ဇုစ်ဟာ ဂရိနတ်ဘုရားတစ်ပါးဖြစ်ပြီး ကောင်းကင်၊ ရာသီဥတု၊ လေ၊ နဲ့ လျှပ်စီးမိုးကြိုးတွေကိုပိုင်စိုးတယ်လို့ဆိုကြပါတယ်။ သူဟာ အိုလံပစ်နတ်ဘုရားတွေရဲ့ ဘုရင်လည်းဖြစ်ပြီး စွမ်းအားအကြီးဆုံး နတ်ဘုရား (၃) ပါးထဲမှာ အငယ်ဆုံးလည်းဖြစ်ပါတယ်။ ဇုစ်ဟာ သူ့ရဲ့အစ်မလည်းဖြစ်တဲ့ နတ်ဘုုရားမ ဟီရာ (ရောမလို ဂျူနို) နဲ့ တရားဝင်လက်ထပ်ထားပါတယ်။ (အားလုံးလည်းသိကြတဲ့အတိုင်းပဲ... တရားမဝင်ယူထားတာတွေ ကတော့ အများကြီးပေါ့။) သူ့ကို ရောမလူမျိုးတွေကတော့ ဂျူပီတာနတ်ဘုရားဆိုတဲ့နာမည်နဲ့ ကိုးကွယ်ကြပါတယ်။
ဇုစ်တစ်ယောက် ဘယ်လိုလုပ်ပြီး နတ်ဘုရားတွေရဲ့ဘုရင်ဖြစ်လာလဲဆိုတဲ့ အကြောင်းကလည်း စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ကမ္ဘာကြီးဖြစ်ပေါ်ကာစက မိုးကောင်းကင်နဲ့ မြေကြီးပဲရှိတာပါ။ အဲဒီကမှ မိုးကောင်းကင်နဲ့မြေကြီး ပေါင်းစပ်ရာက တိုက်တန်ဆိုတဲ့နတ်ဘုရားတွေ မွေးဖွားလာခဲ့ပါတယ်။ အဲဒီတိုက်တန်နတ်ဘုရားတွေရဲ့ဘုရင်ကတော့ အချိန်ကိုပိုင်စိုးတဲ့နတ်ဘုရား ခရိုးနို့စ်ပဲ ဖြစ်ပါတယ်။ ခရိုးနို့စ်ဆိုတဲ့ နတ်ဘုရားကြီးဟာ သားသမီးတွေမွေးဖွားခဲ့ပေမယ့် သူ့ထီးနန်းကိုပြန်လုမှာကြောက်ပြီး မွေးကင်းစအရွယ်မှာပဲ အကုန်လုံးကို မျိုချပစ်ခဲ့ပါသတဲ့။
အကြီးဆုံးသမီး ဟက်စ်တီရာ ၊ သမီးလတ် ဒီမီတား ၊ သမီးငယ် ဟီရာ၊ သားကြီး ဟေးဒိစ်၊ သားလတ် ပိုစိုက်ဒွန်တို့ကိုမျိုချခဲ့ပြီးနောက်မှာတော့ ခရိုးနို့စ်ရဲ့မိန်းမဖြစ်တဲ့ နတ်ဘုရားမ ရီအာဟာ အငယ်ဆုံးကလေးလေး ဇုစ်ကိုတော့ မျိုချဖို့မပေးဘဲ ဝှက်ထားပြီး ဇုစ်နေရာမှာ ကျောက်တုံးတစ်တုံးကိုပဲ အနှီးနဲ့ပတ်ပြီးပေးခဲ့ပါတယ်။ ဇုစ်လေးကိုတော့ ရီအာဟာ ကျွန်းစောင့်နတ်သမီးလေးတွေဆီမှာ အပ်ထားခဲ့ပြီး စောင့်ရှောက်မွေးယူစေခဲ့ပါတယ်။ ဒီလိုနဲ့ ဇုစ်လေးအရွယ်ရောက်လာတော့ သူ့အဖေမျိုချထားတဲ့ ညီအစ်ကိုမောင်နှမတွေအကြောင်းကိုသိပြီး ကယ်တင်ဖို့အတွက် သူ့အဖေရဲ့ဝိုင်အရက်ခွက်ငှဲ့တဲ့အစေအပါးအဖြစ် ဟန်ဆောင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့အဖေသောက်မယ့် ဝိုင်အရက်ခွက်ထဲမှာအန်ဆေးထည့်ခဲ့တဲ့အတွက် ခရိုးနို့စ်လည်း ဗိုက်ထဲက ကလေးတွေအကုန်လုံးကို အန်ထုတ်ခဲ့ရပါတယ်။ နောက်ပြီး သူ့ရဲ့သားသမီးတွေအကုန်လုံးက ခရိုးနို့စ်ကို ဝိုင်းချုပ်ထားချိန်မှာ ဇုစ်က သူ့အဖေရဲ့လက်နက်ဖြစ်တဲ့ တံဇဉ်းလက်နက်နဲ့သူ့အဖေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပိုင်းသတ်ခဲ့ပါတယ်။ ပြီးတော့ တားတားရပ်စ်လို့ခေါ်တဲ့ အဆုံးအစမရှိနက်တဲ့ အသူရာချောက်ကြီးထဲကိုပစ်ချခဲ့ပါတယ်။
