မိခင်ဝမ်းကနေ ထွက်လာခါစ ကလေးငယ်ကို ရေချိုးမပေးသင့်ဘူးလို့ ယနေ့ခေတ် ဆရာဝန်တွေက ဆိုထားပါတယ်။ အရင်တုန်းကတော့ ကလေးတွေကို မိခင်ဝမ်းကနေ ထွက်လာပြီး ချက်ကြိုးဖြတ်ပြီးတာနဲ့ ရေချိုးပေးကြတယ်။ ကလေးရဲ့ကိုယ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေး၊ ချွဲနဲ့ အရည်တွေကို သန့်စင်သွားအောင် ရေချိုးကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာ မွေးကင်းစကလေးငယ်ဟာ ရေချိုးပေးလို့ကောင်းတဲ့အရွယ် မဟုတ်သေးပါဘူး။
ယနေ့ခေတ် ကျန်းမာရေးပညာရှင်တွေ၊ ဆရာဝန်တွေက မွေးကင်းစ ကလေးငယ်ကို ချက်ခြင်း ရေချိုးမပေးဘဲ အနည်းဆုံး ၂၄ နာရီ စောင့်ဆိုင်းပြီးမှ ချိုးပေးရမယ်လို့ အကြံပေးကြပါတယ်။ ဆေးရုံတွေမှာဆိုရင် ကလေးတွေကို သူနာပြုတွေက ကလေးကို နူးညံ့သန့်ရှင်းတဲ့ဂွမ်းလေးနဲ့သာ သန့်စင်ပေးကြပါတယ်။ ရေချိုးမပေးကြဘူး။ ရေချိုးဖို့လိုအပ်တယ်ဆိုရင် ဆရာဝန်ရဲ့အတည်ပြုချက်ရှိမှသာ မွေးကင်းစကလေးငယ်ကို ရေချိုးပေးကြပါတယ်။
"တကယ်တော့ ကလေးတွေဟာ ညစ်ညစ်ပတ်ပတ်မွေးလာတာမဟုတ်ဘူး" လို့ နယူးယော့ခ်မြို့က OBGYN မိခင်နဲ့ရင်သွေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု ဘုတ်အဖွဲ့ဝင် ဒေါက်တာ Ira Jaffe က ပြောပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ဖယောင်းပုံစံအဖြူရောင်အလွှာတစ်ထပ် (vernix) ဟာ ညစ်ပတ်တဲ့အရာ မဟုတ်ပါဘူး။ ချက်ခြင်းဆေးကြောပေးလိုက်ဖို့လည်း မလိုတာမို့ နောက်မှဆေးကြောပေးလို့လည်း ရပါတယ်။ ကလေးရဲ့ကိုယ်မှာ အချိန်နည်းနည်းလောက် ပိုပြီးရှိနေစေလိုက်ရင် ကောင်းကျိုးတောင်ပိုရပါသေးတယ်။ ကလေးရဲ့အရေပြားကို vernix က ဖုံးအုပ်ပေးထားလို့ ရောဂါပိုးတွေမဝင်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ ကလေးရဲ့ကိုယ်ခံအားကိုလည်း မြင့်တက်သွားစေနိုင်လို့ မွေးမွေးပြီးချင်းမှာ ကလေးကိုယ်မှာကပ်နေတဲ့ vernix ကို အချိန်အနည်းငယ် ဆက်ထားပေးသင့်ကြောင်း မီးယပ်နဲ့သားဖွားဆိုင်ရာဆေးပညာဂျာနယ် ACOG ကလည်း ၂၀၀၄ ခုနှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
Source : WomansDay