ကမ္ဘာပေါ်မှာ ရိုးရာပုံပြင်တွေနဲ့အတူ ကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးပုံပြင်တွေရှိပါတယ်။

ငယ်ငယ်တုံးက မကောင်းဆိုးဝါးတွေအကြောင်းအိပ်ယာဝင်ပုံပြင်တွေကို မှတ်မိကြသေးလား။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် အိမ်ခြေရင်းမှာ "ကလေးအသားခါးတယ်။ ခွေးအသားချိုတယ်" ဆိုပြီးရေးပြီး ခြောက်လှန့်ရတဲ့ကလေးတွေကို ဖမ်းစားတတ်တယ်ဆိုတဲ့ မဖဲဝါတို့၊ သုဿာန်စောင့်ကျောပေါက်ကြီးတို့ စတဲ့မကောင်းဆိုးဝါးပုံပြင်တွေပေါ့။ နိုင်ငံတကာမှာလည်း အဲဒီလိုမကောင်းဆိုးဝါးတွေ အများကြီးရှိပါတယ်။ အဲဒီလို ကမ္ဘာတလွှားမကောင်းဆိုးဝါးတွေထဲက တချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

၁။ AMAROK (ဒိန်းမတ်)

 

အာတိတ်စက်ဝိုင်းဒေသမှာနေထိုင်တဲ့ ဒဏ္ဍာရီလာ မီးခိုးရောင်မြေခွေးကြီးဖြစ်ပါတယ်။ အာတိတ်စက်ဝိုင်းဒေသနေ အက်စကီးမိုးနဲ့ အင်နူးအစ်ထ် လူမျိုးစုတွေရဲ့ပုံပြင်တွေထဲမှာပါတဲ့ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကြီးဖြစ်ပါတယ်။ သူဟာ ညဘက်အချိန်တွေမှာသားကောင်ကိုအမဲလိုက်တတ်ပြီး အကာအကွယ်မရှိတဲ့ မုဆိုးတွေကိုပစ်မှတ်ထားတတ်ပါတယ်။

၂။ Babadook (သြစတြေးလျ)

 

Babadook ဟာ အရပ်ရှည်ရှည်၊ အသားဖြူဖတ်ဖြူရော်၊ လက်ချောင်းအရှည်ကြီးတွေနဲ့ လူကြီးတစ်ယောက်ဖြစ်ပြီး ဦးထုပ်မြင့်တစ်လုံးကိုလည်းဆောင်းထားတတ်ပါတယ်။ သူဟာသူ့ကိုမြင်ဖူးတဲ့လူတွေကို လိုက်လံခြောက်လှန့်တတ်တယ်လို့ အဆိုရှိပါတယ်။ ပူဆွေးသောကရောက်ခြင်းရဲ့သင်္ကေတတစ်ခုအဖြစ် ပုံဖော်ခံရပါတယ်။ လူတစ်ယောက်ဟာ ပူဆွေးသောကရောက်ခြင်းနဲ့ ဆုံးရှုံးခြင်းကိုကျော်လွှားနိုင်ပြီဆိုရင် Babadook ကိုအနိုင်ရပြီး အိမ်အောက်ထပ်မှာ သူ့ကိုပိတ်လှောင်ထားနိုင်ပါတယ်။

၃။ Baba Yaga (အရှေ့ဥရောပ)

 

Baba Yaga ဟာ ပုံပျက်ပန်းပျက်နဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အဘွားအိုကြီးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ငရုပ်ဆုံကြီးတစ်လုံးထဲမှာ ငရုပ်ကျည်ပွေ့တစ်ချောင်းကိုကိုင်ပြီး ပျံသန်းနေတတ်ပါတယ်။ သူမဟာ တောအုပ်ထဲမှာ မျက်စိလည်လမ်းမှားနေတဲ့လူတွေကို ခြောက်လှန့်ဖမ်းဆီးတတ်တယ်လို့ လူသိများပါတယ်။

၄။ Banshee (အိုင်ယာလန်)

 

Banshee ဟာ ဒေါသထွက်နေတဲ့အဘွားကြီးတစ်ယောက် ပုံပန်းသဏ္ဍာန်ရှိတဲ့ အမျိုးသမီးဝိဉာဉ်တစ်ခု ဖြစ်ပါတယ်။ အနီရောင် (သို့မဟုတ်) အစိမ်းရောင်ကိုဝတ်ဆင်လေ့ရှိပါတယ်။ မိသားစုထဲက မိသားစုဝင်တစ်ယောက်သေခါနီးရင် သူမပေါ်လာပြီး ကျယ်လောင်စွာအော်ဟစ်ငိုကြွေးတတ်ပါတယ်။ ဒါကြောင့်လူတွေက Banshee ကိုကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင် အဖြစ်ယူဆကြပါတယ်။

၅။ Basilisk (ဥရောပတိုက်)

 