သူ့အဖေသေသွားတော့ ကျန်ရစ်ခဲ့တဲ့ မောင်နှမတွေထဲက ညီအစ်ကို (၃) ယောက်ဖြစ်တဲ့ ဇုစ်၊ ပိုစိုက်ဒွန်နဲ့ ဟေးဒိစ်တို့ဟာ သူ့အဖေပိုင်နက်တွေကို အမွေခွဲကြပါတော့တယ်။ အဲဒီမှာ ဇုစ်က ကောင်းကင်ကိုအပိုင်စားရခဲ့ပါတယ်။ ကောင်းကင်၊ မိုးကြိုးမုန်တိုင်းနဲ့ လေထုဟာ သူ့ရဲ့ပိုင်နက်နဲ့စွမ်းအားဖြစ်ပါတယ်။
ဂရိဒဏ္ဍာရီထဲမှာ ဇုစ်ရဲ့အခန်းကဏ္ဍက မသေးပါဘူး။ ဒဏ္ဍာရီထဲက သူရဲကောင်းတွေဖြစ်တဲ့ ဟာကျူလီတို့၊ ပါစီးယပ်စ်တို့ဟာ ဇုစ်ရဲ့သားသမီးတွေဖြစ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။ အိုလံပီယမ် နတ်ဘုရား (၁၂) ပါးရှိတဲ့အထဲမှာ ဉာဏ်ပညာနတ်ဘုရားမ အေသီနာ၊ လနတ်ဘုရားမ အာတီးမစ်စ်၊ စစ်နတ်ဘုရားအေးရိစ်၊ နေနတ်ဘုရားအာပိုလို၊ ပန်းပဲနတ်ဘုရား ဟီဖေးစတက်စ်၊ ခြေမြန်တော်နတ်ဘုရား ဟားမိစ်နဲ့ ဝိုင်အရက်နတ်ဘုရား ဒိုင်အိုးနီးဆပ်စ်တို့ဟာလည်း သူ့ရဲ့သားသမီးတွေပဲ ဖြစ်ပါတယ်။ နတ်ဘုရားတွေကို ကယ်တင်ခဲ့တဲ့သူလည်းဖြစ်၊ ဉာဏ်ပညာကြီးရင့်ပြီး စွမ်းအားတွေနဲ့လည်း ပြည့်စုံတဲ့ ဇုစ်ကို အိုလံပစ်တောင်တော်ရဲ့အရှင်သခင်နတ်ဘုရားဘုရင်အဖြစ် အသိအမှတ်ပြုကြပါတယ်။ သူ့ရဲ့အမှတ်အသားကတော့ မိုးကြိုးလျှပ်စီးပုံဖြစ်ပြီး အထိမ်းအမှတ်တိရစ္ဆာန်ကတော့ သိမ်းငှက်ပဲဖြစ်ပါတယ်။
ကမ္ဘာ့မျက်နှာပြင်ရဲ့ (၇၁) ရာခိုင်နှုန်းကို ရေမျက်နှာပြင်တွေနဲ့ ဖုံးလွှမ်းထားပြီး အဲဒီရေမျက်နှာပြင်တွေရဲ့ (၉၆.၅) ရာခိုင်နှုန်းခန့်ဟာ ပင်လယ်သမုဒ္ဒရာတွေပဲဖြစ်ပါတယ်။ အဲဒီလို ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာရေပြင်တွေကို ပင်လယ်နတ်ဘုရားပိုစိုက်ဒွန်က ပိုင်စိုးပါတယ်။ ပိုစိုက်ဒွန်ငယ်ငယ်ကဆိုရင် သူ့အဖေခရိုးနို့စ်ကြီးက ဒီကလေးက တနေ့မှာသူ့ကို ဝါးမျိုသွားမှာကိုစိုးရိမ်ပြီး မျိုချခဲ့တယ်လို့ အဆိုရှိပါတယ်။ ပိုစိုက်ဒွန်ကြီးဟာ သူ့ရဲ့ညီဖြစ်သူ ဇုစ်တစ်ယောက် သူတို့ရဲ့ဖခင် ခရိုးနို့စ်ကို ပုန်ကန်တဲ့ပွဲမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။ အနိုင်ရရှိခဲ့ြ့ပီးနောက်မှာ ညီအစ်ကို (၃) ယောက် ဖခင်ဖြစ်သူရဲ့ ပိုင်နက်နယ်မြေတွေကိုု မဲခွဲခဲ့ပြီး ပိုစိုက်ဒွန်က ပင်လယ်ကိုအပိုင်စားရခဲ့ပါတယ်။ သူ့ရဲ့ရောမနာမည်ကတော့ နတ်ပ်ကျွန်းဖြစ်ပါတယ်။
