လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က ဗြိတိန်စာရေးဆရာမ J.K.Rowling ဟာ Harry Potter and the Philosopher Stone စာအုပ်ကိုထုတ်ဝေပြီး "မသေဘဲရှင်ကျန်ရစ်တဲ့ကောင်လေး" နဲ့ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။


လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က ဗြိတိန်စာရေးဆရာမ J.K.Rowling ဟာ Harry Potter and the Philosopher Stone စာအုပ်ကိုထုတ်ဝေပြီး "မသေဘဲရှင်ကျန်ရစ်တဲ့ကောင်လေး" နဲ့ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနေ့ဟာ ဟယ်ရီပေါ်တာ နဲ့ကျွန်တော်တို့သိခွင့်ရခဲ့တာ နှစ် (၂၀) ပြည့်တဲ့နေ့ပါပဲ။ Facebook ကလည်း ဟယ်ရီပေါ်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ဟယ်ရီပေါ်တာကမ္ဘာထဲမှာရှိတဲ့ ဟော့ဂ်ဝပ်ကျောင်းက အဆောင်လေးခုရဲ့နာမည်တွေကိုရေးပြီး ကလစ်နှိပ်လိုက်ရင် မှော်ကြိမ်လုံးလေးပေါ်လာပြီး ကျိန်စာတွေ၊ မီးရှူးမီးပန်းတွေထုတ်ပြအောင် စီစဉ်ထားပါတယ်။

ဟယ်ရီပေါ်တာကမ္ဘာထဲမှာ အစွမ်းထက်မှော်ဆရာတွေ၊ စုန်းတွေအများကြီးကိုကျွန်တော်တို့တွေ သိခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲဒီထဲကမှ အစွမ်းအထက်ဆုံး မှော်ဆရာ (၅)ယောက်ကို ရွေးချယ်ထုတ်နှုတ်ပြလိုက်ပါတယ်။

၅။ ဆီးဗရပ်စ် စနိတ်ပ် (Severous Snape)

1200.jpg 

အမှန်အတိုင်းပြောရရင် ဟယ်ရီပေါ်တာပရိသတ်မှန်သမျှ ပရော်ဖက်ဆာ စနိတ်ပ်ကိုမမုန်းဖူးတဲ့သူမရှိပါဘူး။ Harry Potter and the Half Blood Prince ထဲမှာ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုးကို သတ်ပြီးတဲ့နောက်မှာပိုလို့တောင် မုန်းသွားကြပါသေးတယ်။

ဒါပေမယ့် Harry Potter and the Deathly hallows အပြီးမှာတော့ စနိတ်ပ်အပေါ်ထားတဲ့ ကျွန်တော်တို့ အမြင်တွေ ပြောင်းလဲခဲ့ရပါတယ်။ ဟယ်ရီ့အမေ လီလီကိုချစ်လွန်းလို့ သူ့သားကိုကာကွယ်ဖို့အတွက် မှော်နက်သခင်ကြီး ဗိုလ်ဒီမော့ထ်လက်အောက်မှာ စပိုင်သွားလုပ်ခဲ့တဲ့ စနိတ်ပ်ရဲ့ဇာတ်ကောင်စရိုက်ဟာ ကျွန်တော်တို့ကို ကြီးမားစွာလွှမ်းမိုးခဲ့ပါတယ်။ (ရုပ်ရှင်ကားတွေထဲမှာ စနိတ်ပ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အလန်ရစ်ခ်မန်းကြီး သရုပ်ဆောင်ကောင်းခဲ့တာလည်း ပါတာပေါ့လေ။) အဲဒီလိုု အံ့သြဖွယ်ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေကိုဖယ်ထားလိုက်ရင်တောင် စနိတ်ပ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်တဲ့ မှော်ဆရာတစ်ယောက်ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက မှော်နက်ပညာကို အရမ်းဝါသနာထုံတဲ့ကောင်လေးဘဝတည်းက ဂျိမ်းစ်ပေါ်တာတို့အုပ်စု သူ့ကိုအနိုင်ကျင့်ချင်ရင် အုပ်စုလိုက်အနိုင်ကျင့်ခဲ့ရတာပါ။ ငယ်ငယ်လေးနဲ့ (သွေးနှောမင်းသား) အဖြစ်နဲ့ မှော်ဆေးပညာဘာသာရပ်မှာ အလွန်ထူးချွန်ခဲ့တဲ့အပြင် "Sectumsempra" တို့၊ "Levicorpus" တို့လိုကျိန်စာတွေကိုပါ တီထွင်နိုင်ခဲ့ပါတယ်။ ကျိန်စာတီထွင်တယ်ဆိုတာ တကယ်တော့ အလွန်ရှုပ်ထွေးအန္တရာယ်များပြီး ပါရမီပါတဲ့ မှော်ဆရာတွေမှသာ တီထွင်နိုင်ခဲ့တာပါ။ ဒါကိုစနိတ်ပ်က အသက်ငယ်ငယ်လေးနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။

