ်းကျင်မှုတွေကို စစ်တမ်းထုတ်ရွေးချယ်နိုင်ဖို့ရာအတွက် ဖြစ်ပါတယ်။
၂။ ဘယ်အရာတွေမှာ ဘယ်လောက်ထိ ကျွမ်းကျင်မှုရှိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ
လူတိုင်းမှာ ကိုယ့် career နဲ့ပတ်သက်ပြီး တစ်ထောင့်တစ်နေရာမှာ အသုံးချလို့ရတဲ့ စွမ်းရည်တချို့ ရှိပြီးသားပါ။ များသောအားဖြင့် ဒီလိုစွမ်းရည်မျိုးတွေဟာ ကလေးဘဝကတည်းက ဖြစ်တည်နေပြီးသားဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကြားအမြင်ဗဟုတတွေနဲ့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေထဲကနေ သင်ယူခဲ့ပြီးသာ ကျွမ်းကျင်မှု (သို့) စွမ်းရည်တွေဖြစ်ကြပါတယ်။ တချို့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေကိုတော့ ကိုယ်လျှောက်မယ့်လမ်းအတွက် မလိုအပ်ရင် ဖယ်ထားခဲ့ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
၃။ အလုပ်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့သဘောထားကိုပြန်ဆန်းစစ်ပါ
အလုပ်နဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ သဘောထားအမြင်ရှိနေမယ်ဆိုရင် အကျိုးရလဒ်လည်း ကောင်းလာနိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ သဘောထားအမြင်ရှိခြင်းက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချနိုင်တဲ့အပြင် ကိုယ့်တာဝန်နဲ့ပတ်သက်ပြီးလည်း ကိုယ်တိုင်မြှင့်တင်နိုင်စွမ်းရှိစေပါတယ်။
၄။ လိုအပ်တဲ့ လေ့ကျင့်ရေးနဲ့ ပညာရေးကို သေချာသုံးသပ်ပါ
ကိုယ်ရွေးလိုက်တဲ့ career နယ်ပယ်မှာ အောင်မြင်အောင်လုပ်နိုင်ဖို့ဆိုတာ ကိုယ်လုပ်မယ့် အလုပ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ လေ့ကျင့်မှုတွေနဲ့ ပညာအရည်အချင်း (သို့) အတွေ့အကြုံတချို့လည်း အထိုက်အလျောက်တော့ ရှိထားသင့်ပါတယ်။
၅။ ရှားပါးတဲ့အလုပ်မျိုး ဖြစ်မနေအောင်လည်း သေချာဆန်းစစ်ပါ
Career ရွေးချယ်ကြတဲ့အခါ ကိုယ်ရွေချယ်လိုက်တဲ့အလုပ်ဟာ ရှားပါးအလုပ်စာရင်းဝင်မနေဖို့ အရေးကြီးပါတယ်။ ဒီလိုကြည့်တဲ့အခါ ကိုယ့်မြို့ ကိုယ့်ပြည်တင်ပဲ ကြည့်လို့မရပါ။ အဲဒီလိုပဲ ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းတင်လည်း ကြည့်လို့မရပါ။ အခြားမြို့ အခြားတိုင်းပြည်အထိပါ တတ်နိုင်သမျှ ကြည့်သင့်ပါတယ်။ သို့မှသာ နေရာတိုင်းမှာ ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအတွက် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။