ပျားရည်နဲ့သစ်ကြမ်းပိုးခေါက်အမှုန့်ရောပြီး ဖော်စပ်တဲ့အိမ်သုံးဆေးမြီးတိုက ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းစေတဲ့ တိုင်းရင်းဆေးတစ်မျိုးပဲဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့နေထိုင်စားသောက်ပုံကိုလိုက်ပြီး ရလဒ်ကတော့ ကွဲပြားနိုင်ပါတယ်။ ဖော်စပ်ရမယ့်နည်းလမ်းလေးကလည်း ရိုးစင်းလွယ်ကူပြီး မိနစ်ပိုင်းအတွင်းပြီးအောင်လုပ်နိုင်ပါတယ်။ ပြီးရင် မနက်စာမစားမီတစ်ကြိမ်၊ ညစာစားပြီးတစ်ကြိမ်သောက်ပေးရုံနဲ့ မယုံနိုင်လောက်တဲ့ ပြောင်းလဲမှုရလဒ်ကိုရယူနိုင်ပါပြီ။
ပျားရည်မှာကော၊ သစ်ကြမ်းပိုးခေါက်မှာပါ ကိုယ်အလေးချိန်ကျဆင်းအောင်လုပ်ပေးနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်နေတယ်လို့ အဆိုရှိပါတယ်။ လေ့လာမှုတစ်ခုရဲ့အဆိုအရဆိုရင် ပျားရည်ကအစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေရဲ့လုပ်ဆောင်မှုကိုပြောင်းလဲပေးနိုင်လို့ ဝိတ်ကျစေတယ်လို့ဆိုပါတယ်။ သစ်ကြမ်းပိုးခေါက်ကတော့ ခန္ဓာကိုယ်အဆီတွေကိုလောင်ကျွမ်းစေမှုကိုနှေးကွေးစေတဲ့ အင်ဆူလင်ပမာဏကို လျှော့ချပေးတယ်လို့ဆိုပါတယ်။
ပါဝင်ပစ္စည်းတွေကတော့... ပျားရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက်မှုန့်လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဝက်စာ၊ ရေတစ်ခွက်တို့ပဲဖြစ်ပါတယ်။ ပထမဦးဆုံး သစ်ကြမ်းပိုးခေါက်မှုန့်နဲ့ပျားရည်ကို ရေတစ်ခွက်နဲ့အတူ ဒယ်အိုးတစ်လုံးထဲထည့်ပြီးရောလိုက်ပါ။ ပြီးရင်မီးအပူပေးလိုက်ပါ။ ဆူပွက်လာပြီဆိုရင် ရလာတဲ့ပြုတ်ရည်ကို နှစ်ခွက်စာ ခွဲထည့်လိုက်ပါ။ ပထမတစ်ခွက်ကို မနက်စာမစားခင်နာရီဝက်လောက် အလိုမှာသောက်သုံးနိုင်ပြီး ဒုတိယတစ်ခွက်ကိုတော့ ညမအိပ်ခင်နာရီဝက်လောက်အလိုမှာသောက်သုံးပေးနိုင်ပါတယ်။
သတိထားဖို့တစ်ခုကတော့ ဒီအိမ်သုံးဆေးမြီးတိုလေးက ကိုယ်အလေးချိန်ကျဆင်းစေနိုင်ပေမယ့် နေ့ချင်းညချင်းတော့ ပေါင် (၂၀၀) ခန္ဓာကိုယ်ကနေ ရေကူးဝတ်စုံ ဘီကီနီအသင့်ဝတ်နိုင်လောက်တဲ့ခန္ဓာကိုယ်တော့ ဖြစ်လာစေမှာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်အလေးချိန်တကယ်ကျဆင်းချင်တယ်ဆိုရင် ဆေးဝါးကိုပဲအားကိုးနေလို့တော့မရပါဘူး။ ဆေးဝါးနဲ့တွဲဖက်တဲ့အနေနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့စားသောက်နေထိုင်ပုံကို လိုက်နာနေထိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် မနက်ပိုင်းလေ့ကျင့်ခန်းလေးတွေလုပ်ပေးတာကလည်း ဆေးဝါးရဲ့အကျိုးသက်ရောက်မှုကိုပိုမိုမြန်ဆန်စေမှာပါ။