သူဟာ ဒမ်ဘယ်လ်ဒိုးနဲ့ ဗိုလ်ဒီမော့ထ်ကြားမှာ စပိုင်အဖြစ်နေခဲ့ပြီး မှော်နက်သခင်ကြီး ဗိုလ်ဒီမော့ထ်လို လူမျိုးရဲ့ယုံကြည်မှုကိုကော၊ ဒမ်ဘယ်လ်ဒိုးရဲ့အပြည့်အဝယုံကြည်မှုကိုကော ရရှိခဲ့တဲ့ မှော်ဆရာတစ်ယောက် အဖြစ်ထင်ရှားပါတယ်။ သူ့ရဲ့မှော်ပညာစွမ်းရည်တွေဟာ သူနဲ့လုပ်ဖော်ကိုင်ဘက်ဆရာတွေထက် သာလွန်တယ်ဆိုတာတော့ ငြင်းဆိုဖွယ်ရာမရှိပါဘူး။ (မက်ဂေါ်နာဂေါ်၊ စလက်ဂ်ဟွန်းတို့နဲ့ယှဉ်လာရင်တောင်မှပေါ့။)

၄။ ဂဲလတ်ထ် ဂရင်းဒဲဝေါ

maxresdefault.jpg 

ဟော့ဂ်ဝပ်ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုးရဲ့ ငယ်ဘဝမှာ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဂဲလတ်ထ် ဂရင်းဒဲဝေါဟာ ဟယ်ရီပေါ်တာစာအုပ်တွေထဲမှာတော့ ဇာတ်ကွက်နည်းနည်းပဲရခဲ့တဲ့ မှော်ဆရာတစ်ယောက်ပါ။ (Harry Potter ရဲ့ prequel ဖြစ်တဲ့ Fantastic beasts and where to find them ထဲမှာတော့ အဓိကဇာတ်ကောင်တစ်ယောက်နေရာက ပါလာမယ်လို့ ယူဆရတာပဲ။) ဒါပေမယ့် ဂရင်းဒဲဝေါဟာ ဒမ်ဘယ်လ်ဒိုးနဲ့ လက်ရည်တူယှဉ်ပြိုင်နိုင်တဲ့ မှော်နက်ဆရာလို့ထင်ရှားပြီး မရဏမှော်လက်ဆောင်ထဲက တစ်မျိုးဖြစ်တဲ့ မှော်ကြိမ်လုံးအအိုကြီး (The elder wand) ကိုပိုင်ဆိုင်ခဲ့ဖူးပါတယ်။