ဟယ်ရီပေါ်တာပရိသတ်တွေကတော့ Basilisk ရဲ့ Chamber of secret ကိုစောင့်တဲ့ Slytherin ရဲ့မြွေဘီလူးကြီးအဖြစ် သိကြမှာပါ။ Basilisk က မြွေအားလုံးရဲ့ဘုရင်ဖြစ်ပါတယ်။ သူနဲ့မျက်လုံးချင်းဆုံမိတဲ့လူကို အကြည့်တစ်ချက်နဲ့သတ်ပစ်နိုင်တယ်လို့ အဆိုရှိပါတယ်။ မကြည့်ဘဲ မျက်လုံးမှိတ်ထားမယ်ဆိုရင်လည်း သူ့ရဲ့ပြင်းထန်တဲ့အဆိပ်ကလူကိုသေစေနိုင်ပါသေးတယ်။ မြွေပါတွေရဲ့အနံ့ကိုရွံ့မုန်းပါတယ်တဲ့။ (ဟယ်ရီပေါ်တာထဲမှာတော့ ကြက်တွေကိုကြောက်ရွံ့တယ်လို့ဆိုပါတယ်။)

၆။ Beast of Bodmin Moor (အင်္ဂလန်)

 

အဝေးကြီးကနေပဲ မြင်ရတတ်တဲ့ ကြောင်ရိုင်းကြီးတစ်ကောင်ဖြစ်ပါတယ်။ သူ့ဟာ အင်္ဂလန်နိုင်ငံ Bodmin Moor အရပ်မှာနေလို့ သူ့ကို Beast of Bodmin Moor လို့ခေါ်ကြတာဖြစ်ပါတယ်။ သူဟာ အရောင်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ပြောင်းလဲနိုင်တယ်လို့လည်းအဆိုရှိပါတယ်။ သူ့ကိုတခြားကမ္ဘာကလာတဲ့ ဂြိုဟ်သားတစ်ကောင်လို့လည်း ယူဆကြပါတယ်။

၇။ Betobeto-san (ဂျပန်)

 

Betobeto-san ကတော့ ဂျပန်ပြည်ကမကောင်းဆိုးဝါးတစ်ကောင်ပဲဖြစ်ပါတယ်။ သူ့မှာပုံပန်းသဏ္ဍာန်မရှိပါဘူး။ ညဘက်လမ်းလျှောက်ထွက်လာတဲ့လူတွေနောက်က တကောက်ကောက်လိုက်လာတတ်ပြီး သူစီးထားတဲ့ ခုံဖိနပ်မြည်သံ (ဂျပန်လို beto beto) ဆိုတဲ့အသံပဲကြားရပါတယ်။ လှည့်ကြည့်လိုက်ရင်တော့ဘာမှတွေ့ရမှာမဟုတ်ပါဘူး။ betobeto-san လက်ထဲကလွတ်မြောက်ချင်ရင်တော့ "နင်ရှေ့က သွားနှင့် betobeto-san" လို့လှည့်ပြောလိုက်ရင်တော့ ဘာအန္တရာယ်မှဆက်မပြုတော့ဘဲ ထွက်သွားတယ်လို့ဆိုရိုးရှိကြပါတယ်။

၈။ Bigfoot (အမေရိက)

 

Bigfoot ကတော့ အမွှေးထူထူ လူဝံနဲ့တူတဲ့အကောင်ကြီးပါ။ အရှက်အကြောက်ကြီးပြီး တောင်တွေပေါ်မှာ၊ တောအုပ်တွေထဲမှာ နေထိုင်ပါတယ်။ သူ့ကို "Sasquatch" ဆိုတဲ့နာမည်နဲ့လည်း လူသိများကြပါတယ်။ လူတွေနဲ့ဝေးဝေးမှာတတ်နိုင်သလောက်နေပြီး အန္တရာယ်သိပ်ကြီးတဲ့ကောင်ကြီးတော့မဟုတ်ပါဘူး။

၉။ Big Annis (အင်္ဂလန်)

 

Black Agnes လို့လည်းခေါ်တဲ့ Black Annis ဟာ အင်္ဂလိပ်ရှေးဟောင်းပုံပြင်တွေထဲက မကောင်းဆိုးဝါးကြီးဖြစ်ပါတယ်။ သူကတော့ မျက်နှာအပြာရောင်နဲ့စုန်းမကြီးတစ်ယောက်ဖြစ်ပြီး သံမဏိလက်သည်းတွေနဲ့ လူသား (အထူးသဖြင့် ကလေးအသား) စားတယ်လို့သိရပါတယ်။ သူမဟာ Leicestershire ပြည်နယ်၊ Dane Hills တောင်တန်းတွေပေါ်က လှိုဏ်ဂူတွေထဲမှာနေထိုင်ပါတယ်။ အင်္ဂလန်ပြည်က မိဘတွေဟာ ကလေးတွေမလိမ္မာရင် Black Annis က ဖမ်းပြီးစားလိမ့်မယ်လို့ ဆုံးမကြတယ်လို့အဆိုရှိပါတယ်။

၁၀။ Black Shuck (အင်္ဂလန်)

 

Black Shuck ဟာ အင်္ဂလန်ပြည် အရှေ့ပိုင်း East Anglia မှာတွေ့ရတယ်လို့အဆိုရှိတဲ့ တစ္ဆေခွေးနက်ကြီးတစ်ကောင်ဖြစ်ပါတယ်။ သူ့ကိုသေမင်းရဲ့တမန်တော်ခွေးကြီးလို့ လူအများက ယုံကြည်ကြပါတယ်။ မိုးကြိုးတွေပစ်ပြီဆိုရင် Black Shuck ကြီးအနားမှာရောက်နေပြီလို့လည်း ယူဆကြပါတယ်။ ၁၅၇၇ ခုနှစ်တုံးက Blythburgh မှာ သူ့ရဲ့ခြေသည်းရာကိုချန်ထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Source: DailyInfographic

Share

Loading Next Article...
က္က