အာလူးချောင်းကြော် (French Fries) စားနေရတာပျင်းလာပြီ။ ပန်းသီးချောင်းကြော်လေးကို ဗနီလာရေခဲမုန့်လေးနဲ့တို့စားကြမယ်။


KFC တို့၊ Lotteria တို့၊ Potato Breaks တို့က အာလူးချောင်းကြော် (French Fries) တွေစားရတာ ညည်းငွေ့နေပြီလား။ အာလူးချောင်းကြော်ကို အာလူးနဲ့မကြော်ဘဲ တခြားအသီးအနှံတွေကိုသုံးပြီးလည်း ကြော်လို့ရပါသေးတယ်။ အဲဒီလို အာလူးအစားထိုးအသီးအနှံတွေနဲ့ကြော်တဲ့ fries တွေဟာလည်း လူကြိုက်များလာပါတယ်။ အဲဒီအစားထိုးသီးနှံထဲမှာ လူကြိုက်အများဆုံးကတော့ ပန်းသီးပါပဲ။ ပန်းသီးချောင်းကြော် (Apple Fries) ကို အချိုပွဲအဖြစ်၊ သရေစာမုန့်တစ်မျိုးအဖြစ်၊ မနက်စာအဖြစ် စားသုံးလို့ရပါတယ်။
ပန်းသီးချောင်းကြော်ပြုလုပ်နည်း

ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းတွေကလည်းရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဟင်းသီးဟင်းရွက်ဆီ၊ ပန်းသီး အရွယ်တော် (၂) လုံး၊ ဂျုံမှုန့် (၁၂၈ ဂရမ်) တစ်ခွက်၊ သစ်ကြမ်းပိုးခေါက်မှုန့်၊ သကြား တို့ပဲဖြစ်ပါတယ်။ ပန်းသီးချောင်းကြော်ကို ပြုလုပ်မယ်ဆိုရင် အရင်ဆုံးဟင်းသီးဟင်းရွက်ဆီကို ဒယ်အိုးပြားထဲထည့်ပြီးအပူပေးပါ။ (ဒီနေရာမှာ ဟင်းသီးဟင်းရွက်ဆီအစား မြေပဲဆီကိုအစားထိုးသုံးနိုင်ပါသေးတယ်။) ပန်းသီးချောင်းကြော်ပြုလုပ်ဖို့အတွက် အရွယ်တော်ပန်းသီး (၂) လုံး လိုပါတယ်။ ပန်းသီးတွေကိုရေစင်အောင်ဆေးပြီး အစေ့တွေကိုဖယ်ရှားဖို့ ထက်ခြမ်းခြမ်းလိုက်ပါ။ အူတိုင်ကိုလည်းဖယ်ထုတ်လိုက်ပါ။ ပြီးရင် ဓားတစ်လက်ကိုယူပြီး ပန်းသီးတွေကို (၁)လက်မရဲ့လေးပုံတစ်ပုံစာအရွယ် အချောင်းလေးတွေဖြစ်အောင် စိတ်လိုက်ပါ။ (ပန်းသီးအရေခွံကိုတော့ ချွတ်လည်းရတယ်။ မချွတ်လည်းရပါတယ်။ အရသာကထူးထူးခြားခြားပြောင်းလဲမှာမဟုတ်ပါဘူး။) ဂျုံမှုန့်တွေကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ပန်းသီးချောင်းလေးတွေကို ဂျုံမှုန့်နဲ့လူးပေးလိုက်ပါ။ နှစ်ဖက်လုံးဂျုံတွေကပ်သွားအောင်လည်း အထက်အောက်လှန်ပေးလိုက်ပါဦး။ ပြီးသွားရင်တော့ ပန်းသီးချောင်းလေးတွေကို ဆီပူထဲထည့်ပြီး ကြော်လို့ရပါပြီ။ (၂) မိနစ် (၃) မိနစ်လောက်ကြော်ပြီးရင် ပန်းသီးချောင်းလေးတွေကို နောက်တစ်ခြမ်းပါကျက်သွားအောင် ထက်အောက်လှန်ပေးလိုက်ပါ။ နောက်တစ်မိနစ်လောက်ကြော်ပြီးရင်တော့ ဆယ်လို့ရပါပြီ။ ဒါမှမဟုတ် ပန်းသီးချောင်းကြော်လေးတွေရဲ့အရောင်က ရွှေအိုရောင်ပေါက်သွားပြီဆိုရင် ဆယ်လို့ရပါပြီ။ ဆယ်ပြီးရင် ဆီစစ်ဖို့အတွက် စက္ကူတစ်ရှူးလေးတွေပေါ်မှာတင်ထားလိုက်ပါဦး။ နှစ်မိနစ်လောက်ဆီစစ်ပြီးရင် ပန်းကန်ပြားတစ်ချပ်ထဲကိုပြောင်းထည့်လိုက်ပါ။ ပြီးရင်သကြားမှုန့်နည်းနည်းနဲ့ သစ်ကြမ်းပိုးခေါက်မှုန့်နည်းနည်းကိုဖြူးပြီး အသင့်စားသုံးလို့ရပါပြီ။ ပန်းသီးချောင်းကြော်လေးတွေကို သူ့ချည်းပဲလည်းစားလို့ရသလို ရေခဲမုန့်တို့၊ ခရင်မ်တို့နဲ့လည်းတွဲဖက်စားသုံးလို့ရပါတယ်။