မှော်နက်ပညာနဲ့ ပတ်သက်ရင် အလွန်ပါရမီပါပြီး ဗိုလ်ဒီမွန့်ပြီးရင် မှော်နက်ပညာဗဟုသုတအကြွယ်ဝဆုံး မှော်နက်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့ဒမ်ဘယ်လ်ဒိုး ငယ်ငယ်တုံးက မှော်လောကကြီးကို အုပ်စိုးဖို့ကြံစည်ခဲ့ကြပြီး ဒယ်ဘယ်လ်ဒိုးမပါတော့ချိန်မှာလည်း သူတစ်ယောက်တည်း ဆက်လှုပ်ရှားခဲ့ပါတယ်။ တကယ်လို့ဒမ်ဘယ်လ်ဒိုးသာ ဝင်မတားဆီးခဲ့ရင် သူ့ရဲ့မှော်လောကကြီးကို အုပ်စိုးမယ့် အကြံအစည်ဟာ အောင်မြင်လောက်ပါတယ်။ ဂရင်းဒဲဝေါနဲ့ ဗိုလ်ဒီမော့ထ် မတူညီတဲ့အချက်က ဂရင်းဒဲဝေါက တစ်ယောက်တည်းလှုပ်ရှားခဲ့ပြီး သူ့ရဲ့ငယ်ဘဝမှာ Obscurial (Fantastic beast ထဲမှာ တွေ့ရတဲ့ မှော်သတ္တဝါ) တွေကိုသာ စိတ်ဝင်စားပြီး စုဆောင်းဖို့ကြိုးစားခဲ့ပါတယ်။ Obscurial တစ်ကောင်ဖြစ်တဲ့ ဒမ်ဘယ်လ်ဒိုးရဲ့ညီမလေး အာရီအာနာတောင် ဂရင်းဒဲဝေါ၊ ဒမ်ဘယ်လ်ဒိုးနဲ့ အာဘာဖော့ထ်တို့ တိုက်ခိုက်ကြတဲ့ရန်ပွဲမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

နောက်ဆုံးမှာ မှော်လောကကြီးကို မဖြစ်မနေကယ်တင်ဖို့ရှေ့ထွက်လာရတဲ့ ဒမ်ဘယ်လ်ဒိုးနဲ့တိုုက်ခိုက်ခဲ့တဲ့အပြတ်တိုက်ပွဲမှာတော့ ဂရင်ဒဲဝေါဟာ ဒယ်ဘယ်လ်ဒိုးကိုရှုံးနိမ့်ပြီး မှော်ကြိမ်လုံးအအိုကြီးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ ပြီးတော့ ကျန်ရှိနေတဲ့တစ်ဘဝလုံးကို နျူမင်ဂတ်အကျဉ်းထောင်ထဲမှာပဲကုန်ဆုံုးလိုက်ရပြီး နောက်ဆုံးမှာ ဗိုလ်ဒီမော့ထ်လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

၃။ တွမ်မာဘိုလိုရစ်ဒယ် ဂျူနီယာ (မှော်နက်သခင်ကြီး ဗိုလ်ဒီမော့ထ်)

