ကမ္ဘာကျော်လက်ဝှေ့သမားကြီး မိုက်တိုင်ဆန်က တစ်ခါပြောဖူးပါတယ်။ "မျက်နှာတည့်တည့်ကို လက်သီးပစ်ဝင်မလာခင်အထိတော့ လူတိုင်းမှာ ပလန်ကိုယ်စီ ရှိကြတာပဲ" တဲ့။


ဘဝမှာအောင်မြင်ချင်လား မေးရင် မအောင်မြင်ချင်ဘူးလို့ ဖြေမယ့်သူရှိမယ်မထင်ပါဘူး။ အောင်မြင်မှုကိုလူတိုင်း လိုလားတပ်မက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ အောင်မြင်ဖို့အတွက် ဘာတွေကို လုပ်ဆောင်ကြပါသလဲ။ ဘယ်လိုနည်းလမ်းတွေ၊ ဗျူဟာတွေကိုသုံးပြီး အောင်မြင်မှုနောက်ကိုု လိုက်ကြပါသလဲ။ တကယ်တော့ ကိုယ်ကအောင်မြင်မှုနောက် လိုက်တာထက် ကိုယ့်နောက်ကို အောင်မြင်မှုကို လိုက်ခိုင်းတာက ပိုကောင်းပါတယ်။ ကမ္ဘာကျော်လက်ဝှေ့သမားကြီး မိုက်တိုင်ဆန်က တစ်ခါပြောဖူးပါတယ်။ "မျက်နှာတည့်တည့်ကို လက်သီးပစ်ဝင်မလာခင်အထိတော့ လူတိုင်းမှာ ပလန်ကိုယ်စီ ရှိကြတာပဲ" တဲ့။ ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကိုလည်း လောကဓံလက်သီးလုံးတွေ ဘယ်အချိန်ပစ်ဝင်လာမလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ လောကဓံလက်သီးလုံးတွေကိုရှောင်ရှားပြီး အောင်မြင်မှုဆီကို တည့်တည့်သွားဖို့ အောက်ကအချက်တွေကို သိရှိလိုက်နာထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

၁။ မကောင်းတဲ့လူတွေနဲ့ပေါင်းရင် မကောင်းတဲ့ရလဒ်ပဲထွက်မယ်

မကောင်းတဲ့အလုပ်ပတ်ဝန်းကျင်၊ မကောင်းတဲ့စီးပွားရေးပါတနာ၊ မကောင်းတဲ့အိမ်ထောင်ဘက် စသဖြင့် မကောင်းတဲ့လူတွေနားရောက်နေခြင်းက ခင်ဗျားကိုဘယ်တော့မှ ကောင်းမွန်တဲ့ရလဒ်တွေ ရလာစေမှာ မဟုတ်ပါဘူး။ မကောင်းတဲ့လူတွေနဲ့ပတ်သက်နေသေးသရွေ့ကတော့ သေခြင်းတရားနဲ့အဆုံးသတ်ရင်သတ်၊ မဟုတ်ရင် ထောင်ထဲအောင်းဖို့ပဲရှိပါတယ်။ ဒါကြောင့် မကောင်းတဲ့လူတွေ ကိုယ့်ဘေးနားမှာရှိနေရင် အမြန်ဆုံးဖယ်ရှားပစ်ဖို့လိုပါတယ်။ တကယ်လို့ခင်ဗျားကိုယ်တိုင် မကောင်းတဲ့လူ ဖြစ်နေရင်ကော? ခင်ဗျားဘေးနားမှာရှိတဲ့လူတွေကို ခင်ဗျားကိုယ်တိုင် ဒုက္ခပေးနေမိပြီ ဆိုရင်တော့ အမြန်ဆုံးပြန်လည်ပြုပြင်ပါ။ ကောင်းတဲ့လူတွေနဲ့ပေါင်းသင်းပါ။ သူတို့ကိုအတုယူပြီး ကိုယ်ကိုယ်တိုင် ကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ကြိုးစားပါ။ ဒါဟာ ဘဝအောင်မြင်ရေးအတွက် လိုက်နာသင့်တဲ့အရာတစ်ခုပါပဲ။