ပိုစိုက်ဒွန်နဲ့ ဇုစ်ဟာ စွမ်းအားချင်းမှာမတိမ်းမယိမ်းဖြစ်နေတော့ အမြဲလိုလိုငြင်းခုန်နေတတ်ပါတယ်။ ဇုစ်ကလည်း သူ့အစ်ကိုလတ်ဖြစ်တဲ့ ပိုစိုက်ဒွန် သူ့ကိုပြန်ပုန်ကန်မှာကိုစိုးရွံ့ခဲ့ပါတယ်။ (တကယ်လည်း တစ်ကြိမ် ပုန်ကန်ခဲ့ဖူးပြီး ဟီဖေးစတက်စ်သာဝင်မကယ်ခဲ့ရင် ပိုစိုက်ဒွန်ခုချိန်လောက်ဆို အိုလံပစ်တောင်ရဲ့ဘုရင်ဖြစ်နေပါပြီ။) အဲဒီလိုစိုးရွံ့ရလောက်အောင်လည်း ပိုစိုက်ဒွန်ရဲ့စွမ်းအားက ကြီးမားပါတယ်။ ဘာလို့လဲဆိုတော့ ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်သမုဒ္ဒရာတွေနဲ့ ပင်လယ်ရေနက်ထဲကသတ္တဝါတွေကို ပိုစိုက်ဒွန်က ပိုင်စိုးလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ ပိုစိုက်ဒွန်ဟာ ပင်လယ်သမုဒ္ဒရာထဲက မုန်တိုင်းကြီးတွေကိုလည်း ပိုင်စိုးပါတယ်။ (ဟာရီကိန်း၊ တိုင်ဖွန်း၊ နာဂစ် ဘာနာမည်ရှိတဲ့မုန်တိုင်းပဲဖြစ်ဖြစ် သူ့ရဲ့လက်ချက်ကြောင့်ပါပဲ။) ဒီလောက်နဲ့တင်သူ့ရဲ့စွမ်းအားတွေက မကုန်သေးပါဘူး။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်က မြေငလျင်အားလုံးဟာလည်း ပိုစိုက်ဒွန်ရဲ့စွမ်းအားကြောင့်ပဲဖြစ်ပါသတဲ့။ အဲဒီလိုရေမျက်နှာပြင်ကိုကော၊ မြေမျက်နှာပြင်ကိုပါ ပိုင်စိုးတဲ့ ပိုစိုက်ဒွန်ရဲ့စွမ်းအားဟာ အလွန်ကြီးမားတာတော့ အမှန်ပါပဲ။
သူကတော့ သူ့ရဲ့ညီမတွေ၊ အစ်မတွေနဲ့ပြန်လက်ထပ်ခဲ့ခြင်းမရှိဘဲ ပင်လယ်ပြင်ပိုင်နက်အောက်က တခြားသတ္တဝါတွေနဲ့ ချစ်ကြည်ရေးရယူဖို့ ပင်လယ်နတ်သမီးတစ်ပါးဖြစ်တဲ့ အမ်ဖီထရိုက်နဲ့လက်ထပ်ခဲ့ပါတယ်။ သူ့ရဲ့နာမည်ကျော်ကြားတဲ့ သားသမီးတွေကတော့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ ထရိုင်တွန်နဲ့ ဂရိဒဏ္ဍာရီထဲမှာ မိုင်နိုတော( ကွှဲတစ်ပိုင်းလူတစ်ပိုင်း သတ္တဝါကြီး) ကိုသတ်ဖြတ်ခဲ့တယ်လို့ထင်ရှားတဲ့ သီးစီးယပ်စ်တို့ပါပဲ။ ဂရိဒဏ္ဍာရီထဲက မကောင်းဆိုးဝါးဖြစ်တဲ့ ကြည့်မိသူတိုင်းကို ကျောက်ရုုပ်ဖြစ်စေတဲ့ မီဒူဆာနဲ့လည်း ကလေးတစ်ယောက်ရခဲ့ပြီး အဲဒီကလေးက နာမည်ကျော်မြင်းပျံဖြစ်တဲ့ ပီဂေးဆပ်စ် (Pegasus) ဖြစ်လာခဲ့ပါတယ်။ ပိုစိုက်ဒွန်ရဲ့ အမှတ်အသားကတော့ သုံးမြှောင့်ခရင်းခွဖြစ်ပြီး အထိန်းအမှတ်တိရစ္ဆာန်ကတော့ မြင်းဖြစ်ပါတယ်။
