တကယ်တော့ လူငယ်ဆိုတာ တက်ကြွမှုတွေအမြဲရှိနေရမယ့်အချိန်ပါ။ စိတ်တွေက အမြဲလန်းဆန်းနေပြီး အရာရာကို ထက်သန်စွာ ကြိုးစားချင်စိတ်ရှိတဲ့ အချိန်ပါ။ ဒါပေမယ့်လည်း လူငယ်အများစုမှာ ရုန်းကန်နေရတဲ့ အခြေအနေတွေရှိနေပါတယ်။ ဘဝမှာ သူတို့ စိတ်ပင်ပန်းရဆုံးလို့ ပြောလို့ရတဲ့ အချိန်တွေရှိပါတယ်။
၁ - ရပ်တန့်သွားတဲ့ ဆက်ဆံရေး
တစ်ဦးတစ်ဦးနဲ့ သူငယ်ချင်းအဖြစ်က ရပ်စဲသွားတာပါ။ ဒီလိုရပ်စဲရတဲ့ အကြောင်းအရင်းကို ကောင်းကောင်းလည်း မသိပါဘူး။ အမြဲတမ်းတွဲဖြစ်သွားမယ်လို့ ထင်ရတဲ့ သူငယ်ချင်းဖြစ်ပေမယ့် အခုတော့ စကားတောင် မပြောဖြစ်ကြတော့ပါဘူး။ ပြောဖြစ်ရင်လည်း အရင်လို ခင်မင်မှုမရှိတဲ့အရိပ်အငွေ့တွေနဲ့သာ ပြောဖြစ်ပါတယ်။ ဒါနဲ့ပဲ မိတ်ဆွေသူငယ်ချင်းရဲ့ တန်ဖိုးကို သံသယရှိလာပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အမြဲတမ်းခင်မင်နေမယ့် နည်းလမ်းရော ရှိရဲ့လားလို့လည်း သံသယရှိမိပါတယ်။ ဘဝကို စိတ်ပျက်မိတဲ့အချိန်လည်း ဖြစ်တတ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မိန်းမတွေဟာ တစ်ဖက်လူရဲ့ စိတ်ကို ပိုသိသူတွေဖြစ်နိုင်)
၂ - ထင်သလိုမဟုတ်တဲ့ အလုပ်
တကယ်ပျော်တဲ့ အရပ်ပဲ ဆိုပြီး အချိန်တွေနှစ်မြှပ်လုပ်ကိုင်လာပါတယ်။ ဒါပေမယ့် အချိန်တွေကြာလာတဲ့အခါ သင်ပေးဆပ်သလောက် သင့်အလုပ်က မထိုက်တန်တာကို တွေ့လာရပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း အရင်ကလောက် နွေးထွေးရင်းနှီးမှုမျိုး မရှိပါဘူး။ သင့်အထက်လူကြီးကလည်း အရင်လူမဟုတ်တော့တာ၊ အရင်လိုမဟုတ်တော့တာတွေ ကြုံရပါတယ်။ လုပ်ငန်းခွင်ဟာ သင်ထင်သလို မဟုတ်ပါလားဆိုတာကို လေးလေးနက်နက် ခံစားမိတဲ့အချိန်ပါ။
၃ - မရောက်နိုင်တဲ့ ပန်းတိုင်
ဘဝမှာ ရည်မှန်းချက် ပန်းတိုင်ရှိပေမယ့် ဒီရည်မှန်းချက်ဆီမရောက်နိုင်ဘဲ ဖြစ်နေပါတယ်။ ရောက်ဖို့ ဝေးကွားလွန်းသလိုလည်း ဖြစ်နေပါတယ်။ ခုချိန်ထိတောင် သွားမယ့် လမ်းကြောင်းကို အစမပြုရသေးဘူးဆိုရင်တော့ သင့်ကိုယ်သင်စိတ်ပျက်လာပါတယ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်ပါ့မလားလို့ သံသယတွေ ရှိလာပါတယ်။ နေ့စဉ် မယုံကြည်မှုတွေ များပြားလာပါတယ်။ ငါများ ကျရှုံးသွားတော့မလား၊ ရောက်နိုင်ပါတော့မလားလို့ စိုးရိမ်မှုတွေ ကြီးစိုးလာပါတယ်။
၄ - ငွေကြေးပြသနာ နှစ်ပေါင်းများစွာ
ငွေကြေးကြပ်တည်းမှုကို နှစ်ပေါင်းများစွာကို ကြုံနေရတာ ဖြစ်ပါတယ်။ တတ်နိုင်သလောက်၊ ရနိုင်သလောက် ကြိုးစားပေမယ့်လည်း ငွေကြေးကြပ်တည်းမှုက အမြဲရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ချို့တဲ့တဲ့မိသားစုက လာရသူတွေမှာ ငယ်စဉ်ကတည်းက တစ်ကိုယ်စာအတွက်တင်မကဘဲ မိသားစုအတွက်ပါ ရုန်းကန်နေရသူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ငွေကြေးကြပ်တည်းနေတဲ့ ဒီအဖြစ်ကြီးကို ဆက်မကြုံချင်တော့လောက်အောင် စိတ်ပင်ပန်းမှုတွေ ဖြစ်ရပါတယ်။
Photos & Source: Bustle