rehost%2F2016%2F11%2F10%2Ffec9fbbe-d8cf-46c8-adf4-557e4435ffa9.jpg 

လော့ဒ်ဗိုလ်ဒီမော့ထ်ဟာ ကမ္ဘာပေါ်မှာအစွမ်းအထက်ဆုံးနဲ့ ကြောက်စရာအကောင်းဆုံးမှော်နက်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာသူ့လိုမျိုး ဝိဉာဉ်ပစ္စည်း (၇) ခုခွဲထွက်ဖူးတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။ ဒါ့အပြင်ကလေးဘဝထဲက ပါရမီပါတဲ့ ဗိုလ်ဒီမော့ထ်ဟာ မှော်နက်ပညာကိုအရူးအမူးလေ့လာလိုက်စားခဲ့ပြီး အစွမ်းထက်မှော်ဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ဒီမော့ဟာ အတ္တနဲ့မာနအလွန်ကြီးတဲ့လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတ္တတွေ၊ မာနတွေကြောင့်ပဲ နောက်ဆုံးမှာရှုံးနိမ့်ခဲ့ရပါတယ်။ ဥပမာပြောရရင် ဟယ်ရီပေါ်တာကို သူ့လက်နဲ့ပဲသတ်ရမယ်လို့ သူ့ရဲ့ ဒတ်အီတာ (Death eaters) အမည်ခံ နောက်လိုက်မှော်နက်ဆရာတွေကို အမိန့်မထုတ်ခဲ့ဘူးဆိုရင် ဟယ်ရီပေါ်တာသေနေတာကြာပါပြီ။ နောက်ပြီး သူနဲ့ဟယ်ရီ နောက်ဆုံးတိုက်ကြတဲ့ တိုက်ပွဲမှာလည်း သူသေမှာမဟုတ်ပါဘူး။ မှော်လောကကြီးကိုလည်း သာသာယာယာအုပ်စိုးနေလောက်ပါပြီ။ ဒါပေမယ့် သူ့ရဲ့အတ္တတွေ၊ မာနတွေကပဲ သူ့ရဲ့ပျက်ဆီးခြင်းတရားကို ဖော်ဆောင်ခဲ့တာပါ။ အချစ်တွေ၊ မေတ္တာတွေ၊ သစ္စာတရားတွေအပေါ်လည်း လုံုးဝအယုံအကြည်မရှိဘဲ အကြောက်တရားသည်သာအောင်မြင်ရာလို့ ထင်မြင်ယူဆထားသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဗိုလ်ဒီမော့ထ်ဟာ စိတ်ကူးကြည့်လို့မရအောင်အစွမ်းထက်ပါတယ်။ ဒမ်ဘယ်လ်ဒိုးကိုယ်တိုင်ဝန်ခံခဲ့တာတစ်ခုကတော့ ဗိုလ်ဒီမော့ထ်ရဲ့မှော်ပညာဗဟုသုတနဲ့ စွမ်းအားဟာ အသက်ရှင်နေတဲ့ ဘယ်မှော်ဆရာထက်မဆို ပိုများတယ်။ သူကိုယ်တိုင်အစွမ်းအထက်ဆုံးဂါထာတွေနဲ့တိုက်ခိုက်ခဲ့ရင်တောင် ဗိုလ်ဒီမော့ထ်ကိုနိုင်ဖို့ မသေချာဘူးဆိုတာပါပဲ။ နှစ်ယောက်ချင်းအပြတ်တိုက်တဲ့နေရာမှာ သူ့ကို နိုင်တဲ့လူ မရှိသလောက်ရှားပြီး အစွမ်းအထက်ဆုံးမှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဒမ်ဘယ်လ်ဒိုးနဲ့ယှဉ်တိုက်နိုင်ခဲ့တာကိုက သူ့ရဲ့စွမ်းရည်ကိုဖော်ပြနေပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ နောက်ဆုံးမှာတော့ ဗိုလ်ဒီမော့ထ်ဟာ သူ့ရဲ့အတ္တကြီးမှုကြောင့် ဟယ်ရီပေါ်တာရဲ့လက်ချက်နဲ့သေဆုံးခဲ့ရပါတယ်။

၂။ အဲဘတ်စ် ဒမ်ဘယ်လ်ဒိုး

d-3.jpg 

အဲဘတ်စ် ဒမ်ဘယ်လ်ဒိုးဟာ ဟော့ဂ်ဝပ်ကျောင်းအုပ်ကြီးတစ်ဦးဖြစ်ပြီး သူ့ခေတ်သူ့အခါမှာအစွမ်းအထက်ဆုံး မှော်ဆရာကြီးလို့ လူသိများပါတယ်။ မှော်ဝန်ကြီးနေရာကို (၃) ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့တဲ့ ဒမ်ဘယ်လ်ဒိုးဟာ ဗိုလ်ဒီမော့တို့၊ ကင်းစလေးတို့၊ ဂျိမ်းပေါ်တာတို့၊ စနိတ်ပ်တို့လို အစွမ်းထက်မှော်ဆရာအများအပြားကိုလည်း သင်ကြားပေးခဲ့တဲ့ ဆရာတစ်ဦးဖြစ်ပါတယ်။

