လက်ပ်တော့ အပူလွန်ခြင်းကို ကြုံတွေ့နေရပြီဆိုရင် ဒီရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေကိုသုံးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်နော်။
လက်ပ်တော့တွေမှာ default ပါဝါဆက်တင်တွေက high performance ဖြစ်နေတတ်ပါတယ်။ တစ်ခါတလေ ကိုယ်သုံးတာက အွန်လိုင်းပေါ်က ဟိုကြည့်ဒီကြည့်လုပ်တာတို့၊ စာရေးတာတို့လောက်ပဲသုံးပြီး ပါဝါဆက်တင်ကို high performance (စွမ်းဆောင်ရည်အားအမြင့်ဆုံး) မှာထားထားရင် မလိုအပ်ဘဲစက်ကို အလုပ်ပိုခိုင်းမိသလိုဖြစ်တတ်ပြီး စက်ပူစေပါတယ်။
အဲဒီအစား "balance" သို့မဟုတ် "Power Saving" မှာထားထားလိုက်ရင် ကွန်ပျူတာအစိတ်အပိုင်းတွေကို လိုအပ်သလောက်ပဲ အလုပ်လုပ်ဖို့ပြောလိုက်တာနဲ့တူတူပါပဲ။ ဒီနည်းလမ်းက စက်အပူလွန်ခြင်းကို သက်သာစေပါတယ်။ ဂိမ်းဆော့မယ် (ဒါမှမဟုတ်) ရုပ်ရှင်ကြည့်တော့မယ်ဆိုတော့မှ ဆက်တင်ပြန်ချိန်းလို့ရပါတယ်။
ဖုန်မှုန့်တွေကတော့ လေထုထဲမှာအမြဲရှိနေတတ်တော့ ခင်ဗျားရဲ့လက်ပ်တော့မှာလည်း ဖုန်တွေအမြဲတွယ်ကပ်နေမှာပါပဲ။ တွယ်ကပ်တာထက်ပိုဆိုးတာက ဖုန်မှုန့်တွေက ကွန်ပျူတာရဲ့လေဝင်ပေါက်တွေမှာ ပိတ်ဆို့နေတတ်ပြီး ကွန်ပျူတာကို ပိုပူစေတတ်တာပါပဲ။ ဒီတော့ ဖုန်မှုန့်ရှင်းလင်းတဲ့စပရေးဘူးဝယ်သုံးတာပဲဖြစ်ဖြစ် ကွန်ပျူတာသန့်ရှင်းရေးလုပ်တဲ့ ဘရပ်ရှ်သေးသေးလေးနဲ့ သန့်ရှင်းရေးလုပ်ပေးတာပဲ ဖြစ်ဖြစ် လုပ်ဆောင်ပေးသင့်ပါတယ်။
တချို့လက်ပ်တော့တွေက အလုပ်အရမ်းလုပ်ရလို့ အထဲကပန်ကာတွေမနိုင်တာရှိတတ်သလို တချို့လက်ပ်တော့တွေမှာကျတော့ အထဲမှာအအေးခံပန်ကာမပါရှိပါဘူး။ အအေးခံပန်ကာတွေက လက်ပ်တော့ အတွင်းပိုင်းမှာ လေဝင်လေထွက်ကောင်းမွန်စေတဲ့အပြင် အပူချိန်ကိုလည်းလျှော့ချပေးပါတယ်။ နောက်ထပ်ကောင်းတဲ့တစ်ခုက အဲဒီပန်ကာလေးတွေက သယ်ရတာလည်းလွယ်ကူပါတယ်။ ဒါကြောင့် လက်ပ်တော့အတွက် အအေးခံပန်ကာတစ်ခုုလောက်တော့ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
မိမိအလုပ်လုပ်တဲ့အခန်း (ဒါမှမဟုတ်) ကွန်ပျူတာခန်းကို တတ်နိုင်သမျှ အေးအောင်ထားပါ။ လူတွေလိုပဲ ကွန်ပျူတာတွေဟာလည်း အဲလ်ကွန်းကောင်းတဲ့နေရာမှာဆို အလုပ်ကောင်းကောင်းလုပ်ပါတယ်။ ကွန်ပျူတာထားမယ့်အခန်းဟာ တတ်နိုင်သမျှအေးနေမှသာ ကွန်ပျူတာစက်ပစ္စည်းတွေလည်း အပူချိန်တက်ခြင်းဘေးမှကင်းဝေးမှာဖြစ်ပါတယ်။
တစ်ခါတလေ မပြီးပြတ်သေးတဲ့အလုပ်တွေရှိလိုု့ sleep ဆက်တင်မှာပဲထားပြီး ခဏပိတ်ထားရတာကိုနားလည်ပေမယ့် ကွန်ပျူတာကို အကြာကြီး shut down မချဘဲသုံးစွဲခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အပြင်ခဏသွားစရာရှိလို့ လက်ပ်တော့ကို sleep ခဏလုပ်ခဲ့ပြီး အိမ်ပြန်ရောက်ချိန်မှာ လက်ပ်တော့ကြီး မီးလိုပူကျက်နေတာကိုုတော့ ဘယ်သူမှမြင်ချင်မယ်မထင်ပါဘူး။ ဒါကြောင့် မသုံးစွဲတော့ဘူးဆိုရင် shut down ချထားတာက အကောင်းဆုံးပါပဲ။ စက်က windows တစ်ခါတစ်ခါတက်ဖို့ အရမ်းမလေးဘူးဆိုရင်ပေါ့။
Source: Lifewire
Share