MCU ထဲမှာ လိုကီဟာ အိုဒင်ရဲ့မွေးစားသား၊ သောရ်ရဲ့ညီဖြစ်ပေမယ့် နော့စ်ဒဏ္ဍာရီထဲမှာတော့ လိုကီဟာ အိုဒင်နဲ့ သွေးသောက်ညီအစ်ကို တော်စပ်ပြီး သောရ်နဲ့ဆိုရင် တူဝရီးတော်စပ်ပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် Thor: Ragnarok မတိုင်ခင် hype နိုင်ကြစေဖို့ ဒီတစ်ပတ်မှာတော့ နော့စ်ဒဏ္ဍာရီ (ဗိုက်ကင်းဒဏ္ဍာရီ)မှာ အထင်ရှားဆုံးနတ်ဘုရား (၃) ပါးကို ဖော်ပြပေးလိုက်ပါတယ်နော်။
နတ်ဘုရားအားလုံးထဲမှာ အသက်အကြီးဆုံးနဲ့ အစွမ်းအထက်ဆုံးကတော့ နတ်ဘုရားအိုဒင်ပါပဲ။ ကျွန်တော်တို့ရဲ့ပြက္ခဒိန်မှာ ရက်သတ္တပတ် တစ်ပတ်မှာ (၇) ရက်ရှိတဲ့ထဲက ဗုဒ္ဓဟူးနေ့ (Wednesday) ဟာ နတ်ဘုရားအိုဒင်ကို ဂုဏ်ပြုဖွဲ့ဆိုထားတဲ့နေ့ ဖြစ်ပါတယ်။ အိုဒင်ဟာ ဉာဏ်ပညာအလွန်ကြီးရင့်တဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့ရဲ့မျက်လုံးတစ်လုံးကို ဉာဏ်ပညာရရှိဖို့အတွက် စတေးခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကို စတေးခဲ့တဲ့အတွက် အိုဒင်ဟာ rune လို့ခေါ်တဲ့ ဘာသာစကားတစ်မျိုးကို တတ်မြောက်ခဲ့ပြီး rune ဘာသာစကားတွေရဲ့နောက်ကွယ်က မှော်ပညာကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမှော်အစွမ်းကိုလည်း လွယ်လွယ်နဲ့ရရှိခဲ့တာတော့ မဟုတ်ပါဘူး။
မှော်အစွမ်းတွေကိုရရှိဖို့အတွက် အိုဒင်ဟာ သူ့ကိုယ်သူ ကမ္ဘာသစ်ပင်လို့ခေါ်တဲ့ ကမ္ဘာကြီး (၉)ခု (နော့စ်ဒဏ္ဍာရီလာ ဘုံကြီး (၉) ဘုံ) ကိုချိတ်ဆက်ထားတဲ့သစ်ပင် (Yggdrasil) ပေါ်ကနေ (၉) ရက်နဲ့ (၉) ညတိတိ တွဲလောင်းချည်ထားခဲ့ရပါတယ်။ သူ့ရဲ့နံကြားကိုလည်း လှံတစ်ချောင်းနဲ့ထိုးစိုက်ထားခဲ့ပါသေးတယ်။ (၉) ရက်နဲ့ (၉) ညလုံးလုံး ရေတစ်ပေါက်ကိုတောင်သောက်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုနဲ့သေလုမျောပါးအချိန်ရောက်မှ သူ့ရဲ့rune မှော်ပညာတွေ နိုးထလာခဲ့ပြီး ကမ္ဘာသစ်ပင်ပေါ်ကပြုတ်ကျလာခဲ့ပါတယ်။ နောက်ပြီး rune မှော်ပညာကိုလည်း အပြည့်အဝနားလည်သွားပါတော့တယ်။
