လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝရည်မှန်းချက်တစ်ခုစီတော့ရှိကြမှာပါ။ အဲဒီဘဝရည်မှန်းချက်တွေကို ရရှိဖို့အတွက် အောင်မြင်သူတစ်ယောက်ဖြစ်အောင် ကြိုးပမ်းဖိုု့လိုပါတယ်။ အောင်မြင်သူတွေအတွက် အောင်မြင်မှုလမ်းကြောင်းဆီ အရောက်သွားရာမှာ သတိပြုလိုက်နာသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
ဘယ်တော့မှ မရိုးနိုင်တဲ့စကားတစ်ခွန်းပါ။ ဒါပေမယ့် ဒါကိုပဲပြန်ပြောရမှာပါပဲ။ အဲဒီစကားကတော့ "အောင်မြင်ချင်ရင် စာဖတ်ပါ" တဲ့။ ဘယ်နေရာကိုပဲရောက်နေ ရောက်နေ၊ ဘယ်ရာထူး၊ ဘယ်နယ်ပယ်မှာပဲ အလုပ်လုပ်နေရတဲ့လူဖြစ်ပါစေ... လက်ရှိနေရာထက်ပိုမြင့်တဲ့ နောက်တစ်ဆင့်တက်ချင်ရင်တော့ စာဖတ်ခြင်းနဲ့ကင်းကွာလို့မရပါဘူး။ မိမိလုပ်နေတဲ့လုပ်ငန်းနယ်ပယ်နဲ့ဆိုင်တဲ့စာတွေ၊ သက်ဆိုင်ရာပြင်ပဗဟုသုတတွေ အကုန်လုံး ဆည်းပူးရပါတယ်။ စာဖတ်တာတော့ဟုတ်ပါပြီ။ ဖတ်ပြီး ပြန်မတွေးပြန်ရင်လည်းအလကားပါပဲ။ နောက်တစ်ခုက မိမိဖတ်သင့်တဲ့စာအုပ်အမျိုးအစားကို မှန်ကန်စွာရွေးချယ်တတ်ဖို့လည်း လိုပြန်ပါသေးတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် မိမိအတွက်အကျိုးရှိမယ့်စာအုပ်ကိုရွေးချယ်ပြီးဖတ်ပါ။ ဖတ်ပြီးတိုင်းလည်း ပြန်ပြီးခြုံငုံသုံးသပ်ပါ။
ဘဝမှာအောင်မြင်မှုရနေတဲ့လူတိုင်း တစ်ခါတော့လဲကျဖူးမှာပါပဲ။ လဲကျတာကပြသနာမဟုတ်ပါဘူး။ ပြန်ပြီးရုန်းထနိုင်ဖို့ပဲ အရေးကြီးတာပါ။ ဒါကြောင့် ဘာပဲလုပ်လုပ် နောင်တမရမိစေဖို့ပဲ ကြိုးစားပါ။ နောင်တမရစေနဲ့ဆိုတာ လုပ်ချင်တာတွေအကုန် ထင်ရာစိုင်းလျှောက်လုပ်ဖို့ ပြောတာလည်းမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် အလုပ်တစ်ခုကို စလုပ်တော့မယ်ဆိုကတည်းက နောင်တမရ ရလေအောင် သေချာရွေးချယ်ဆုံးဖြတ်ပါ။ ကိုယ်တိုင်သေချာတွေးတောပြီး ချလိုက်တဲ့ဆုံးဖြတ်ချက်တွေကိုလည်း အကျိုးဆက်က ဘာတွေပဲဖြစ်လာပါစေ... နောင်တမရပါနဲ့။ ဘဝက အချိန်တွေတိုတောင်းလွန်းပါတယ်။ ဆုံးရှုံးမှုတွေအကြောင်း ထိုင်တွေးနေရင် အောင်မြင်မှုတွေက အိမ်ရှေ့တံခါးဝဆီ အလိုလိုဆိုက်ရောက်လာမှာမဟုတ်ပါဘူး။
၃။ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ
အောင်မြင်သူတွေဟာ သူတို့ရဲ့အချိန်တွေကိုအရမ်းနှမျောတတ်ကြပါတယ်။ Time Management လို့ခေါ်တဲ့ အချိန်ကိုကောင်းစွာစီမံခန့်ခွဲတတ်တဲ့လူတွေဟာလည်း အလုပ်လုပ်ကိုင်ရာမှာ စနစ်တကျရှိလို့ အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ လူတိုင်း လူတိုင်း တစ်နေ့မှာ အချိန် (၂၄) နာရီပဲရကြတာပါ။ ကျွန်တော်တို့နေထိုင်တဲ့မြန်မာနိုင်ငံက လူဦးရေ သန်း(၆၀) ထဲမှာလည်း အောင်မြင်ချင်လို့ ကြိုးစားနေတဲ့သူတွေအများကြီးရှိမှာပါ။ ကြိုးစားအားထုတ်မှုချင်းတူရင်တောင် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲတတ်တဲ့လူတွေက ပိုမိုစမတ်ကျပြီး အောင်မြင်မှုဆီကိုရောက်ဖို့လည်း ခြေတစ်လှမ်းပိုစောပါတယ်။
လူ့အသိုင်းအဝိုင်းထဲမှာ နေနေသရွေ့ ပေါင်းသင်းဆက်ဆံရေးဆိုတာ အလွန်အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတွေဟာ အဆက်အသွယ်လည်းများပြီး အလုပ်လုပ်ရာမှာ သူများတွေထက် အဆင်ပြေချောမွေ့ပါတယ်။ ဘဝမှာမိတ်ဆွေတု၊ မိတ်ဆွေယောင်တွေကြောင့် ထိခိုက်ဆုံးရှုံးရတာတွေထက် မိတ်ဆွေကောင်းတွေကြောင့် အကျိုးစီးပွားတိုးတက်ရတာက ပိုများပါတယ်။ ဒါကြောင့် ဘဝမှာအောင်မြင်ချင်ရင် မိတ်ဆွေကောင်းတွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။
၅။ လမ်းမချော်ပါစေနဲ့
အောင်မြင်သူတွေ အောင်မြင်မှုလမ်းစပေါ်ရောက်ပြီရင် ကြုံရလေ့ရှိတာက လမ်းချော်တာပါ။ အဲဒီအချိန်မှာ အဖျက်အမှောင့်တွေကလည်း များပါတယ်။ ဥပမာ... အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုမှာ နေရာ တစ်နေရာရနေပြီ။ အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့လည်း ပြောလို့ရနေပြီ။ အဲဒီအချိန်မှာ အလုပ်ထဲက စိတ်ညစ်စရာကိစ္စတွေကြောင့် career change (အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းဖို့) ကြိုးစားပါတယ်။ အဲဒီမှာအောင်မြင်မှုနဲ့ လမ်းချော်ထွက်သွားပါပြီ။ ဒါတင်မကသေးပါဘူး။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ပေါက်စလေးတွေဆိုလည်း အရက်၊ ဆေး၊ မိန်းမ၊ လောင်းကစား စတဲ့ အောင်မြင်မှုနဲ့ လမ်းချော်ထွက်စေမယ့် အရာတွေကို တတ်နိုင်သမျှရှောင်နိုင်မှ တော်ကာကျတာပါ။