အမျိုးသမီးတို့သဘာဝ အရွယ်ရောက်လာတာနဲ့ ဓမ္မတာစီးဆင်းမှု စပါတယ်။ မြီးကောင်ပေါက်အရွယ်ကနေ အသက် ၄၀ ကျော်အထိ လစဉ် ဓမ္မတာစီးဆင်းမှု ဖြစ်လာခဲ့ရာက ၄၅ နှစ်ဝန်းကျင်လောက်မှာတော့ ရပ်တန့်သွားပါတော့တယ်။ သွေးဆုံးတယ်လို့ ခေါ်ကြတယ်။ သွေးဆုံးတဲ့အချိန်မှာ အမျိုးသမီးအများစုဟာ သက်တောင့်သက်သာ ဖြစ်လေ့မရှိပါဘူး။ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရလေ့ရှိတာပါပဲ။
ငယ်ရွယ်စဉ်တုန်းကတော့ တင်ပဆုံရိုးနားက ကြွက်သားတွေ တင်းရင်းမှုရှိပေမဲ့ သွေးဆုံးချိန်မှာတော့ ကြွက်သားတွေလျော့ရဲလာပါတယ်။ သွေးဆုံးပြီးနောက်မှာ လျော့ရဲသွားတော့ ကြွက်သားတွေကြောင့် ဆီးအိတ်၊ အူ၊ မိန်းမကိုယ်တို့ အောက်ကိုလျော့ကျလာတတ်ပါတယ်။ သွေးဆုံးချိန်မှာ ကိုယ်အလေးချိန်တက်လာတာကြောင့်လည်း ဖိအားသက်ရောက်မှုပိုများသွားပါတယ်။
အသက်ငယ်တုန်းကတော့ အသည်းကလည်း ကျန်းမာရေးကောင်းတယ်။ အရက်တွေသောက်၊ ရောဂါပိုးဝင်လို့ ထိခိုက်တာတွေကိုလည်း အလိုလိုပြန်ကုစားပေးနိုင်တယ်။ သွေးဆုံးချိန်ကြောင့် အီစထရိုဂျင်ဟော်မုန်း အပြောင်းအလဲဖြစ်လာခြင်းဟာ အသည်းကိုပါ သက်ရောက်မှုရှိပါတယ်။
မောပန်းနွမ်းနယ်တယ်၊ စိတ်တိုတယ်၊ အမြဲလိုလို ပူအိုက်နေတယ်။ ဒါတွေက သွေးဆုံးကိုင်ခြင်းရဲ့ ပုံမှန်လက္ခဏာတွေပါ။ ဒါလည်းပဲ အီစထရိုဂျင်ကို လွှဲချရမယ်။ ဒီဟော်မုန်းပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်ပြီး အလိုလိုပြောင်းလဲကုန်တာ။
သွေးဆုံးချိန်မှာ ဖြစ်ရတဲ့ ပြဿနာတစ်ခုကတော့ မျက်လုံးရဲ့ အပေါ်ယံလွှာကို ကာထားတဲ့ အဆီလွှာလေးခြောက်သွေ့မှုကို ကြုံရတာပါပဲ။ မျက်လုံးတွေ ကြည့်ရတာ သိပ်အဆင်မပြေဘူး။ ခြောက်ကပ်နေတယ်။ မျက်စိဆရာဝန်နဲ့ ပြဖို့လိုပါတယ်။
အသက်ကြီးလာလို့ အိုမင်းလာတဲ့အခါ နားတွေသိပ်မကောင်းတော့ဘူး။ အကြားအာရုံလျော့နည်းလာတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာတော့ မအိုမင်းခင်တည်းက သွေးဆုံးကိုင်တာနဲ့ ရင်ဆိုင်ရလို့ အကြားအာရုံအားနည်းလာတာကို စောစောကြုံရလေ့ရှိပါတယ်။
ညဘက်ဆို ချွေးတွေအရမ်းထွက်လို့ အိပ်မပျော်ဘူး။ အိပ်ချိန်တွေလည်း မမှန်တော့ဘူး။ အိပ်နေရင်းနဲ့လည်း ပြန်ပြန်နိုးတယ်။ သွေးဆုံုးပြီးတဲ့ အမျိုးသမီးတိုင်း ဒီဖြစ်စဉ်မျိုးနဲ့ ကြုံရလေ့ရှိပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာကတော့ ဆီးချိုနဲ့ လေဖြတ်ခြင်းတို့လို ဆိုးကျိုးတွေပါပဲ။
Source : Prevention
Share