နတ်ဘုရားအိုဒင်မှာ နာမည်အများကြီးရှိပါတယ်။ အရာအားလုံးရဲ့ဖခင် (all-father)၊ သုတ်သင်သတ်ဖြတ်ခံရသူတွေရဲ့အရှင်သခင် (Lord of the slain)၊ ကြိုးစင်နတ်ဘုရား (The gallows god) စတဲ့ နာမည်တွေနဲ့လည်း ထင်ရှားပါတယ်။ သူဟာအကျဉ်းသားတွေနဲ့ကုန်ပစ္စည်းတွေနဲ့နတ်ဘုရားလည်း ဖြစ်ပါတယ်။ အိုဒင်ဟာနိုင်ငံတိုင်းမှာ နာမည်ပေါင်းစုံနဲ့တည်ရှိပြီး လူတွေကလည်း သူ့ကို ပုံသဏ္ဍာန်ပေါင်းစုံ၊ နာမည်ပေါင်းစုံနဲ့ သိရှိကိုးကွယ်ကြပါတယ်တဲ့။
နတ်ဘုရားအိုဒင်မှာ ဟူဂင် (အတွေး) နဲ့ မူနင် (မှတ်ဉာဏ်) လို့ခေါ်တဲ့ကျီးကန်းနှစ်ကောင်ရှိပါသတဲ့။ အဲဒီငှက်တွေဟာ ကမ္ဘာပေါ်မှာ ဟိုဒီပျံသန်းနေတတ်ပြီး သတင်းတွေကိုရှာဖွေနေတတ်ပါတယ်။ ပြီးတာနဲ့ အိုဒင့်ဆီကို ကမ္ဘာပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကို ပြောပြတတ်ကြပါသတဲ့။
အိုဒင်ဟာ စစ်နတ်ဘုရားတစ်ပါးလည်းဖြစ်ပါသေးတယ်။ ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အိုဒင့်ရဲ့လက်ချက်ကြောင့် ဖြစ်ပါသတဲ့။ တကယ်လို့ တိုက်ပွဲမှာခင်ဗျားမသေဘဲရှင်ကျန်ရစ်ခဲ့ရင် အိုဒင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်ပြီး ကျဆုံးခဲ့မယ်ဆိုရင်တော့ အိုဒင်ရဲ့မျက်နှာသာပေးမှုကိုမရရှိလို့ပဲလို့ ဆိုကြပါတယ်။ တကယ်လို့ တိုက်ပွဲမှာ ရဲဝံ့စွာတိုက်ခိုက်ပြီး ကျဆုံးခဲ့မယ်ဆိုရင်တော့ အိုဒင်ရဲ့ ဗယ်ဟော်လာလို့ခေါ်တဲ့ ခန်းမဆောင်ထဲကို ခေါ်ဆောင်ခံရမှာဖြစ်ပြီး Ragnarok လို့ခေါ်တဲ့ နော့စ်ဒဏ္ဍာရီလာ ကမ္ဘာပျက်ကိန်းမှာ အိုဒင့်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးမယ့် စစ်သည်တော်တစ်ဦးအဖြစ် ရွေးချယ်ခံရမှာဖြစ်ပါတယ်။
အိုဒင်ရဲ့သားတစ်ဦးဖြစ်တဲ့ သောရ် (Thor) ကတော့ လျှပ်စီးမိုးကြိုးတွေကို အပိုင်စားရတဲ့နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ သူ့အဖေက ဉာဏ်နီဉာဏ်နက်များသလောက် သူဟာ ရိုးအပြီး သူ့အဖေက ရှုပ်ထွေးသလောက် သူကတော့စိတ်ရင်းကောင်းပါတယ်။ ကျွန်တော်တို့ပြက္ခဒိန်ရက်သတ္တပတ် (၇) ရက်ထဲက ကြာသာပတေးနေ့ (Thursday) ဟာ Thor's day= Thursday ဆိုပြီး နတ်ဘုရား သောရ်ကို ဂုဏ်ပြုထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
