အသက်မွေးဝမ်းကြောင်းအလုပ်အပြင် မိမိရဲ့ဝါသနာနဲ့ဒုတိယဝင်ငွေရှာဖွေနိုင်တာဟာလည်း ကောင်းတဲ့အချက်တစ်ချက်ပါပဲ။


မိမိရဲ့ဝါသနာကို ဝင်ငွေအဖြစ်ပြောင်းလဲရတာ ကောင်းပါတယ်။ ဘယ်သူမဆို အသက်မွေးဝမ်းကြောင်းအလုပ်ကို မိမိဝါသနာပါတာကိုပဲ လုပ်ချင်မှာပါပဲ။ ဒါမှလည်း ပျော်ရွှင်နိုင်မှာကိုး။ နောက်တစ်ခုက အသက်မွေးဝမ်းကြောင်းအလုပ်အပြင် မိမိရဲ့ဝါသနာနဲ့ဒုတိယဝင်ငွေရှာဖွေနိုင်တာဟာလည်း ကောင်းတဲ့အချက်တစ်ချက်ပါပဲ။ ဒါကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဝင်ငွေအဖြစ် ပြောင်းလဲနိုင်တဲ့ ဝါသနာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဘလော့ဂ်ရေးခြင်း

student-849827_1920.jpg 

အရင်ဆုံး ခင်ဗျားစိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုကို ဆွဲထုတ်လိုက်ပါ။ နည်းပညာအကြောင်းဖြစ်ချင်ဖြစ်မယ်။ ရုပ်ရှင်ကားတွေ အကြောင်း ရီဗျူးပြန်မေးတာဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် စာပေဝေဖန်ရေး လုပ်တာဖြစ်ချင်ဖြစ်မယ်။ ဘာအကြောင်းအရာပဲဖြစ်ဖြစ် မိမိစိတ်ပါဝင်စားမယ့်အကြောင်းအရာဖြစ်ဖို့တော့လိုပါတယ်။ ပြီးရင်တခြားဘလော့ဂ်တွေကို လိုက်ဖတ်ပြီး သူတို့ဘယ်လို အလုပ်လုပ်နေလဲဆိုုတာကို လေ့လာပါ။ သူတို့ဆီကနည်းနာတွေကိုယူပြီး မိမိရဲ့ကိုယ်ပိုင်ဟန်နဲ့ ဘလော့ဂ်တစ်ခုကိုတည်ဆောက်ပါ။ နောက်ပြီး အရေးကြီးတာတစ်ခုကတော့ အရည်အသွေးကို အရေအတွက်ထက် ပိုအလေးထားပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာပြိုင်ဆိုင်စရာ တခြားဘလော့ဂ်တွေအများကြီးရှိနေလို့ပါပဲ။

ဘလော့ဂ်ရေးခြင်းဖြင့် ပိုက်ဆံရအောင်ဘယ်လိုလုပ်မလဲဆိုတော့ ကုန်ပစ္စည်းတွေကို ရီဗျူးရေးပေးခြင်း၊ ကောင်းကြောင်းတွေ ပြောပေးခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါတယ်။ ဥပမာ ခင်ဗျားက beauty blogger တစ်ယောက်ဖြစ်ပြီး အလှကုန်ပစ္စည်းတွေရဲ့ ကောင်းကွက်တွေကိုပြောပေးတာတို့၊ Food Blogger တစ်ယောက်ဖြစ်ပြီး စားသောက်ဆိုင်တွေရဲ့ကောင်းကွက်တွေကို ပြောပေးတာတို့လုပ်ပြီး အခကြေးငွေ တောင်းခံနိုင်ပါတယ်။

နောက်ပြီးတကယ်လို့ ခင်ဗျားဝက်ဘ်ဆိုဒ်မှာ သုံးစွဲသူတွေဒေါင်းလုပ်ဆွဲချင်လောက်တဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေတင်ထားပြီး Adfly ခံထားတာလည်း လုပ်လို့ရပါတယ်။ Adfly ခံတယ်ဆိုတာ သုံးစွဲသူဒေါင်းလုတ်ဆွဲချင်တဲ့ အရာဆီမရောက်ခင် ကြားက ကြော်ငြာလင့်ခ်တစ်ခုခံထားပြီး လင့်ခ်ကိုကလစ်နှိပ်သူများရင်များသလို ပိုက်ဆံရတာမျိုးပါ။

၂။ မုန့်ဖုတ်ခြင်း

338546-baking.jpg 

တကယ်လို့ ခင်ဗျားဟာ ချက်တာပြုတ်တာဝါသနာပါပြီး အိမ်မှာလည်း မုန့်ဖုတ်စက် (သို့) oven တစ်လုံးရှိနေမယ်ဆိုရင် ဒီဝါသနာလေးက ခင်ဗျားကိုအကူအညီပေးနိုင်မှာပါ။ အရင်ဆုံး မိမိကျွမ်းကျင်ရာကို ရွေးချယ်ပါ။ ကိတ်မုန့်ဖုတ်မှာလား။ ကွတ်ကီးဖုတ်မှာလား စသဖြင့်ပေါ့။ ပြီးရင် အနီးအနားကစူပါမားကက်တွေမှာဖွင့်လှစ်ထားတဲ့ မုန့်ဆိုင်တွေကိုသွားရောက်လေ့လာပြီး ဘယ်မုန့်မျိုးတွေကို လူကြိုက်အများဆုံးလဲဆိုတာကို အကဲခတ်ပါ။ ပြီးရင်တော့ မုန့်ဖုတ်လို့ရပါပြီ။

