လက်ဖက်ရည်များများသောက်တတ်တဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ (သုက်ရည်ဂလင်းကင်ဆာ) ဖြစ်နိုင်ခြေ ၅၀% ပိုများတယ်လို့ ဗြိတိန်သုတေသီတွေက ဆိုလိုက်ပါတယ်။
Glasgow တက္ကသိုလ်က ပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ တစ်နေ့ကို လက်ဖက်ရည် ၇ ခွက်အထက် သောက်သုံးလေ့ရှိသူတွေဟာ တစ်နေ့ကို ၃ ခွက် ပုံမှန်သောက်တဲ့လူတွေနဲ့ယှဉ်ရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများကြောင်း သိရပါတယ်။ လက်ဖက်ရည်များများသောက်သူတွေဟာ အဝလွန်နိုင်ခြေနည်းသလို အရက်သောက်သုံးမှုနည်းပါးခြင်း ဒါမှမဟုတ် သွေးတွင်းအဆီဓာတ် (ကိုလက်စထရော) မြင့်တက်မှုနည်းခြင်းတို့နဲ့ ဆက်စပ်နေတာကို တွေ့ရှိပြီးနောက် နောက်ဆက်တွဲဆက်စပ်မှုတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များလေ့ရှိတဲ့ ကင်ဆာတစ်မျိုးပါ။ လက်ဖက်ရည်သောက်တဲ့နှုန်းကိုသာ လျော့ချလိုက်မယ်ဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေလည်း နည်းသွားနိုင်ပါတယ်။
ဒါပေမဲ့ ဒီလေ့လာမှုရလဒ်ကိုတော့ လက်ဖက်ထုတ်လုပ်ရေးပိုင်းတွေက လက်မခံကြပါဘူး။ အရင်လေ့လာမှုတွေမှာလည်း black tea နဲ့ ဆီးကျိတ်ကင်ဆာ ဆက်စပ်မှုရှိတာကို မတွေ့ခဲ့ရသလို ယင်းရောဂါကို ကာကွယ်နိုင်တဲ့လက္ခဏာတွေလည်း မတွေ့ခဲ့ရလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခင်လေ့လာမှုတွေမှာ ပါဝင်ခဲ့သူဟာ လူပေါင်း ၆၀၀၀ ထက် နည်းနေပြီး သူတို့ရဲ့လူမှုဘဝနေထိုင်မှုဆိုင်ရာ အချက်အလက်ရယူမှုတွေ နည်းနေခဲ့တယ်လို့ Health and Wellbeing အင်စတီကျုက ကောက်ချက်ချပါတယ်။
ယခုသုတေသနကို ဦးဆောင်သူ ဒေါက်တာ Kashif Shafique ကတော့ လက်ဖက်ရည်နဲ့ဆီးကျိတ်ကင်ဆာ ဆက်စပ်နေတာကို တွေ့ခဲ့ရချိန်မှာ အံ့သြသွားခဲ့မိတယ်လို့ဆိုတယ်။ တစ်နေ့ကို လက်ဖက်ရည် ၇ ခွက်ထက် ၁ ထက်ပိုကျော်လွန်ပြီးသောက်လေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုကြီးမားလေလေပဲလို့ သူက ဆိုပါတယ်။
Source : Telegraph