သောရ်ဟာ လူကောင်ကြီးမားပြီး မုတ်ဆိတ်နီကြီးတွေလည်းရှိပါတယ်။ နတ်ဘုရားအားလုံးထဲမှာတော့ သောရ်ဟာ ခွန်အားအကြီးဆုံးဖြစ်ပါတယ်။ Megingjord လို့ခေါ်တဲ့ သူ့ရဲ့မှော်ခါးပတ်က သူ့ရဲ့ခွန်အားကို (၂)ဆ တိုးပွားစေနိုင်ပါသေးတယ်။ သောရ်ရဲ့လက်နက်ကတော့ Mjollnir လို့ လူသိများတဲ့ တူတစ်လက်ပဲဖြစ်ပါတယ်။
MCU ထဲက သောရ်ရဲ့တူကတော့ အားလုံးသိထားကြတဲ့အတိုင်း သောရ်တစ်ယောက်ပဲ မနိုင်ပြီး (သောရ်လို ခွန်အားကြီးပြီး ထိုက်တန်တဲ့လူတွေလည်း မနိုင်အောင် အိုဒင်က မှော်စီရင်ပေးထားပါတယ်) လျှပ်စီးမိုးကြိုးတွေကို Mjollnir နဲ့ဆင့်ခေါ်နိုင်ပါတယ်။ သောရ်ဟာ သူ့ရဲ့တူနဲ့ဧရာမရေခဲလူသားကြီးတွေနဲ့ တောင်ပေါ်နေ ဧရာမလူသားကြီးတွေအများကြီးကို တိုက်ခိုက်နှိမ်နင်းဖူးတဲ့အတွက် သူတို့လူမျိုးစုတွေဟာ သောရ်ရဲ့တူကိုမြင်တာနဲ့ ဒူးတုန်အောင်ကြောက်ကြပါသတဲ့။
သောရ်မှာ သားနှစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ သားနှစ်ယောက်ရဲ့နာမည်ကတော့ မိုဒီ (ဒေါသ) နဲ့ မဂ္ဂနီ (ခွန်အား) ဖြစ်ကြပြီး သမီးရဲ့နာမည်ကတော့ သာ့ဒ် (စွမ်းအား) ဖြစ်ပါတယ်။ သောရ်ရဲ့မိန်းမ ကတော့ ရွှေရောင်ဆံပင်နဲ့နတ်ဘုရားမ ဆစ်ဖ်ပဲ ဖြစ်ပါတယ်။ ဆစ်ဖ်မှာ သောရ်နဲ့မရခင် ကလေးတစ်ယောက်ရဖူးပြီး သောရ်ရဲ့မယားပါသားဖြစ်တဲ့ Ullr ဟာ မုဆိုးတို့ရဲ့နတ်ဘုရား ဖြစ်ပါတယ်။ သောရ်ဟာ နော့စ်ဒဏ္ဍာရီ ထဲမှာ အလွန်အရေးပါတဲ့နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့ကို Asgard (နော့စ်နတ်ဘုရားများနေထိုင်ရာကမ္ဘာ) နဲ့ Midgard (ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာ) ရဲ့ကာကွယ်စောင့်ရှောက်သူအဖြစ်လည်း အသိအမှတ်ပြုထားကြပါတယ်။
MCU ထဲက Loki အဖြစ်သရုပ်ဆောင်တဲ့မင်းသား Tom Huddleston တစ်ယောက် ရုပ်ရည်ချောမောတာကိုတော့ နှုတ်ခမ်းနီမလေးတွေအကုန်လုံး သိထားကြပြီးသားပါ။ ထူးဆန်းတာတစ်ခုက နော့စ်ဒဏ္ဍာရီ ထဲမှာလည်း လိုကီဟာ ရုပ်ရည်အလွန်ချောမောပါသတဲ့။ အက်စ်ဂါ့ဒ် (Asgard) မှာနေထိုင်တဲ့ လူတွေအားလုံးထဲမှာ လိုကီဟာ ဆွဲဆောင်အားအကောင်းဆုံး၊ လူကြိုက်အများဆုံးနဲ့ ဉာဏ်အကောင်းဆုံး နတ်ဘုရား တစ်ပါးဖြစ်ပါတယ်။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ လိုကီရဲ့ရင်ထဲမှာ ဒေါသတွေ၊ မနာလိုမှုတွေ၊ အထီးကျန်မှုတွေနဲ့လည်း ပြည့်နှက်နေပါသတဲ့။