မုန့်ဖုတ်ပြီးပိုက်ဆံဘယ်လိုရှာမလဲဆိုတော့ အရင်ဆုံး ကိုယ်ဖုတ်ထားတဲ့ ကိတ်မုန့်လေးတွေ၊ ကွတ်ကီးလေးတွေကို Facebook page (သို့) Instagram ပေါ်မှာတင်ပါ။ တခြားအသုံးပြုသူတွေက စိတ်ဝင်တစား မေးမြန်းလာချင်အောင် မိမိရဲ့တီထွင်ဖန်တီးဉာဏ်ကိုပါ ထည့်သွင်းအသုံးချပါ။ ပြီးရင် မိမိရဲ့ကိတ်မုန့်လေးတွေ၊ ကွတ်ကီးလေးတွေကိုတင်ဖို့ ဘလော့ဂ်တစ်ခုထောင်ပါ။

ဒီနည်းနဲ့ အပေါ်က ဘလော့ဂ်ရေးပြီး ဝင်ငွေရနိုင်တဲ့နည်းလမ်းတွေကိုပါ ပူးတွဲအသုံးချလို့ရပါတယ်။ လူမှုကွန်ရက်နဲ့ ဘလော့ဂ်ပေါ်က မုန့်ပုံလေးတွေကိုကြည့်ပြီး ဝယ်ချင်လို့ကမ်းလှမ်းလာတဲ့လူတွေကိုလည်း ကြုံလာရမှာပါ။ နောက်ဆုံးတစ်ခုကတော့ အနီးအနားက Season တို့၊ Ice Berry တို့လို မုန့်ဆိုင်တွေကိုချဉ်းကပ်ပြီး မိမိရဲ့လက်ရာတွေပြသကြည့်ပါ။ သူတို့စိတ်ဝင်စားရင် ခင်ဗျားနဲ့လက်တွဲလုပ်ကိုင်ဖို့ ကမ်းလှမ်းလာပါလိမ့်မယ်။

၃။ ဗီဒီယိုဂိမ်းဆော့ခြင်း

adicción-a-videojuegos.jpg 

ဗီဒီယိုဂိမ်းဆော့တာကို ဝါသနာပါ ပါသလား။ ဒါဆိုရင် ဗီဒီယိုဂိမ်းဆော့ပြီး ဝင်ငွေရှာဖွေခြင်းက ခင်ဗျားအတွက်အကြံကောင်းတစ်ခု ဖြစ်မှာပါ။ (Noob မဖြစ်ဖို့တော့ လိုတာပေါ့နော် :P) အဲဒီအတွက် အရင်ဆုံး Game စက်ကောင်းကောင်းတစ်ခုတော့ဝယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ခင်ဗျားက Console သမားဆိုရင် PS3 တို့၊ Xbox တို့ဝယ်သင့်ပြီး PC သမားဆိုရင်တော့ ဂရပ်ဖစ် ကောင်းကောင်း၊ processor ကောင်းကောင်း ကွန်ပျူတာတစ်လုံးအရင်ဝယ်ရပါမယ်။

ပြီးရင်ခင်ဗျားနှစ်သက်ရာဂိမ်းတွေကိုဆော့ပြီး မိမိရဲ့လျင်မြန်ဖျတ်လတ်မှုနဲ့ ဗျူဟာချမှတ်တဲ့ skill တွေကိုမြှင့်တင်ပါ။ အွန်လိုင်းက Let's play ဗီဒီယိုတွေကို ကြည့်ပြီး တခြားဂိမ်မာတွေဘယ်လိုဆော့လဲဆိုတာကို လေ့လာပါ။

ဂိမ်မာတွေဘယ်ကနေဝင်ငွေရလဲဆိုတော့ နိုင်ငံခြားမှာတော့ Game development ကုမ္မဏီတွေမှာ ဂိမ်းတွေကို စမ်းသပ်ကစား ပေးရာက အခကြေးငွေရပါတယ်။ ဒီမှာတော့ Game development ကုမ္မဏီ အကြီးကြီးတွေ ခေတ်မစားသေးတော့ ဂိမ်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဘလော့ဂ်ရေးတာတို့၊ ခင်ဗျားက နာမည်ကြီးဂိမ်မာတစ်ယောက်ဆိုရင် ခင်ဗျားလာဆော့ရင် ဆိုင်မှာလူစည်တယ်ဆိုပြီး ဂိမ်းဆိုင်တွေက အခကြေးငွေပေးပြီးခေါ်ထားတာတို့ကနေ ဝင်ငွေရနိုင်ပါတယ်။

