နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူတွေကို ကြည့်လိုက်ရင် ကိုယ်နေဟန်ထားနဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ သာမာန်လူတွေနဲ့ မတူတာကို တွေ့ရပါလိမ့်မယ်။ ဟုတ်တယ်။ သူတို့က သူတို့ကိုယ်နေဟန်ထားကအစ သတိထားပြုမူကြတာ။ အရင်တုန်းကတော့ သူတို့လည်း သူလိုကိုယ်လိုပါပဲ။ နောက်ပိုင်းမှာ ပြောင်းလဲသွားကြတယ်။ စမတ်ကျသွားတယ်လေ။ ကိုယ့်အနေနဲ့ အတုယူလိုက်လို့လည်း အကျိုးမယုတ်ပါဘူး။
ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်ပြီး စားပွဲပေါ်မေးထောက်တဲ့အကျင့်ကြီးကို ပြင်လိုက်ပါ။ မျက်နှာကိုလည်း လက်နဲ့အုပ်ထားတာမျိုးရော လုပ်ဖြစ်နေတုန်းလား။ ဒီလိုကိုယ်နေဟန်ထားဟာ သူများဘာပြောပြော၊ ဘာလုပ်လုပ် စိတ်မဝင်စားဘူးလို့ ပြနေတဲ့သဘော သက်ရောက်ပါတယ်။ မတ်မတ်ထိုင်ပါ။
ခြေဟန်လက်ဟန်တွေ အရမ်းသုံးရင်လည်း လူတွေက သင်ပြောတဲ့စကားကို မယုံတော့ဘူး။ လိမ်နေတဲ့လူတွေက စကားပြောရင် ခြေဟန်လက်ဟန် အရမ်းသုံးတာကိုး။ ဒါမှမဟုတ် တစ်ခုခုကို ဖုံးကွယ်ချင်ရင်လည်း ခြေဟန်လက်ဟန် အရမ်းသုံးတယ်။
လက်ပိုက်ထားတာကြီးက ဘာနဲ့တူသလဲဆိုရင် " ငါကတော့ သက်တောင့်သက်သာမဖြစ်ဘူး၊ ခင်ဗျားဘာပြောပြော လက်မခံနိုင်ဘူး" ဆိုတဲ့သဘောမျိုးပါပဲ။ ပြုံးထားတယ်ဆိုရင်တောင်မှ လက်ပိုက်ခြေချိတ်ထားတဲ့ ကိုယ်နေဟန်ထားဟာ တစ်ဖက်လူအမြင်ကောင်းတဲ့ ကိုယ်နေဟန်ထား မဟုတ်ပါဘူး။
များသောအားဖြင့်တော့ မိန်းကလေးတွေပေါ့။ စကားပြောရင် ဆံပင်ကိုခဏခဏ ကိုင်နေတာ။ သူများစကားပြောနေချိန်မှာလည်း ဆံပင်ကိုကိုင်ပြီး ဆော့နေတတ်တယ်။ သိပ်ကိုဆိုးရွားလွန်းတဲ့ အပြုအမူကြီးနော်။
ပြုံးတာပဲ ... မကောင်းဘူးလားလို့ မေးခွန်းထုတ်လိမ့်မယ်။ နေရာတိုင်း၊ အချိန်တိုင်း ပြုံးနေလို့ မဖြစ်သေးဘူး။ အတည်အတံ့ အကြိတ်အနယ်ပြောရတဲ့ နေရာတွေမှာ သွားပြီးပြုံးပြနေရင် မကောင်ဘူးနော်။ ပြုံးရမယ့်နေရာမှ အားပါးတရပြုံး။
ကိုယ်ဟန်မူရာတွေ အားလုံးထက် အရေးကြီးတာကတော့ မျက်လုံးချင်းဆက်သွယ်မှုပါပဲ။ တစ်ယောက်ယောက်နဲ့ စကားပြောတိုင်း မျက်လုံးချင်းဆုံအောင် ကြည့်ချင်းဟာ သူပြောတာကို အလေးအနက်ထားကြောင်း ရာနှုန်းပြည့်ဖော်ပြရာရောက်ပါတယ်။ မျက်လုံးချင်း မကြည့်ချင်ဘူးဆိုရင် မျက်ခုံးနှစ်ခုကြားက နေရာလေးကို ကြည့်မယ်ဆို အဆင်ပြေပါလိမ့်မယ်။
လက်ဆွဲနှုတ်ဆက်တိုင်း ဖွဖွလေးလေး မကိုင်ရဘူး။ လက်ချင်း မြဲမြဲမြံမြံရှိအောင် ဆုပ်ကိုင်ပြီးမှ နှုတ်ဆက်ရပါတယ်။ ဒီလိုနှုတ်ဆက်မှုက လေးနက်ရာလည်းရောက်သလို ခင်မင်နှစ်လိုကြောင်း ပြသတဲ့သဘောလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်လို့လည်း ထင်ရပါတယ်။
Source : Bright Side
Share