ဟေးဒိစ်ကတော့ ညီအစ်ကို (၃) ယောက်ထဲမှာ အကြီးဆုံုးဖြစ်ပြီး မြေအောက်ကမ္ဘာနဲ့ ငရဲပြည်ကိုပိုင်စိုးပါတယ်။ သေခြင်းတရားအပေါ်မှာ လွှမ်းမိုးနိုင်ပြီး သက်ရှိပုဂ္ဂိုလ်တွေကို သေဆိုသေ၊ ရှင်ဆိုရှင်ဆိုတဲ့ အမိန့်အာဏာသက်ရောက်နိုင်တဲ့အတွက် သက်ရှိလူသားတွေအားလုံုးက ကြောက်ရွံ့လေးစားကြရပါတယ်။ သူ့ရဲ့ရောမနာမည်ကတော့ ပလူတိုဖြစ်ပါတယ်။
ဟေးဒိစ်ဟာ မွေးရာပါအခွင့်အရေးအရ ခရိုးနို့စ်ရဲ့ထီးနန်းကိုဆက်ခံပိုင်ခွင့်ရှိတဲ့ အကြီးဆုံးသားဖြစ်ပါတယ်။ ဒါပေမယ့် သူဟာနတ်ဘုရားတွေကြား ငြိမ်းချမ်းရေးကိုရှေးရှုပြီး သူ့ရဲ့နေရာကို ညီအငယ်ဆုံး ဇုစ်ကို လွှဲပေးခဲ့ပြီး သူကတော့ မြေအောက်ကမ္ဘာမှာပဲ သွားနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မြေအောက်ကမ္ဘာနဲ့ ငရဲပြည်ဟာ အလွန်ကျယ်ပြောပြီး အမြဲလိုလိုလည်း ထပ်မံတိုးချဲ့နေရပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သေလွန်ပြီးတဲ့လူတွေဟာ သူ့ရဲ့မြေအောက်ကမ္ဘာကိုပဲ သွားကြရလို့ပါပဲ။ ဟေးဒိစ်ရဲ့သေခြင်းတရားအပေါ် အာဏာသက်ရောက်တဲ့စွမ်းအားဟာ ကြီးမားလွန်းတော့ သူ့ကို သူ့ရဲ့ဆွေမျိုးသားချင်းတွေကပါ ကြောက်ရွံ့ကြပါသတဲ့။ ဒါကြောင့်သူဟာ အိုလံပတ်စ်တောင်ပေါ်မှာအနေနည်းပြီး သူ့ရဲ့မြေအောက်ကမ္ဘာမှာပဲ အနေများပါတယ်။ ဟေးဒိစ်ဟာ သေခြင်းတရားကိုပဲပိုင်စိုးတာမဟုတ်ပါဘူး။ ကမ္ဘာမြေပြင်အောက်က ရတနာပစ္စည်းတွေကိုလည်းပိုင်စိုးလို့ သူ့ကို ရှေးခေတ်ဂရိလူမျိုးတွေက "လူချမ်းသာကြီး" လို့ခေါ်ဝေါ်ကြပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူကတော့ စိုက်ပျိုးရေးနတ်ဘုရားမ ဒီမီတားနဲ့ ဇုစ်ရဲ့သမီးဖြစ်သူ ပါဆက်ဖနီပဲဖြစ်ပါတယ်။ ဒါကြောင့်ဟေးဒိစ်ဟာ သူ့ညီအရင်း ဇုစ်ရဲ့သားမက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့လက်နက်ကတော့ ကိုယ်ပျောက်ဦးထုပ်ဖြစ်ပြီး ဆောင်းထားလိုက်ရင် သူ့ကိုဘယ်သူမှမမြင်နိုင်ဘဲ အမှောင်နဲ့ကြောက်ရွံ့ခြင်းကို ထုတ်လွှတ်ပေးနိုင်ပါသတဲ့။ သူ့လက်အောက်မှာ ငရဲမင်း (၃) ပါးရှိပြီး လက်ထောက်ကတော့ သေခြင်းတရားရဲ့ တမန်တော်ဖြစ်တဲ့ သန်နားတို့စ် (အချစ်နတ်ဘုရား ကျူးပစ်ရဲ့အမြွာညီအစ်ကို) ပဲဖြစ်ပါတယ်။ သူ့ရဲ့အမှတ်အသားကတော့ အရိုးခေါင်းဖြစ်ပြီး အထိန်းအမှတ်တိရစ္ဆာန်ကတော့ သူ့ရဲ့အချစ်တော် ခေါင်း (၃) လုံးခွေးကြီးပဲ ဖြစ်ပါတယ်။
Share