၂။ အကောင်းဆုံးဖြစ်အောင်လုပ်ပါ



ကမ္ဘာပေါ်မှာ ခင်ဗျားအချစ်ဆုံးလူတစ်ယောက်ကို တွေးကြည့်ပါ။ ခင်ဗျားရဲ့ချစ်စရာကောင်းတဲ့ညီမလေးဖြစ်ချင်ဖြစ်မယ်။ ခင်ဗျားရဲ့အမေအိုကြီးဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားသိပ်ချစ်ရတဲ့ကောင်မလေးဖြစ်ချင်ဖြစ်မယ်။ သူတို့အတွက် ခင်ဗျားဘာမဆိုလုပ်ပေးချင်မှာပါပဲ။ သူတို့စိတ်ချမ်းသာဖို့အတွက် ခင်ဗျားအစွမ်းကုန်ကြိုးစားချင်မှာပါ။ ဟုတ်ပြီ။ အခုအဲဒီစိတ်ဓာတ်တွေ၊ ခွန်အားတွေကို ခင်ဗျားဘဝ အောင်မြင်ဖို့အတွက် အသုံးချလိုက်ပါ။ ထူးခြားချက်တွေကို တွေ့မြင်လာရမှာပါ။

၃။ ကိုယ်တိုင်ရွေးချယ်ပါ

ကိုယ့်အောင်မြင်မှုလမ်းကြောင်းကို ဘယ်သူကမှဝင်ရွေးချယ်ပေးလို့မရပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်ရမှာပါ။ ဥပမာ ဆယ်တန်းအမှတ်ကောင်းလို့ ဘေးစကားတွေနားထောင်ပြီး ဆေးကျောင်းတက်လိုက်တယ်။ ဒါမှမဟုတ် သင်္ဘောသားတွေခေတ်ကောင်းလို့ ရေကြောင်းသိပ္ပံတက်လိုက်တယ်။ ဒါပေမယ့်ကိုယ်တကယ်ဝါသနာပါတာက business management ဖြစ်ချင်ဖြစ်မယ်။ IT ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို ကိုယ်တကယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုကိုလုပ်ရပြီဆိုကတည်းက ခင်ဗျားအောင်မြင်ဖို့မသေချာတော့ပါဘူး။ အလုပ်မှာအမှားအယွင်းတွေများလာမယ်။ အများအယွင်းတွေများတော့ အလုပ်မှာ မပျော်ပိုက်တော့ဘူး။ လမ်းပျောက်နေသလိုခံစားရမယ်။ ဝင်ငွေလည်းမကောင်းတော့ဘူး။ နောက်ပြီးအဆိုးဆုံးက ခင်ဗျားဘဝရဲ့အချိန်တွေကို ခင်ဗျားမလုပ်ချင်တဲ့အလုပ်တစ်ခုအတွက် အသုံးချလိုက်ရပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကို ကိုယ်တိုင်ပဲရွေးချယ်ပါ။

