လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ အရမ်းကိုအရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။ ရေဓာတ်လုံလုံလောက်လောက် ရနေမှ စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ "ရေအသက်တစ်မနက်" လို့တောင် ပြောကြတယ်မဟုတ်လား။ အမျိုးသားတစ်ဦးအတွက် နေ့စဉ် ရေဓာတ်လိုအပ်ချက်က ၁၂၅ အောင်စ ဖြစ်ပြီး အမျိုးသမီးတစ်ဦး နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ပမာဏကတော့ ၉၁ အောင်စ ဖြစ်ပါတယ်။
ကျန်းမာရေးပညာရှင်တွေကလည်း ရေသောက်ဖို့ မကြာခဏ တိုက်တွန်းကြတယ်။ အာဟာရပညာရှင်တွေကတော့ ရေများများသောက်တဲ့အခါ ဝိတ်ကျဖို့အတွက်နဲ့ အသားအရေလှပဖို့အတွက် အကူအညီကောင်း ဖြစ်စေတယ်လို့ ဆိုကြပြန်တယ်။ ဒါပေမဲ့ ကျွန်မတို့တွေက ရေကို လုံလုံလောက်လောက်သောက်ဖို့ မေ့နေကြတယ်။ တစ်နည်းအားဖြင့် ပျင်းနေကြတယ်လို့ ဆိုရမလားပဲ။ အလုပ်ကိုအာရုံစိုက်နေရတာနဲ့တင် ရေထသောက်ဖို့ မေ့လျော့သွားရော။ ရေသောက်မယ့်အစား အချိုရည်နဲ့ကော်ဖီကို ပိုသောက်ဖြစ်လာကြတယ်။ ရေဓာတ် လုံလုံလောက်လောက် ရ၊မရ ဆိုတာကို ဆီးသွားတာကိုကြည့်ရင် သိနိုင်ပါတယ်။ ရေဓာတ်လုံလောက်နေရင် ဆီးရွှင်မယ်၊ ဆီးအရောင်က ကြည်လင်မယ်။
ရေများများသောက်ဖြစ်ဖို့အတွက်တော့ ကိုယ့်အနားမှာ ရေဘူးကို အမြဲမပြတ် ဆောင်ထားရတာပေါ့။ ရေသောက်ချင်စိတ် ဖြစ်လာဖို့ကျတော့ ရေဘူးလှလှလေးတွေက ဆွဲဆောင်နိုင်တယ်။ ဘူးလှလှလေးထဲ ရေထည့်ထားပြီး အနားမှာဆောင်ထားရင် ရေသောက်မိတယ်။ နောက်တစ်ခုကတော့ သစ်သီးလေးတွေနဲ့ ရောထားတဲ့ရေ (Infuse Water)ပါ။
ရေဘူးထဲကို သခွားသီး၊ ဖရဲသီး၊ စပျစ်၊ နာနတ် စတဲ့ ကိုယ်နှစ်သက်ရာ အသီးလေးတွေကို ထည့်ထားရင် ရေရဲ့အနံ့အရသာလေးက ပြောင်းသွားတယ်။ သောက်ချင်စိတ် ပိုဖြစ်လာလိမ့်မယ်။ သစ်သီးတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြောင့်လည်း ကောင်းကျိုးတွေပိုရနိုင်သေးတယ်။ ဆီးသွားတိုင်း အရောင်ကိုကြည့်ပါ၊ ရေများများသောက်ပါ၊ ရေပိုသောက်မိလာစေမယ့် နည်းလေးတွေကို သုံးပါလို့ တိုက်တွန်းလိုက်တယ်နော်။