ငယ်စဉ်တောင်ကျေးကလေးဘဝတုံးက ရပ်ကွက်ထဲကဂိမ်းဆိုင်မှာ အချိန်ဖြုန်းဖူးတဲ့လူငယ်တွေဆိုရင် God Of War ကို မသိတဲ့လူရှိမယ်မထင်ပါဘူး။


ငယ်စဉ်တောင်ကျေးကလေးဘဝတုံးက ရပ်ကွက်ထဲကဂိမ်းဆိုင်မှာ အချိန်ဖြုန်းဖူးတဲ့လူငယ်တွေဆိုရင် God Of War ကို မသိတဲ့လူရှိမယ်မထင်ပါဘူး။ ဂရိနတ်ဘုရားတွေ၊ မကောင်းဆိုးရွားတွေကို သတ်ဖြတ်နိုင်တဲ့၊ ဒေါသအရမ်းကြီးတဲ့ Kratos ဆိုတဲ့ဇာတ်ကောင်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ God Of War ဟာ Sony PlayStation ရဲ့မူပိုင် Game တစ်ခုဖြစ်ပါတယ်။

God of War 1 နဲ့ 2 ကိုတော့ Play Station 2 မှာ ဆော့ခဲ့ကြရပြီး God Of War 3 နဲ့ God Of War Ascension ကိုတော့ Play Station 3 မှာဆော့ခဲ့ကြရပြီးဖြစ်မှာပါ။ God of War 3 အဆုံးသတ်မှာ ဂရိနတ်ဘုရားတွေရဲ့ဘုရင် Zeus ကိုသတ်ဖြတ်ခဲ့ပြီး Blade of Olympus ဓားကြီးနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တဲ့အတွက် Kratos လည်းသေပြီး God of War ဂိမ်းအဆုံးသတ်သွားခဲ့ပြီလို့ ကျွန်တော်တို့ယုံကြည်ခဲ့ကြပါတယ်။ (သေသွားပြီလို့ထင်ခဲ့ကြပါတယ်။)

ဒါပေမယ့် "Legends never die" ဆိုတဲ့အတိုင်း ကျွန်တော်တို့ငယ်ဘဝရဲ့ hero ကြီး ပြန်လည်ထွက်ပေါ်လာပါပြီ။ Sony က သူ့ရဲ့ PlayStation 4 ကိုစတင်မိတ်ဆက်လိုက်ကတည်းက ကျွန်တော်တို့လို Sony Console ပရိသတ်အားလုံး Sony ရဲ့အမှတ်တံဆိပ်ကုန်ပစ္စည်းလိုဖြစ်နေတဲ့ God of War ဂိမ်းအသစ်ကိုမျှော်နေခဲ့ကြတာပါ။

၂၀၁၆ ခုနှစ်ကပြုလုပ်ခဲ့တဲ့ E3 (Electronics Entertainment Expo) ပွဲမှာကတည်းက Sony ဟာ God of War ဂိမ်းအသစ်ကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ အရင် God of War ဂိမ်းတွေလို ဂရိဒဏ္ဍာရီထဲမှာအခြေခံမထားဘဲ Norse Mythology (နော်ဝေးဒဏ္ဍာရီ) ထဲမှာအခြေခံထားပါတယ်။

ဒီဂိမ်းအသစ်ထဲမှာတော့ God of War တဖြစ်လဲ Kratos ရဲ့ ရင့်ကျက်ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာမက စိတ်ပိုင်းဆိုင်ရာအားဖြင့်ပါ ပြောင်းလဲရင့်ကျက်သွားတဲ့ Kratos ဟာ အခုဆိုရင် Atreus ဆိုတဲ့သားတစ်ယောက်ကို လေ့ကျင့်သင်ကြားပေးရင်း နော်ဝေးဒဏ္ဍာရီလာ နတ်ဘုရားတွေ၊ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ့်အကြောင်းကို God of War ဂိမ်းသစ်ထဲမှာတွေ့မြင်ရမှာပါ။

ဂျွန်လ (၁၃) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ လော့စ်အိန်ဂျယ်လိစ် ကွန်ဗင်းရှင်းစင်တာမှာကျင်းပပြုလုပ်မှာဖြစ်တဲ့ E3 2017 ပွဲမှာ God of War ဂိမ်းရဲ့ teser အသစ်ကိုပြသခဲ့တဲ့အတွက် ဂိမ်းထဲမှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို Sony ဂိမ်းချစ်သူတွေ သိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။

