ကျွန်တော်တို့နေ့စဉ်လုပ်နေကျ အသေးအဖွဲအရာလေးတွေက ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေမပြေဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။


အိမ်ထောင်သည်တွေမှာလည်း စိတ်ဆိုးစိတ်ကောက်တတ်တာလေးတွေ၊ အဖုအထစ် ပြဿနာလေးတွေနဲ့ ပြဿနာပြေလည်ခါစမှာ ရရှိတဲ့ကြည်နူးပျော်ရွှင်မှုလေးတွေ ရှိတတ်ကြပါတယ်။ အခက်အခဲတွေကို တူတူဖြေရှင်းပြီး ဘဝရဲ့မှတ်တိုင်တွေကို အတူတကွစိုက်ထူခွင့်ရကြတာတွေကပဲ နှစ်ယောက်ကြားသံယောဇဉ်ကို ပိုမိုခိုင်မြဲစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နေ့စဉ်လုပ်နေကျ အသေးအဖွဲအရာလေးတွေက ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေမပြေဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ နောက်ပြီး အဲဒါကပဲ ပိုမိုကြီးမားတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့စွမ်းအားကိုပေးစွမ်းနိုင်ပါတယ်။  

Roni Beth Tower (PhD, ABPP) ကလည်း ကျွန်တော်တို့ရဲ့လက်တွဲဖော်အပေါ်ချစ်မြတ်နိုးမှုကို နိစ္စဓူဝလုပ်နေကျအပြုအမူလေးတွေနဲ့ပဲ ဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ နှစ်ကိုယ်ကြားအမှတ်ရစရာအဖြစ်အပျက်လေးတွေကို ဖန်တီးပေးတာပါပဲ လို့ ဆိုထားပါတယ်။ ခင်ဗျားလက်တွဲဖော်ရဲ့ကားကို သူမတောင်းဆိုရဘဲ ရေဆေးပေးတာတို့၊ သူတို့မနက်အိပ်ယာနိုးချိန်မှာ မနက်စာအသင့်ပြင်ပေးထားပြီး surprise လုပ်တာတို့လို အသေးအဖွဲအပြုအမူလေးတွေက ခင်ဗျားရဲ့လက်တွဲဖော်အပေါ်ချစ်မြတ်နိုးမှု နဲ့ဂရုစိုက်မှုကို ပြသနေပါတယ်လို့လည်း Tower က Psychology Today မဂ္ဂဇင်းမှာ ပြောကြားထားပါတယ်။ သူမက သူမခွဲစိတ်မှုတစ်ခုပြီးသွားတိုင်း သူမရဲ့ခင်ပွန်းက သူမကို surprise လုပ်လေ့ရှိပုံကို မျှဝေပြောကြားထားပါတယ်။ “သူ့ရဲ့မမျှော်လင့်တဲ့အပြုအမူလေးတွေက ကျွန်မကို ပျော်ရွှင်ဝမ်းမြောက်မှုတွေ၊ ပီတိတွေနဲ့ ကျန်နေခဲ့စေပါတယ်” လို့ သူမကရေးသားထားပါတယ်။

အကောင်းဆုံး surprise တွေက ကိုယ်ချစ်ရတဲ့သူ ဘာတွေကြိုက်တတ်တယ်ဆိုတာကို ကိုယ်ဘယ်လောက်သိလဲဆိုတာပေါ်လည်း မှီတည်နေပါတယ်။ အကောင်းဆုံး surprise တွေက ကိုယ်ချစ်ရတဲ့သူကို စိတ်လှုပ်ရှားပျော်ရွှင်အောင် လုပ်နိုင်တဲ့အရာတွေ (တနည်းအားဖြင့် သူတို့နှစ်သက်တဲ့ အရာလေးတွေ၊ သူတို့ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အရာလေးတွေ) ကိုလုပ်ပေးခြင်းနဲ့ သက်ဆိုင်ပါတယ်။

