နည်းပညာတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးကလည်းပိုကျဉ်းလာပါတယ်။ Facebook, Twitter, Instagram စတဲ့လူမှုကွန်ရက်တွေပေါများလာချိန်မှာ ကမ္ဘာပေါ်ကမိန်းကလေးငယ်လေးတွေ လူမှုကွန်ရက်ရဲ့ မကောင်းတဲ့အကျိုးသက်ရောက်မှုဒဏ်တွေကိုခံနေရပါတယ်။ ညဘက်တွေမှာအိပ်နေရာကထပြီး သူ့သူငယ်ချင်းတွေ ဘာရေးထားလဲသိချင်လို့ Facebook ထသုံးတဲ့မိန်းကလေးတွေလည်း မနည်းပါဘူး။ ဒီလိုလူမှုကွန်ရက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးလာတာက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ လူမှုကွန်ရက်တွေသုံးရင်း သူတို့မှာ ပူပင်သောကတွေပိုများလာရသလို စိတ်ဖိစီးမှုတွေလည်းတိုးလာပါတယ်။ ဒါတင်မကသေးပါဘူး။ ညအိပ်ချိန်တွေမအိပ်ဘဲ Facebook ထသုံးတော့ အိပ်ရေးပျက်ပြီး ကျန်းမာရေးလည်းထိခိုက်စေနိုင်ပါတယ်။ လူမှုကွန်ရက်တွေသုံးရင်း ဆယ်ကျော်သက်ကောင်မလေးတွေ သူတို့ကိုယ်သူတို့ အန္တရာယ်ပြုစေနိုင်တဲ့အထိဖြစ်နိုင်တော့ မိဘတွေသတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
အရင်ခေတ်တွေတုံးက မိန်းကလေးတွေပြိုင်ချင်ဆိုုင်ချင်ရင် မဂ္ဂဇင်းတွေထဲမှာအလှဓာတ်ပုံတွေပို့ပြီး အရွေးခံရတဲ့သူတွေပဲ ပြိုင်ဆိုင်ခွင့်ရကြပါတယ်။ ဒီခေတ်မှာတော့ စမတ်ဖုန်းတွေကလည်းပေါလာ၊ ဖိုတိုရှော့လုပ်လို့ရတဲ့ ဆော့ဖ်ဝဲလ်တွေ၊ app တွေကလည်းပေါလာတော့ ဆယ်ကျော်သက်မိန်းကလေးတွေ လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေအပြိုင်အဆိုင်တင်ကြပါတော့တယ်။ တချို့တွေဆို အလှဓာတ်ပုံတွေတင်ပြီး နာမည်တွေကြီး၊ ဖော်လိုဝါတွေများလာတော့ အချင်းချင်းအပြိုင်အဆိုင် ခွက်စောင်းခုတ်တဲ့ထိဖြစ်လာကြပါတော့တယ်။ အပြင်မှာသာ ဖက်လှဲတကင်းခေါ်ပြောနေပေမယ့် လူမှုကွန်ရက်ပေါ်မှာ ကိုယ့်ဖော်လိုဝါ ဘယ်လောက်များတယ်ဆိုပြီး ပြိုင်ဆိုင်နေကြရတော့ ဒေါသတွေ၊ လောဘတွေ၊ သောကတွေများလာရပါတယ်။ ဒါတွေက သူတို့အပေါ်ကောင်းတဲ့အကျိုးသက်ရောက်မှုတွေတော့မဟုတ်ပါဘူး။
၂။ ဖိအားတွေ
ဆယ်ကျော်သက်မိန်းကလေးတွေဟာ သူငယ်ချင်းတွေနဲ့အဆက်အသွယ်ရဖို့ လူမှုကွန်ရက်ကိုသုံးဖို့လိုအပ်တယ်လို့ တွေးပြီးသုံးနေပေမယ့်လည်း လူမှုကွန်ရက်တွေကပေးတဲ့ ဖိအားဒဏ်တွေကြောင့် စိတ်ဖိစီးမှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေခံစားနေရတဲ့ဖိအားက သူတို့အရွယ်အတွက်တော့ ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ မိဘတွေအနေနဲ့ သူတို့လေးတွေကို ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာစေဖို့နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရဲတဲ့သတ္တိရှိလာအောင် တိုက်တွန်းအားပေးဖို့လိုပါတယ်။
အနိုင်ကျင့်တာတွေ (Bully လုပ်တာတွေ) က ကိုယ်ထိလက်ရောက်လုပ်မှ အနိုင်ကျင့်တာမဟုတ်ပါဘူး။ လူမှုကွန်ရက်ကိုသုံးပြီး အကောင့်တုတွေရဲ့နောက်ကွယ်ကနေ ဆယ်ကျော်သက်မိန်းကလေးတွေကို စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်နေကြတာတွေအများကြီးပါပဲ။ ဥပမာပေးရရင် ကိုယ်တင်ထားတဲ့အလှဓာတ်ပုံအောက်မှာ ညစ်ညမ်းတဲ့စကားလုံးတွေနဲ့ သားပြောမယားပြောလာပြောတာတို့၊ သူတို့ကြိုက်တတ်တဲ့ အဆိုတော်အဖွဲ့ပုံတင်ထားတာကို အောက်ကနေ ရိုင်းပျတဲ့စကားလုံးတွေနဲ့ဝင်ရောက်ဆဲရေးတာတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်အဲဒီလို ဆိုင်ဘာဘူလီ (cyber bully) တွေဟာ ဘာအရေးယူမှုမှ ပြုလုပ်ခြင်းမခံရပါဘူး။ ဆယ်ကျော်သက်လူငယ်လေးတွေဟာ ကွန်ပျူတာစခရင်နောက်မှာထိုင်ပြီး အကောင့်တုတွေနဲ့ PA (Personal Attack) တွေလုပ်ပြီး စိတ်ပိုင်းဆိုင်ရာကျေနပ်မှုကို ရှာဖွေကြပါတယ်။ ကြောက်စရာအကောင်းဆုံးတစ်ချက်ကတော့ ဆယ်ကျော်သက်မိန်းကလေးတချို့ဆို သူတို့ကိုယ်တိုင် အကောင့်တုတွေဖွင့်ပြီး သူတို့ရဲ့သူငယ်ချင်းတွေရဲ့အကြောင်းကို အွန်လိုင်းပေါ်မှာဖွင့်ချပြီး PA လုပ်တတ်ကြတာပါပဲ။ ဒီအချက်က ကလေးတွေရဲ့စာရိတ္တကိုဆိုးရွားစွာပျက်ဆီးစေနိုင်တဲ့အပြင် ခံရတဲ့ကလေးတွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အများကြီးဖြစ်စေနိုင်လို့ မိဘတွေ သတိကြီးစွာထားပြီး ကာကွယ်သင့်ပါတယ်။
၄။ အပြောအဆိုရိုင်းစိုင်းလာတာတွေ
လူမှုကွန်ရက်ရဲ့သဘောကိုက အကောင့်တုတွေနဲ့ပြောချင်သလိုပြောလို့ရတော့ လူတိုင်းက ရိုင်းပျတဲ့စကားလုံးတွေကို သုံးချင်သလိုသုံးနေကြပါတယ်။ ဆယ်ကျော်သက်ကလေးတွေအနေနဲ့ အတုမြင်အတတ်သင်ရင်း သူတို့ကိုယ်တိုင်လည်း ကြမ်းတမ်းတဲ့စကားလုံးတွေကိုသုံးနှုန်းတတ်သွားပါတယ်။ တစ်ခါတလေ မိဘကိုတောင် ရိုင်းပျတဲ့အမူအရာ၊ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြန်ပြောတာတွေကိုတောင် ကြုံလာရတတ်ပါတယ်။
ဆယ်ကျော်သက်လူငယ်တွေက ဆေးတွေ၊ အရက်တွေသုံးတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာအမြဲလိုလိုပြောနေကြတော့ အတုမြင်အတတ်သင်ဆိုသလို ဆယ်ကျော်သက်မိန်းကလေးတွေလည်း လိုက်လုပ်မိတတ်ပါတယ်။ လေ့လာမှုတစ်ခုရဲ့အဆိုအရဆိုရင် လူမှုကွန်ရက်ပေါ်မှာအချိန်ဖြုန်းနေတဲ့ဆယ်ကျော်သက်လူငယ်တွေဟာ လူမှုကွန်ရက်သိပ်မသုံးတဲ့လူငယ်တွေထက် ဆေးလိပ်သောက်သုံးနိုင်ခြေ (၅) ဆပိုများပါတယ်တဲ့။ ဒါကြောင့်မိမိတို့ရဲ့သားသမီးတွေ ဆေးလိပ်သောက်နေ/ မနေသိရအောင် မိဘတွေအနေနဲ့ သေချာစကားပြောကြည့်သင့်ပါတယ်။
၆။ လိင်ပိုင်းဆိုင်ရာချိန်းခြောက်မှုတွေ
အသက် (၁၅) (၁၆) ဝန်းကျင်ဟော်မုန်းပြောင်းလဲကာစ အသက်အရွယ်တွေက ဆန့်ကျင်ဘက်လိင်ကိုတောင့်တတတ်ကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အလှဓာတ်ပုံလေးတွေတင်ပြီး Like တွေ comment တွေနဲ့သာယာနေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာထိပါးပြောဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာချိန်းခြောက်မှုတွေကိုပြုလုပ်လာနိုင်ပါတယ်။ အံ့သြစရာကောင်းတာတစ်ခုက အဲဒီလို ထိကပါး ရိကပါး ပြောဆိုကြတာဟာ ဆယ်ကျော်သက်အမျိုးသားတွေတင်မကဘဲ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားကြီးတွေပါ ပါဝင်နေတာပါပဲ။ Private Message တွေထဲမှာ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ပုံတွေ ပို့ခံရတာကို မိဘကိုတိုင်မပြောရဲလို့ မျိုသိပ်ထားရတဲ့ဆယ်ကျော်သက်မိန်းကလေးတွေလည်းအများကြီးရှိနိုင်ပါတယ်။ သားသမီးနဲ့ပုံမှန်စကားပြောပေးခြင်း၊ သူူတို့ကိုဂရုစိုက်ကြောင်းဖော်ပြပေးခြင်းဖြင့် သားသမီးတွေအပေါ် လူမှုကွန်ရက်ရဲ့ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။
Source: Lifeasmama