လူပေါင်းဘယ်လောက်လောက်များ မိုးကြိုးပစ်တာ ခံခဲ့ရဖူးလဲဆိုတာတော့ တိတိကျကျသိနိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လူတွေကို မိုးကြိုးပစ်တဲ့အခါ နည်းပေါင်းဘယ်နှမျိုးနဲ့ ပစ်လေ့ရှိကြလဲ ဆိုတာတော့ မှတ်တမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အခု စာရင်းပြုဖော်ပြလိုက်တဲ့ မိုးကြိုးပစ်ပုံ အမျိုးအစားတွေ ထဲက ဘယ်ပုံစံနဲ့ပဲပစ်ခဲ့ပစ်ခဲ့ သေစေနိုင်ပါတယ်။ အကယ်၍ မိုးကြိုးပစ်ခံရတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ကြုံခဲ့ရရင်လည်း မိုးကြိုးပစ်ခံခဲ့ရသူကို အသက်ဆက်လက် ရှင်သန်နိုင်ရေးအတွက် ဆေးဝါးကုသစောင့်လျှောက်မှု ပြုလုပ်ပေးနိုင်မယ့် ဌာနဆိုင်ရာတွေကို ချက်ချင်း အကြောင်းကြားပေးသင့်ပါတယ်။
၁။ တိုက်ရိုက်ပစ်ခြင်း
ပင်မလျှပ်စီးကြောင်း ထုတ်လွှတ်မှုလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ လျှပ်စီးကြောင်းဟာ လူကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ဆိုလိုတာက လူတွေပေါ်မှာ မိုးကြိုးပစ်ခြင်း တိုက်ရိုက်သက်ရောက်စေနိုင်ပါတယ်။ များသောအားဖြင့်တော့ အမိုးအကာမရှိတဲ့ ကွင်းပြင် (သို့) ဟင်းလင်းပြင်လို နေရာမျိုးတွေမှာ လူရှိနေမယ်ဆိုရင် မိုးကြိုးပစ်ခတ်မှု တိုက်ရိုက်ဖြစ်ပေါ်စေပါတယ်။
၂။ လျှပ်စီးစက်ကွင်း
အနီးအနားမှာရှိတဲ့ သစ်ပင်အမြင့်ကြီးတွေကို မိုးကြိုးပစ်တဲ့အခါ လျှပ်စီးစက်ကွင်းကို ဖြစ်ပေါ်စေပြီး လျှပ်စီးကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုက အပင်စတဲ့ မြင့်မားတဲ့အရာတွေကို ကျော်သွားပြီး လူဆီကို လာရောက် ထိမှန်ရခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ လူကို လျှပ်စီးထုတ်လွှတ်မှုမှာရှိနေတဲ့ စွမ်းအင်အချို့က “short circuit” တစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပါတယ်။
၃။ မြေအောက်လျှပ်စီးကြောင်း
သစ်ပင် (သို့) အခြားသော အရာဝတ္ထုတစ်ခုကို မိုးကြိုးပစ်တဲ့အခါ၊ စွမ်းအင်တော်တော်များများဟာ မိုးကြိုးပစ်တဲ့ နေရာကနေ မြေမျက်နှာပြင်တစ်လျှောက်ကို လျှောက်သွားစေပါတယ်။ ဒါကို မြေအောက်လျှပ်စီးကြောင်းလို့ ခေါ်ပါတယ်။ မိုးကြိုးပစ်လိုက်တဲ့နေရာနဲ့ အနီးအနားတစ်ဝိုက်မှာ တစ်ယောက်ယောက်ရှိနေခဲ့မယ်ဆိုရင် မြေအောက်လျှပ်စီးကြောင်းရဲ့ စီးကူးမှုကြောင့် မိုးကြိုးပစ်ခံရနိုင်ခြေရှိပါတယ်။
၄။ လျှပ်ကူးခြင်း
လျှပ်စီးကြောင်းတွေဟာ ဝါယာကြိုး (သို့) အခြားသော သတ္တုမျက်နှာပြင်တွေ တစ်လျှောက်လုံးကို စီးကူးသွား နိုင်ပါတယ်။ သတ္တုတွေက လျှပ်စီးကြောင်းတွေကို မဆွဲငင်နိုင်ကြပါဘူး။ ဒါပေမဲ့ လျှပ်စီးကြောင်းတွေ ရောက်လာဖို့ရာအတွက်တော့ လမ်းကြောင်းတစ်ခုအဖြစ်နဲ့ ကူညီထောက်ပံ့ပေးပါတယ်။
Reference; Photo: http://www.lightningsafety.noaa.gov