Tower က ခင်ဗျားရဲ့လက်တွဲဖော်ကို surprise လုပ်ပေးဖို့ အကောင်းဆုံးနည်းလမ်းတွေကို စာရင်းပြုစုပေးထားပြီး ကျွန်တော်တို့က အကောင်းဆုံးအချက် (၃) ချက်ကို ထပ်မံထုတ်နှုတ်ပေးထားပါတယ်။

 

အကူအညီပေးခြင်း

အသေးငယ်ဆုံးအမူအကျင့်လေးတွေမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ခင်ဗျားရဲ့ခင်ပွန်း (သို့မဟုတ်) ဇနီး အလုပ်များနေတာပဲဖြစ်ဖြစ်၊ အလုပ်တွေများလွန်းလို့ ပင်ပန်းနေတာပဲ ဖြစ်ဖြစ် သူတို့အလုပ်ထဲက ကိုယ်ကူညီပေးနိုင်တာလေးတွေကို သူတို့မမေးခင်ကူညီလုပ်ဆောင်ပေးလိုက်ပါ။ သူတို့က စိတ်ဖိစီးမှုတွေလျော့ပါးသွားတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါလိမ့်မယ်။ နောက်ပြီး နှစ်ယောက်အတူတကွ ရှိနေနိုင်မယ့်အချိန်လေးတွေ ပိုရလာနိုင်တဲ့အတွက် ချစ်ခင်မြတ်နိုးမှု တွေ တိုးပွားလာစေမှာတော့ အသေအချာပါပဲ။ 

 

အလှတရားတွေကိုဆောင်ကျဉ်းပေးခြင်း

အသေးစိတ်လေးတွေကအစ ဂရုတစိုက်ရှိခြင်းက ခင်ဗျားတို့နှစ်ယောက်ကြားက ပတ်ဝန်းကျင်ကိုကော ခင်ဗျားတို့နှစ်ယောက်ရဲ့စိတ်အခြေအနေကိုပါ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ ဘာအကြောင်းထူးမှမရှိဘဲ အိမ်ကိုပန်းစည်းတွေယူလာတာတို့၊ ညစာ စားပွဲဝိုင်းကိုပြင်ဆင်ရာမှာ ပိုမိုသပ်ရပ်လှပအောင်အားထုတ်ပြင်ဆင်တာတို့၊ နောက်ပြီး ခင်ဗျားတို့နှစ်ယောက်အတူတကွ နေထိုင်တဲ့နေရာလေးကို လေးစားသမှုရှိကြောင်း ပြသတာတို့လိုမျိုးက သူတို့ရဲ့ ခင်ဗျားအပေါ်ထားတဲ့အမြင်ကို ပိုမိုကောင်းမွန်စေပါတယ်။

 

နွေးထွေးလုံခြုံမှုပေးခြင်း

ခင်ဗျားရဲ့လက်တွဲဖော်ကို ဂရုစိုက်ခြင်းနဲ့ နွေးထွေးလုံခြုံမှုပေးခြင်းက ဆိုးရွားတဲ့နေ့တစ်နေ့ကိုတောင် ချစ်စရာကောင်းတဲ့နေ့လေးတစ်နေ့အဖြစ် ပြောင်းလဲသွားစေနိုင် ပါတယ်။ အလုပ်ရှုပ်တဲ့နေ့တစ်နေ့မှာ လက်ဖက်ရည်တစ်ခွက်ဖျော်ပေးတာတို့၊ သူတို့ချမ်းနေတယ်လို့ ခင်ဗျားယူဆရချိန်မျိုးတွေမှာ စောင်တစ်ထည်ယူလာပြီး ခြုံပေးတာတို့က သူတို့ရဲ့ပျော်ရွှင်မှုဟာ ခင်ဗျားအတွက် ဦးစားပေးလုပ်ဆောင်မှုတစ်ခု ဆိုတာကိုဖော်ပြနေပါတယ်။ အဲဒါဟာ စကားတစ်လုံးမှ ပြောစရာမလိုဘဲ သူတို့ကိုချစ်တယ်လို့ ပြောပြနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။





Source: mydomaine

Share

Loading Next Article...
က္က