၄။ အိုင်ဒီယာတွေရဲ့တန်ဖိုးကိုနားလည်ပါ



အိုင်ဒီယာတွေဆိုတာ ၂၁ ရာစုရဲ့ငွေဝင်ပေါက်ပါပဲ။ အိုင်ဒီယာတစ်ချက်ကောင်းသွားလို့ ကမ္ဘာကျော်သူဌေးဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါပဲ။ အရင်ခေတ်ကလို ကျောင်းကောင်းကောင်းကနေ ဘွဲ့ကောင်းကောင်းရတာနဲ့ လစာကောင်းတဲ့ အလုပ်ကောင်းကောင်းတစ်ခုရပြီး ဘဝမှာအဆင်ပြေသွားမယ်လို့တွေးလို့မရတော့ပါဘူး။ ဘွဲ့တောင်မရပေမယ့် အိုင်ဒီယာတစ်ချက်ကောင်းလို့ မာ့ခ် ဇူကာဘတ်တစ်ယောက် ခင်ဗျားတို့ ကျွန်တော်တို့ခုသုံးနေတဲ့ Facebook ဆိုတာကြီးကိုတီထွင်ခဲ့လို့ ကမ္ဘာကျော်သူဌေးဖြစ်ပြီး ဟိုတလောကမှ ဟားဘတ်ဒ်က ဂုဏ်ထူးဆောင်ဘွဲ့ခေါ်ပေးလိုက်ရတယ်မလား။ ဒီတော့ အိုင်ဒီယာတွေကိုတန်ဖိုးထားပါ။ မှတ်စုစာအုပ်တစ်အုပ်ဆောင်ထားပြီး တနေ့ကို အိုင်ဒီယာ (၁၀) ခုလောက်ချရေးပြီး မိမိဦးနှောက်ကိုလေ့ကျင့်ပါ။ အလုပ်ထဲက၊ သူငယ်ချင်းတွေဆီက၊ ပတ်ဝန်းကျင်က၊ နောက်ဆုံး ကြည့်နေတဲ့ရုပ်ရှင်ကားထဲက ရသမျှကိုသင်ယူပြီး ကိုယ်ပိုင်အိုင်ဒီယာတွေအဖြစ် ပြန်မွေးယူပါ။

၅။ အလုပ်နဲ့သက်သေပြပါ

သမိုင်းတလျှောက်ဖြစ်ပျက်ခဲ့တဲ့ အောင်မြင်မှုမှန်သမျှ လက်တွေ့လုပ်ဆောင်မှုကြောင့်ပဲဖြစ်လာတာပါ။ အတွေးမှာ၊ အပြောမှာတင်တန့်နေတဲ့ ဘယ်အရာမှ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မလာပါဘူး။ ဒီတော့ တစ်ခုခုကိုအရင်စလုပ်လိုက်ပါ။ သင်တန်းတစ်ခုတက်တာဖြစ်ချင်ဖြစ်မယ်။ စာအုပ်တစ်အုပ်စဖတ်တာဖြစ်ချင်ဖြစ်မယ်။ ကိုယ့်ရဲ့ social circle ထဲက လူ (၂) ယောက်ကို မိတ်ဆက်ပေးပြီး အချင်းချင်း အကူအညီပေးနိုင်အောင် ချိတ်ဆက်ပေးလိုက်တာဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုကိုလုပ်ချလိုက်ပါ။ ခင်ဗျားလုပ်လိုက်တဲ့လုပ်ဆောင်မှုတစ်ခုက တစ်ချိန်မှာခင်ဗျားကိုအထောက်အကူပြုစေဖို့ပဲလိုပါတယ်။

၆။ တစ်ရာခိုင်နှုန်းစည်းမျဉ်းဆွဲထားပါ



နေ့တိုင်းနေ့တိုင်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဖန်တီးနိုင်စွမ်း စတာတွေမှာ တစ်ရာခိုင်နှုန်းလောက်ပဲ တိုးတက်အောင်ကြံဆောင်မယ်ဆိုတဲ့ စည်းမျဉ်းလေး မွေးမြူကြည့်ပါ။ ပိုက်ဆံစုသလိုပဲပေါ့။ စစချင်း နည်းနည်း နည်းနည်းစုလာတာ မသိသာဘူး။ စုဘူးခွဲလိုက်တဲ့အချိန်ကျမှ အများကြီးဖြစ်နေလို့ပျော်ရွှင်ရသလိုပါပဲ။ ကိုယ့်ရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို တနေ့ နည်းနည်း နည်းနည်း မြှင့်တင်သွားပါ။ အချိန်တစ်ခုကြာလာတဲ့အခါ ဒါတွေဟာ သိသာလာပါလိမ့်မယ်။

Source: INC

Share

Loading Next Article...
က္က