ဒမ်ဘယ်လ်ဒိုးရဲ့အစွမ်းအထက်ဆုံးမှော်ပညာကတော့ မှော်ကြိမ်လုံးအအိုကြီးလည်းမဟုတ်၊ သူသိထားတဲ့မှော်ဂါထာတွေ၊ ကျိန်စာတွေလည်းမဟုတ်ပါဘူး။ သစ္စာတရားကိုကိုးကွယ်ပြီး ချစ်ခြင်းမေတ္တာကို အလေးထားတဲ့ ဒမ်ဘယ်လ်ဒိုးဟာ ကျွန်တော်တို့လိုဟယ်ရီပေါ်တာ ပရိသတ်တွေကို ချစ်ခြင်းမေတ္တာဆိုတာ ကမ္ဘာအစွမ်းအထက်ဆုံုးမှော်ပညာတွေထက် ပိုပြီးလေးနက်တဲ့အကြောင်းကို သင်ကြားပေးခဲ့ပါတယ်။

နောက်ပြီး ဒမ်ဘယ်လ်ဒိုးဟာ မှော်နက်သခင်ကြီးဗိုလ်ဒီမော့ထ်ကြောက်ရတဲ့ တစ်ဦးတည်းသောမှော်ဆရာလို့ လူသိများပါတယ်။ သေခြင်းတရားကိုတောင်ရှောင်ပုန်းနိုင်သူ မှော်နက်ဆရာကြီးကတောင် ကြောက်ရတယ်ဆိုတော့ ဒမ်ဘယ်လ်ဒိုးဟာ ဘယ်လိုမှော်ဆရာမျိုးလဲဆိုတာ သိလောက်ပါပြီ။ Order of Phoenix ထဲက ဗိုလ်ဒီမော့ထ်နဲ့တိုက်ပွဲမှာ အရှုံးအနိုင်ကို ရှင်းအောင်မပြခဲ့ပေမယ့် ဗိုလ်ဒီမော့ထ်ဟာ ဟယ်ရီကိုဖမ်းဆီး အကြပ်ကိုင်ပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက် သူရှုံးတယ်လို့ယူဆနိုင်ပါတယ်။ ဒမ်ဘယ်လ်ဒိုးကတော့ Half Blood Prince ထဲမှာ စနိတ်ပ်ရဲ့လက်ချက်နဲ့သေဆုံးခဲ့ပါတယ်။

၁။ မာလင်

merlin 1.jpg 

ဟယ်ရီပေါ်တာကမ္ဘာထဲမှာ နာမည်ပဲညွှန်းဆိုခံခဲ့ရတဲ့ မာလင်ဟာ အစွမ်းအထက်ဆုံးမှော်ဆရာကြီးဆိုတာ ငြင်းဆိုဖွယ်မရှိပါဘူး။ မာလင်ဟာ စလေးသရင်းအဆောင်ထွက်တစ်ယောက်ဖြစ်ပြီး ဆာလာဇာ စလေးသရင်း (ဟော့ဂ်ဝပ်ကျောင်းတည်ထောင်သူ လေးဦးထဲကတစ်ဦး) ကိုယ်တိုင်သင်ကြားပေးခြင်းကို ခံခဲ့ရတယ်လို့ဆိုကြပါတယ်။

မာလင်ဟာ သာမန်မှော်ဆရာတစ်ယောက်မဟုတ်ပါဘူး။ သူ့ရဲ့နာမည်ဟာခေတ်အဆက်ဆက်မှာ ကျော်ကြားခဲ့ပြီး အားလုံးက ကြောက်ရွံ့လေးစားရတဲ့မှော်ဆရာတစ်ဦးဖြစ်ခဲ့ပါတယ်။ စလေးသရင်းကျောင်းထွက် တစ်ဦးဖြစ်ပေမယ့် မတ်ဂယ်အရေးကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ သမိုင်းမှာကျော်ကြားတဲ့ ဘုရင်အာသာရဲ့ အကြံပေးတစ်ဦးလည်းဖြစ်ပြီး နဂါးတွေကို လူဖြစ်အောင်ဖန်ဆင်းပေးခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလည်းရှိပါတယ်။ သူ့အကြောင်းနည်းနည်းလေးပဲသိရပေမယ့် မာလင်ဟာ သမိုင်းတလျှောက်အထင်ရှားဆုံးနဲ့ အစွမ်းအထက်ဆုံးမှော်ဆရာကြီးဆိုတာကို ငြင်းဆိုဖွယ်ရာမရှိပါဘူး။

Share

Loading Next Article...
က္က