နောက်တစ်ခုကတော့ အခုချိန်မှာ e-sports က အကြီးအကျယ်ခေတ်စားနေချိန်ဆိုတော့ ဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုငွေရယူတာပါ။ အရေးကြီးတာက ကိုယ့် skill က ဂျွတ်နေဖို့ပါပဲ။

၄။ ဆိုရှယ်မီဒီယာ

social-media-mobile-icons-snapchat-facebook-instagram-ss-800x450-3-800x450.jpg 

ဒါကတော့ လူသုံးအများဆုံး ငွေရှာနည်းတစ်ခုဖြစ်ပါလိမ့်မယ်။ ခင်ဗျားရဲ့ဖေ့စ်ဘွတ်ခ်အကောင့်ထဲမှာလည်း အဲဒီလိုဖော်လိုဝါ (follower) များလာအောင်အရင်လုပ်ပြီး ကြော်ငြာတွေတင်နေတဲ့ ဆိုရှယ်အင်ဖလူအန်ဆာ (Social Influener) တွေကို တွေ့မိမှာပါ။ ဒီနည်းနဲ့ငွေရှာချင်တယ်ဆိုရင်တော့ အရင်ဆုံး မိမိကျွမ်းကျင်ရာနယ်ပယ်တစ်ခုခုကို ရွေးချယ်ပါ။ နိုင်ငံရေးလား။ ဟာသလား။ ကဗျာတွေစာတွေလား။ မိမိနှစ်သက်ရာ တစ်လိုင်း (သို့) လိုင်းပေါင်းစုံ မထသဖြစ်အောင် ရောသမမွှေပြီးရေးပါ။

အဓိက က ခင်ဗျားရေးတာတွေကို ခင်ဗျားရဲ့အကောင့်ထဲက လူတွေက လက်ခံပြီး share လာဖို့ပါပဲ။ ဒါမှ ဖော်လိုဝါတိုးမယ်လေ။ မိမိရဲ့ နာမည်ကိုလည်း ခေါ်ရလွယ်ပြီး နားစွဲလွယ်တဲ့နာမည်မျိုးပေးပါ။ ဒါပေမယ့် သူများထက်တော့ ထူးခြားနေပါစေ။

ပြီးရင်တော့ ဖော်လိုဝါရှာနိုင်ပါပြီ။ လက်ရှိပရိသတ်က ဘယ်လိုအကြောင်းအရာမျိုးကို စိတ်ဝင်တစားရှိလဲဆိုတာကို လေ့လာပြီး အဲဒီအကြောင်းစာများများရေးပါ။ ဒါမှမဟုတ် ဗီဒီယိုတွေဖန်တီးပါ။ လူတွေ share လောက်၊ Like လောက်တဲ့ content မျိုးကိုဖန်တီးပါ။ မိမိနဲ့နယ်ပယ်တူထဲက နာမည်ကြီးပြီးသား social influencer တွေရဲ့အကောင့်ကို follow လုပ်ပြီး ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ။ ပြီးရင်သူတို့ရဲ့ ဖော်လိုဝါကိုလည်း ကိုယ့်ဖော်လိုဝါဖြစ်လာအောင်လုပ်ပါ။

လူမှုကွန်ရက်ပေါ်မှာ တတ်နိုင်သမျှအချိန်များများဖြုန်းပါ။ ထူးထူးခြားခြားသတင်းတစ်ခုခုတက်လာတာနဲ့ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင် စဆရက လုပ်ပြီး content ရေးပါ။ ဖော်လိုဝါများများတက်မှသာ social influencer ဖြစ်နိုင်မှာကိုး။

ဖော်လိုဝါ ပမာဏများများရပြီဆိုတာနဲ့ ကုန်ပစ္စည်း Brand တွေကိုဆက်သွယ်နိုင်ပါပြီ။ ဒါမှမဟုတ် သူတို့က ဆက်သွယ်လာပါလိမ့်မယ်။ ပြီးရင် မိမိရဲ့ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ စာတွေမှာ အဲဒီ ကုန်ပစ္စည်းအကြောင်း ပါအောင်ထည့်ပြောပေးရုံပါပဲ။ ဒါမှမဟုတ် ကုန်ပစ္စည်းတွေရဲ့ Like and share နဲ့ဆုပေးတဲ့ပွဲတွေမှာ ဖော်လိုဝါအားကိုးနဲ့ ဝင်ပြိုင်ပြီး အနိုင်ရအောင်လုပ်ပါ။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင် Online shop တစ်ခုတွဲလုပ်ပြီး ဖော်လိုဝါတွေကို ကုန်ပစ္စည်းရောင်းစားပါ။ ဒါမှမဟုတ်ရင်လည်း အရောင်းသမားတွေနဲ့ ပေါင်းပြီး မိမိရဲ့အကောင့်မှာ ကုန်ပစ္စည်းကြေညာပေးခြင်းဖြင့် အရောင်းကော်မရှင်ပမာဏတစ်ခုကိုတောင်းခံပါ။

Source: DailyInfographic


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က