Pirates of The Caribbean ရုပ်ရှင်ဇာတ်လမ်းတွေဟာ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂျော်နီ ဒိပ် သရုပ်ဆောင်တဲ့ ကပ္ပတိန် ဂျက်စပဲရိုးလ် (Jack Sparrow) အဓိကနေရာကပါဝင်တဲ့ ပင်လယ်ဓားပြရုပ်ရှင်ဇာတ်ကား တွဲဖြစ်ပါတယ်။ အခုနောက်ဆုံးရုံတင်ပြသနေတဲ့ Dead Men Tell No Tales ပါ ပါရင် Pirates of The Caribbean ရုပ်ရှင်ဇာတ်ကားတွေဟာ စုစုပေါင်း (၅) ကားရှိသွားပြီဖြစ်ပါတယ်။ Pirates of The Caribbean ရုပ်ရှင်ကားတွေမှာ ပင်လယ်ဓားပြတွေရဲ့ဘဝကိုသရုပ်ဖော်ထားတာဖြစ်တဲ့အတွက် ပင်လယ်ဓားပြတွေရဲ့အသက်လိုဖြစ်တဲ့ ပင်လယ်ဓားပြသင်္ဘောကြီးတွေဟာလည်း အဓိကနေရာကပါဝင်နေပါတယ်။ အခု Pirates of The Caribbean ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ ပင်လယ်ဓားပြသင်္ဘောကြီးတွေအကြောင်း မျှဝေပေးလိုက်ပါတယ်နော်။
Queen Anne's Revenge
Queen Anne's Revenge သင်္ဘောဟာ ကမ္ဘာကျော်ပင်လယ်ဓားပြကြီး Blackbeard ရဲ့ သဘောၤဖြစ်ပါတယ်။ အမည်ရင်း အက်ဒွပ် တိချ် (Edward Teach) တဖြစ်လဲ ဓားပြဗိုလ် Blackbeard ဟာ ပြင်သစ်ကျွန်သင်္ဘောတစ်စီးဖြစ်တဲ့ Lac Concorde ကို ဖမ်းဆီးခဲ့ပြီး Queen Anne's Revenge လို့နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ မူလက အမြောက် (၁၄) လက်ပဲ ပါတဲ့သဘောၤာကို နောက်ထပ် အမြောက် (၂၆) လက်ထပ်တိုးပြီး အင်အားတိုးချဲ့ခဲ့ပါသေးတယ်။ Pirates of The Caribbean ဇာတ်ကားတွေထဲမှာတော့ Queen Anne's Revenge ကို ဓားပြဗိုလ်ကြီး Blackbeard က (Fountain of Youth) ထာဝရနုပျိုဆေးကိုရှာဖွေရာမှာ သုံးစွဲခဲ့ပါတယ်။ Queen Anne's Revenge သင်္ဘောရဲ့ သင်္ဘောသားတွေကတော့ zombie (ဖုတ်ကောင်) တွေနဲ့ လူသားတွေ ရောနှောနေပါတယ်။ သင်္ဘောသားတွေတစ်ယောက်မှမရှိရင်တောင် Blackbeard ဟာ Queen Anne's Revenge ကို သူ့ရဲ့ Sword of Triton ဆိုတဲ့ ဓားကြီးနဲ့ ထိန်းချုပ်နိုင်ပါတယ်။ Pirates of the Caribbean (On Stranger Tides) ထဲမှာတော့ Blackbeard ကြီးဟာ ကပ္ပတိန် ဘာဘိုဆာ (Barbossa) ရဲ့အဆိပ်လူးဓားချက်ကြောင့်သေဆုံးခဲ့ရပြီးနောက် ကပ္ပတိန် ဘာဘိုဆာဟာ Sword of Triton နဲ့ Queen Anne's Revenge သင်္ဘောရဲ့အရှင်သခင်ဖြစ်လာပါတယ်။ အဲဒီမှာ သိထားသင့်တဲ့အချက်တစ်ခုက Queen Anne's Revenge က ၁၈ ရာစုတုံးက အမှန်တကယ်ရှိခဲ့တဲ့သင်္ဘောတစ်စီးဖြစ်သလို သူ့ရဲ့ကပ္ပတိန် ပင်လယ်ဓားပြဗိုလ် Blackbeard ဟာလည်း အပြင်မှာတကယ်ရှိခဲ့တဲ့ ဓားပြတစ်ယောက်ဖြစ်ပါတယ်။ Queen Anne's Revenge ဟာ မြောက်ကယ်ရိုလိုင်းနား နားက ဘိုးဖော့ ရေလက်ကြား (Beaufort Inlet) နားမှာသောင်တင်ခဲ့ပြီးနောက် Blackbeard ဟာ အဲဒီတုံးက သူ့ရဲ့ဓားပြဂိုဏ်းကိုဖျက်သိမ်းခဲ့ပြီး အလင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး။ ပင်လယ်ဓားပြလောကထဲပြန်ဝင်ခဲ့တဲ့အတွက် တိုက်ပွဲတစ်ခုမှာကျဆုံးသွားခဲ့ပါတယ်။
Black Pearl
Black Pearl သင်္ဘောဟာ Pirate of The Caribbean ဇာတ်ကားတွေထဲမှာပါဝင်တဲ့ စိတ်ကူးယဉ်သင်္ဘောတစ်စီးဖြစ်ပါတယ်။ ကပ္ပတိန် ဂျက်ခ် စပဲရိုးလ် လို့လူသိများတဲ့ Disney ဇာတ်ကောင်ရဲ့သင်္ဘောအဖြစ် လူတွေသိထားကြပါတယ်။ Black Peark သင်္ဘောရဲ့မူလနာမည်ဟာ Wicked Wench ဖြစ်ပြီး အရှေ့အိန္ဒိယကုမ္ပဏီပိုင် ကုန်တင်သင်္ဘောတစ်စီးဖြစ်ပါတယ်။ ဂျက်ခ် စပဲရိုးလ် ဟာလည်း ပင်လယ်ဓားပြမဖြစ်ခင် အရှေ့အိန္ဒိယကုမ္ပဏီရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး Wicked Wench သင်္ဘောရဲ့ ကပ္ပတိန်လည်းဖြစ်ပါတယ်။ ဂျက်ခ်ဟာ အရှေ့အိန္ဒိယကုမ္ပဏီက ဘက်ခ်ကက်ထ် (Beckett) နဲ့ကတောက်ကဆဖြစ်ကြပြီး အမိန့်မနာခံမှုနဲ့ ဂျက်ခ် ကိုကော သူ့ရဲ့သင်္ဘောကိုပါ ရေမြှုပ်သဂြိုဟ်လိုက်ဖို့ ဘက်ခ်ကက်ထ် ကအမိန့်ပေးလိုက်တာကြောင့် ဂျက်ခ်ကော Wicked Wench ပါ ရေထဲနစ်မြုပ်ခဲ့ပါတယ်။ အဲဒီမှာ ဂျက်ခ် က ဒဏ္ဍာရီလာ တစ္ဆေသင်္ဘော Flying Dutchman ရဲ့ကပ္ပတိန် Davy Jones နဲ့အပေးအယူတစ်ခုလုပ်ခဲ့ပြီး တကယ်လို့ ဒေဗီဂျုန်းစ် (Davy Jones) သာ သူနဲ့ သူ့ရဲ့သင်္ဘောကိုကယ်တင်ပေးမယ်ဆိုရင် ဂျုန်းစ်ရဲ့Flying Dutchman သင်္ဘောပေါ်မှာ နှစ်တစ်ရာအမှုထမ်းမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီလိုနဲ့ Black Pearl ဟာ Caribbean ပင်လယ်တဝိုက်မှာသာမက တစ်ကမ္ဘာလုံးမှာပါ အမြန်ဆုံးလို့ဆိုရလောက်တဲ့ သင်္ဘောတစ်စီးဖြစ်လာခဲ့ပါတယ်။ ဘာလို့ အဲဒီလိုပြောရလဲဆိုတော့ Black Pearl ဟာ အရှေ့အိန္ဒိယကုမ္ပဏီမှာအမြန်ဆုံးလို့ လူသိများတဲ့ Interceptor သင်္ဘောနဲ့ ဒဏ္ဍာရီလာ Flying Dutchman သင်္ဘောကိုယ်နှိုက်တောင်မှ လိုက်ဖမ်းလို့ မမီနိုင်လောက်အောင် လျင်မြန်လို့ပါပဲ။ ဂျက်ခ်ရဲ့သင်္ဘောဆိုပေမယ့်လည်း Black Pearl ဟာ ဂျက်ခ်ရဲ့ ပထမအရာရှိဖြစ်ခဲ့ဖူးပေမယ့် ဂျက်ခ် ကို ပုန်ကန်ပြီး သင်္ဘောကိုအပိုင်စီးခဲ့တဲ့ ကပ္ပတိန် ဘာဘိုဆာ (Barbossa) လက်အောက်မှာပဲနေရတာများပါတယ်။ Pirates of the Caribbean ဇာတ်လမ်းထဲမှာလည်း ဂျက်ခ် နဲ့ ဘာဘိုဆာ တို့နှစ်ယောက်ဟာ Black Pearl ကို လုနေကြတာများပါတယ်။ On Stranger tides ဇာတ်ကားထဲမှာတော့ Black Pearl ကို Blackbeard ရဲ့ Queen Anne's Revenge က ဝင်တိုက်ခဲ့ပြီး Blackbeard က Black Pearl ကို သူ့ရဲ့ Sword of Triton ကိုသုံးပြီး ပုလင်းတစ်လုံးထဲမှာ ထည့်သိမ်းထားခဲ့ပါတယ်။ အခုုပြသနေတဲ့ Dead Men tell no tales ထဲမှာတော့ Black Pearl ပြန်ပါလာပါပြီ။ (Spoiler Alert)
Flying Dutchman
Flying Dutchman သင်္ဘောကတော့ သင်္ဘောသားတွေရဲ့ပါးစပ်ရာဇဝင်ထဲမှာပါ နာမည်ကြီးခဲ့တဲ့ တစ္ဆေသင်္ဘောတစ်စီးဖြစ်ပါတယ်။ ၁၇ ရာစု နဲ့ ၁၈ ရာစုသင်္ဘောသားတွေရဲ့ အယူသီးမှုတွေထဲမှာ Flying Dutchman နဲ့ သူ့ရဲ့ကပ္ပတိန် Davy Jones တို့ပါဝင် နေပါတယ်။ သင်္ဘောသားတွေဟာ ပင်လယ်ထဲမှာရွက်လွှင့်နေတုံး Flying Dutchman တစ္ဆေသင်္ဘောကို တွေ့လိုက်ရပြီဆိုရင် ကံဆိုးမိုးမှောင်ကျပြီလို့ ယုံကြည်တတ်ကြပါတယ်။ Davy Jones ဆိုတဲ့နာမည်ဟာလည်း Devil Jonah (သမ္မာကျမ်းစာလာ မကောင်းဆိုးဝါး တမာန်တော် Jonah) တဖြစ်လဲ သင်္ဘောသားတွေအတွက် သေမင်းတမန်လို့ အဓိပ္ပာယ်ရပါတယ်။ သင်္ဘောသားတစ်ယောက် ရေနစ်သေပြီဆိုရင် Davy Jones' Locker (ပင်လယ်ကြမ်းပြင်) ကိုသွားရှာပြီလို့ တင်စားပြောဆိုကြပါတယ်။ Pirates of the Caribbean ထဲမှာတော့ Flying Dutchman ဟာ ပင်လယ်ပြင်မှာသေဆုံးသူတွေရဲ့ဝိဉာဉ်ကို တမလွန်ကိုပို့ပေးတဲ့ ဖယ်ရီသင်္ဘော လုပ်ပေးဖို့ ပင်လယ်နတ်ဘုရားမ Calypso ရဲ့ တာဝန်ပေးခြင်းခံထားရတဲ့ သင်္ဘောတစ်စီး ဖြစ်ပါတယ်။ Golden age of piracy လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပင်လယ်ဓားပြတွေ ပင်လယ် (၇) စင်းပေါ်မှာစိတ်ထင်သလို သွားလာလို့ရတဲ့ ခေတ်မှာဆိုရင် Flying Dutchman သင်္ဘောကို