၁။ Kratos က Odin များဖြစ်နေမလား

၂၀၁၆ ခုနှစ် E3 ပွဲမှာပြသခဲ့တဲ့ Game teaser တွေအရတော့ Atreus အသုံးပြုခဲ့တဲ့ မြှားတွေက မိုးကြိုးလျှပ်စီးတွေထွက်လာတာကိုမြင်တွေ့ခဲ့ရတဲ့အတွက် Atreus ဆိုတာ Thor (Marvel Superhero ရုပ်ရှင်တွေမှာ တွေ့မြင်ခဲ့ရတဲ့ဇာတ်ကောင်) များဖြစ်နေမလားဆိုပြီး သီအိုရီတွေထုတ်ခဲ့ကြပါတယ်။

တစ်ဆက်တည်းမှာပဲ Atreus က Thor ဆိုရင် Kratos က Odin ဖြစ်နိုင်တယ်လို့လည်း သီအိုရီတွေ ထုတ်ကြပါတယ်။ ဒါပေမယ့် Kratos လို antihero ဇာတ်ကောင်က နော်ဝေးဒဏ္ဍာရီလာ နတ်ဘုရားခေါင်းဆောင်နေရာမှာဖြစ်လာပါ့မလားဆိုတာကိုတော့ ကျွန်တော်သံသယရှိမိပါတယ်။ သူ့ရဲ့ထုံးစံအတိုင်း နတ်ဘုရားအကြီးစားတွေ၊ မကောင်းဆိုးဝါးအကြမ်းစားတွေကို သတ်ဖြတ်ပြီး God of War ဆိုတဲ့ သင်္ကေတကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ပဲထင်ပါတယ်။

 

၂။ Atreus ကို နော်ဝေးဒဏ္ဍာရီလာနတ်ဘုရားတွေက ရန်ပြုမယ်

၂၀၁၇ ခုနှစ် E3 ပွဲမှာပြသခဲ့တဲ့ Game Teaser ရဲ့အဆုံးသတ်မှာတော့ Kratos နဲ့ Atreus ဟာ မကောင်းဆိုးဝါးမြွေကြီးတစ်ကောင်နဲ့ တွေ့ဆုံစကားပြောတဲ့အခန်းကို တွေ့မြင်ရပါလိမ့်မယ်။ အဲဒီမကောင်းဆိုးဝါး မြွေကြီးဟာ နော်ဝေးဒဏ္ဍာရီထဲမှာ World Serpent လို့ခေါ်တဲ့ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကို ရစ်ပတ်ပြီး သူ့အမြီးသူတောင် ပြန်ကိုက်ထားနိုင်လောက်အောင် ကြီးမားတဲ့မြွေကြီးဖြစ်နေမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီမြွေကြီးက Kratos တို့သားအဖကိုကူညီမယ်လို့ပြောတယ်ဆိုပြီး အဆုံးသတ်ထားပါတယ်။ World Serpent ဆိုတာ တကယ့်နော်ဝေးဒဏ္ဍာရီထဲမှာ နတ်ဘုရား Thor ရဲ့မဟာရန်သူဖြစ်ပြီး Ragnarok လို့ခေါ်တဲ့ ကမ္ဘာပျက်ကိန်းထဲမှာ သူသေကိုယ်သေတိုက်ခိုက်ကြရမှာပါ။ ပထမသီအိုရီအတိုင်း Kratos တို့သားအဖက Odin နဲ့ Thor ဖြစ်နေမယ်ဆိုရင် World Serpent က ကူညီမယ်လို့ ပြောပါ့မလားဆိုတာ သံသယရှိစရာပါပဲ။

ဒီတော့ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတစ်ခုကတော့ Atreus က နတ်ဘုရား Thor မဟုတ်ဘဲ နတ်ဘုရား Thor ရဲ့ရန်သူတစ်ယောက်ဖြစ်နေနိုင်ပြီး သူ့ကိုလိုက်သတ်မယ့် နော်ဝေးနတ်ဘုရားတွေကို Kratos က ထုံးစံအတိုင်း ကူညီတိုက်ခိုက်ပေးမယ်ဆိုတာပါပဲ။ The Verge ရဲ့အဆိုအရဆိုရင် Atreus က Ragnarok လို့ခေါ်တဲ့ ကမ္ဘာပျက်ကိန်းကိုဖော်ဆောင်မယ့်သူလည်း ဖြစ်နေနိုင်ပါတယ်တဲ့။

 

သူငယ်ချင်းတို့ရော ဘယ်လိုထင်ကြလဲ။ ကျွန်တော်တို့ရဲ့ ငယ်ချစ်ကြီး God Of War Kratos နဲ့ပတ်သက်ပြီး တွေးမိတဲ့ဖြစ်နိုင်ခြေသီအိုရီလေးတွေရှိရင် ဝေမျှပေးသွားဖို့ဖိတ်ခေါ်ပါတယ်နော်။

Share

Loading Next Article...
က္က