 
battered ပန်းသီးချောင်းကြော်ပြုလုပ်နည်း

ပန်းသီးချောင်းကြော်ကို ပုံစံနောက်တစ်မျိုးကြော်လို့ရပါသေးတယ်။ အဲဒီနည်းကတော့ battered apple fries လုပ်နည်းပါပဲ။ battered apple fries လုပ်ဖို့အတွက်ကတော့ အရင်ဆုံး နွားနို့ (၁၇၇ ) မီလီလီတာ (ရေသန့်ဘူးတစ်ဘူးရဲ့ ငါးပုံတစ်ပုံစာ)၊ ကြက်ဥတစ်လုံး၊ ဂျုံမှုန့် (၁၂၈ ဂရမ်)၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ သကြား (၂) ဇွန်း၊ သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်းနဲ့ ဇွန်းဝက်ခန့်၊ ဆား လက်ဖက်ရည်ဇွန်း ဇွန်းဝက်ခန့် တို့ လိုအပ်ပါတယ်။ အဲဒီပါဝင်ပစ္စည်းတွေကို ပန်းကန်လုံးကြီးတစ်လုံးထဲရောထည့်ပြီး မွှေလိုက်ပါ။ သကြား (၆၇ ဂရမ်) နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် (၈ ဂရမ်) လောက်ကိုလည်း တခြားပန်းကန်လုံးတစ်လုံးထဲထည့်ပြီး မွှေထားလိုက်ပါဦး။ (အဲဒါင ပန်းသီးချောင်းကြော်ရရင် အပေါ်ကနေဖြူးဖို့အတွက်ပါ။) ပြီးရင် ဒယ်အိုးပြားထဲမှာ ဟင်းသီးဟင်းရွက်ဆီကိုထည့်ပြီး (၇) မိနစ်လောက်အပူပေးပါ။ ဆီကိုအပူပေးနေတုံး အရွယ်တော် ပန်းသီး (၃) လုံးလောက်ကို အူတိုင်ထုတ်၊ အခွံခွာပြီး လက်မ ဝက်လောက်အရွယ် အချောင်းလေးတွေရအောင် လှီးလိုက်ပါဦး။ အချောင်းလေးတွေဖြစ်အောင်လှီးပြီးရင် စောစောကအသင့်ပြင်ထားတဲ့ batter ပန်းကန်လုံးကြီးထဲကို ထည့်ပြီးစိမ်လိုက်ပါ။ ပန်းသီးချောင်းလေးတွေထဲကို batter အနှစ်တွေ စိမ့်ဝင်သွားပြီဆိုရင် ပြန်ဆယ်ပြီး ဆီပူထဲကိုထည့်စိမ်လိုက်ပါ။ ပြီးသွားရင်ရွှေအိုရောင်ဖြစ်သွားတဲ့အထိ ကြော်လိုက်ပါ။ နှစ်ဖက်လုံးအရောင်ညီသွားအောင်ထက်အောက်လှန်ပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။ ကျက်သွားပြီဆိုရင် ထုံးစံအတိုင်း ဆီပူထဲကဆယ်ပြီး စက္ကူတစ်ရှူးလေးတွေပေါ်တင်ပြီး ဆီစစ်လိုက်ပါဦး။ ပြီးရင်တော့ စောစောက ပန်းကန်လုံးငယ်လေးထဲထည့်ပြီး ပြင်ဆင်ထားတဲ့ သကြားနဲ့သစ်ကြမ်းပိုးခေါက်မှုန့်အရောကို ပန်းသီးချောင်းကြော်ပေါ်က ဖြူးပေးလိုက်ပါ။ ဒါဆိုရင်တော့ အသင့်စားသုံးနိုင်တဲ့ battered apple fries လေးကိုရပါပြီ။





Source: Wikihow

Share

Loading Next Article...
က္က