ကုန်တင်သင်္ဘောတွေသာမက ပင်လယ်ဓားပြသင်္ဘောတွေပါ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြပါတယ်။ Flying Dutchman သင်္ဘောရဲ့ ထူးခြားတဲ့အချက်တစ်ချက်ကတော့ သင်္ဘောကိုကမ်းကပ်လို့မရဘဲ သူ့ရဲ့ကပ္ပတိန်ဟာလည်း (၁၀) နှစ်တစ်ကြိမ်သာ ကမ်းဆင်းခွင့်ရတာဖြစ်ပါတယ်။ ပင်လယ်နတ်ဘုရားမ Calypso ရဲ့ချစ်သူဖြစ်တဲ့ Davy Jones ဟာအစပိုင်းမှာတော့ ဝိဉာဉ်တွေကိုတမလွန်ပို့ပေးတဲ့ သင်္ဘောကပ္ပတိန် အဖြစ်တာဝန်ယူခဲ့ပေမယ့် သူကမ်းဆင်းခွင့်ရတဲ့ (၁၀)နှစ်ပြည့်ချိန်မှာ သူ့ရဲ့ချစ်သူုဖြစ်တဲ့ Calypso ကို ဘယ်မှာမှ ရှာလို့မတွေ့ခဲ့တဲ့နောက် သူ့ရဲ့နှလုံးသားကိုခွဲထုတ်ပြီး Davy Jones' Locker ဆိုတဲ့သေတ္တာတစ်လုံးထဲ ထည့်သိမ်းထားလိုက်ပါတော့တယ်တဲ့။ နောက်ပြီး ဝိဉာဉ်တွေကိုတမလွန်ကိုပို့ပေးမယ့်အစား သူ့ရဲ့ Flying Dutchman သင်္ဘောပေါ်မှာပဲ သင်္ဘောသားအဖြစ် အတင်းအကျပ်ခိုင်းစေပါတော့တယ်။ Pirates of the Caribbean (At World's End) ထဲမှာတော့ Davy Jones ရဲ့နှလုံးသား ဓားနဲ့အထိုးခံရပြီး Davy Jones သေဆုံးသွားပြီးနောက်မှာတော့ ဝီလ်တန်နာ (Will Turner) က Flying Dutchman ရဲ့ ကပ္ပတိန်အသစ်ဖြစ်လာခဲ့ပါတယ်။ ထူးခြားတာတစ်ချက်ကတော့ At World's End ရုံတင်ပြသခဲ့တဲ့ ၂၀၀၇ ခုနှစ်တုံးက ဝီလ်တန်နာ ကမ်းဆင်းခွင့်တစ်ကြိမ်ရခဲ့သလို ခု Dead Men tell No tales ရုံတင်ပြသတဲ့ ၂၀၁၇ ခုနှစ်မှာ ဝီလ်တန်နာ နောက်တစ်ကြိမ် ကမ်းဆင်းခွင့်ရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တုံးက ရုံတင်ပြသခဲ့တဲ့ On Stranger tides ထဲမှာလည်း ဝီလ်တန်နာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အော်လန်ဒိုဘလွန်း ပါဝင်ခြင်းမရှိခဲ့ပါဘူး။ တိုက်ဆိုင်တာလား တမင်လုပ်ယူတာလား မသိပေမယ့် တော်တော်တော့ မိုက်ပါတယ်။
Pirates of The Caribbean Franchise ဟာ Disney ရဲ့ အောင်မြင်တဲ့ project တစ်ခုဖြစ်သလို ကမ္ဘာပေါ်က ကလေးတွေကို အချိန်အကြာကြီး လွှမ်းမိုးထားနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းဖြစ်ပါတယ်။ ခုရုံတင်ပြသနေတဲ့ Pirates of The Caribbean (Dead Men Tell No Tales) ကိုလည်း မကြည့်ရသေးရင် ကြည့်ဖြစ်အောင်သွားကြည့်ဖို့ မမေ့ကြနဲ့ဦးနော်။