လိုကီရဲ့မိခင်စာ Laufey ဖြစ်ပြီး ဖခင်ကကတော့ Farbauti ဆိုတဲ့ ဧရာမလူသားတစ်ဦးဖြစ်ပြီး Farbauti ဆိုတာ "အန္တရာယ်ကြီးမားတဲ့ရိုက်ချက်တွေကို ရိုက်နှက်သူ" လို့အဓိပ္ပယ်ရပါတယ်။ နာမည်အတိုင်းပဲ Farbauti ဟာ အလွန်အန္တရာယ်ကြီးမားတဲ့ ဧရာမလူသားတစ်ဦးဖြစ်ပါတယ်။
လိုကီဟာ ပျံသန်းနိုင်တဲ့ဖိနပ်ပျံတစ်ရံရှိပြီး ကောင်းကင်ပေါ်မှာအဲဒီဖိနပ်အစွမ်းနဲ့လမ်းလျှောက်နိုင်ပါတယ်။ သူ့ရဲ့အစွမ်းကတော့ ရုပ်သွင်ပြောင်းလဲခြင်းဖြစ်ပြီး ကမ္ဘာ (၉) ခုလုံးက ဘယ်သူနဲ့မဆို တူညီအောင် ရုပ်သွင်ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းအားအစစ်ကတော့ သူ့ရဲ့စိတ်ပဲဖြစ်ပါတယ်။ နတ်ဘုရားတွေထဲမှာကော၊ ဧရာမလူသားထဲမှာပါ လိုကီလောက် ဉာဏ်နီဉာဏ်နက်များတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ နတ်ဘုရားအိုဒင်တောင်မှ လိုကီလောက် ဉာဏ်နီဉာဏ်နက်မများပါဘူး။
လိုကီဟာ အိုဒင်ရဲ့သွေးသောက်ညီအစ်ကိုဖြစ်သလို သောရ်နဲ့လည်း သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ လိုကီကို နတ်ဘုရားတော်တော်များများက သူ့ရဲ့အစအနောက်သန်မှုကြောင့် အမြင်ကပ်ကြပါတယ်။ ဒါပေမယ့် MCU ထဲက လိုကီလိုတော့ အက်စ်ဂတ်နတ်ဘုရားတွေ ပျက်ဆီးရာပျက်ဆီးကြောင်းကိုတော့ မကြံစည်ခဲ့ဖူးပါဘူး။ ဒါပေမယ့် လိုကီရဲ့သားသမီးတွေကတော့ ကမ္ဘာဖျက်မယ့် မကောင်းဆိုးဝါးတွေချည်းဖြစ်ပါတယ်။
လာမယ့်အောက်တိုဘာလမှာ ရုံတင်ပြသမယ့် Thor: Ragnarok ထဲက အဓိကဗီလိန်ဟာ လိုကီရဲ့သမီး ဟဲလ် (Hela) ဖြစ်သလို God of War ဂိမ်းအသစ်ထဲမှာပါလာမယ့် World Serpent ကြီးဟာလည်း လိုကီရဲ့သားဖြစ်ပါတယ်။ လိုကီဟာ အိုဒင်ရဲ့စီးတော်မြင်း Sleipnir ကိုမွေးဖွားပေးခဲ့သလို ကမ္ဘာပျက်မယ့်နေ့ Ragnarok မှာ အိုဒင်ကိုကိုက်သတ်မယ့် ဝံပုလွေ Fenrir လို့ခေါ်တဲ့ ဝံပုလွေ တစ်ကောင်ကိုလည်း မွေးဖွားခဲ့ပေးပါသေးတယ်။
လိုကီဟာ နော့စ်ဒဏ္ဍာရီထဲမှာ အစအနောက်သန်တဲ့နတ်ဘုရားတစ်ပါးမျှသာဖြစ်ပေမယ့် ကမ္ဘာပျက်ကိန်းရောက်ရင်တော့ သူ့ရဲ့သားသမီးတွေနဲ့အတူ အက်စ်ဂတ်နတ်ဘုရားတွေကို တိုက်ခိုက်မှာဖြစ်ပါတယ်။
Source: Neil Gaiman's Norse Mythology
Share