ရောက်ဖြစ်ရင် မြည်းစမ်းကြည့်ခဲ့ပါဦး... အရသာဘယ်လိုနေလဲလို့?

ဒေသထွက်အစားအစာတွေ၊ ရိုးရာစားစရာတွေ၊ လမ်းဘေးစာတွေ..... အိုကွယ် စားစရာဆိုရင် ဘာဖြစ်ဖြစ်ကို စားချင်နေတော့ခက်တယ်။ တချို့စားစရာတွေက အရသာဦးပေးပြင်ဆင်တယ်၊ တချို့စားစရာတွေကတော့ အမြင်နဲ့တင်ကို ကြွေချင်မိတာမျိုး။ နောက်ပြီးတော့ ထူးထူးခြားခြား ချက်ပြုတ်ပြင်ဆင်ထားတဲ့ စားစရာတွေလည်း ရှိသေးတယ်။ ကမ္ဘာတစ်ဝန်းမှာ ရောင်းချနေတဲ့ ထူးထူးခြားခြား စားစရာတွေကို ကြည့်ရအောင်။

 

ပါပီလေးကို စားမလို့လား?

စားရမှာပဲ။ စားစရာဆိုတော့ စားရုံပေါ့။ မစားရက်လောက်အောင် ချစ်စရာကောင်းနေတဲ့ ပါပီလေးဟာ အုန်းသီးနဲ့ပြုလုပ်ထားတဲ့ ပူတင်းလေးပါတဲ့။ ဘူးထဲမှာ ဂျယ်လီလေးကိုအိပ်ရာလိုခင်းပြီး ခွေးလေးကအိပ်ပျော်နေတဲ့ပုံစံနဲ့ ရောင်းချပါတယ်။ ထိုင်းနိုင်ငံ  Pahthun Thani ရှိ Wilaiwan ဆိုတဲ့ မုန့်ဆိုင်မှာ ရောင်းချတဲ့ အချိုပွဲလေး ဖြစ်ပါတယ်။ ရောက်ဖြစ်ရင် မြည်းကြည့်ခဲ့ပါဦး။

 

မီးသွေးကော်ဖီ

ဘာတဲ့..... မီးသွေးခဲကော်ဖီဆိုပဲ။ အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့မှာ ရောင်းချနေတဲ့ Kopi Joss ဆိုတဲ့ ကော်ဖီကိုပြောတာပါ။ ကော်ဖီထဲကို ရဲရဲနီနေတဲ့ မီးသွေးတစ်ခဲလောက်ပစ်ထည့်ပြီး ရောင်းချပါတယ်။ ဒီကော်ဖီကို ၁၉၆၉ ခုနှစ်လောက်မှာ စတင်ရောင်းချခဲ့တာပါ။ အစာအိမ်ပြဿနာတွေကို သက်သာစေတယ်လို့ ဆိုတယ်။

 

ဆူရှီဒိုးနပ်

ချစ်ဖို့ကောင်းလွန်းလို့ ထိုင်ပဲငေးရမလား၊ တစ်ခုလုံးကို ပါးစပ်ထဲအပြည့် ဝါးပလိုက်ရမလားဆိုတာ ဝေခွဲမရဘူး။ သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့က ဈေးတွေမှာ ရောင်းတဲ့ ဆူရှီဒိုးနပ်ဆိုတာ ထမင်းကို ပေါင်မုန့်ပုံလေးဖြစ်အောင်လုပ်ပြီး အပေါ်ကနေ ငါးနဲ့ထောပတ်သီးကို အုပ်ထားတဲ့အရာဖြစ်ပါတယ်။

 

အဆိပ်ကော့တေး

သတ္တိရှိရင် တစ်ခွက်လောက် မော့ကြည့်မလား။ အဆိပ်ပြင်းတယ်လို့ နာမည်ကျော်တဲ့ တာရန်တူလာပင့်ကူရဲ့အဆိပ်ကို အသုံးပြုကာ ဖျော်စပ်ထားတဲ့ ကော့တေးအမည်က Aragog လို့ ခေါ်ပါတယ်။ မက္ကဆီကိုမြို့တော် Luciferina Bar ရဲ့ စားဖိုမှူး ရိုမီယိုက တီထွင်ထားတာပါ။ ပုံစံကြည့်ရတာတော့ အတော်ပြင်းမယ့်ပုံပဲ။

 

ရွှေအစစ်ရေခဲမုန့်

ဂျပန်နိုင်ငံ Asakusa မှာ ရောင်းချတဲ့ ရေခဲမုန့်ဟာ အပေါ်ယံလွှာကို ရွှေအစစ်နဲ့လုပ်ထားတဲ့ အချပ်ပါးလေးအုပ်ပြီး ရောင်းပါတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်ခုကို ကျပ်တစ်သောင်းစွန်းစွန်းပေးရတဲ့ ဒီရေခဲမုန့်ဟာ လူကိုနုပျိုစေတယ်လို့ ပြောတယ်။

Source : Mail Online

Share

Loading Next Article...
က္က