ဂရိအင်ပါယာကြီးဟာ တချိန်ကအလွန်ကျယ်ပြန့်ပြီး တစ်ကမ္ဘာလုံးနီးပါးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ အင်ပါယာကြီးတစ်ခုလည်း ဖြစ်ပါတယ်။
 

ဂရိအင်ပါယာကြီးဟာ တချိန်ကအလွန်ကျယ်ပြန့်ပြီး တစ်ကမ္ဘာလုံးနီးပါးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ အင်ပါယာကြီးတစ်ခုလည်း ဖြစ်ပါတယ်။ အီဂျစ်အင်ပါယာလွန်ပြီးနောက်မှာ ဂရိလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ ဘာသာရေး သင်္ကေတတွေဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါတယ်။ ဂရိအင်ပါယာကိုလွှမ်းမိုးသိမ်းပိုက်နိုင်ခဲ့တဲ့ ရောမအင်ပါယာဟာလည်း ဂရိလူမျိုးတွေရဲ့ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်ခံယူခဲ့ရပါတယ်။

ဒီနေ့မှာတော့ ဂရိဒဏ္ဍာရီထဲမှာ အထင်ရှားဆုံးနတ်ဘုရားမ (၃) ပါးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ အက်ဖရိုဒိုက်တီ (Aphrodite)

5x23-11.jpg 

အချစ်နတ်ဘုရားမလို့ လူသိများကြတဲ့ အက်ဖရိုဒိုက်တီဟာ ဂရိဒဏ္ဍာရီမှာထင်ရှားတဲ့နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။ လူသားတိုင်းအချစ်နဲ့မကင်းနိုင် လို့ဆိုကြတဲ့အတိုင်း ကျွန်တော်တို့တွေ တွေ့ကြုံခံစားနေရတဲ့ အချစ်ဇာတ်လမ်းတွေ၊ သာယာပျော်ရွှင်မှုတွေ၊ နာကျင်ခံစားရမှုတွေအားလုံးကို နတ်ဘုရားမ အက်ဖရိုဒိုက်တီရဲ့လက်ချက်ကြောင့်ပါပဲ။ သူမဟာ အချစ်၊ အလှတရား၊ သာယာပျော်ရွှင်မှု၊ နုပျိုမှုတို့ကို အပိုင်စားရတဲ့ တန်ခိုးကြီးနတ်ဘုရားမတစ်ပါး ဖြစ်ပါတယ်။

သူမရဲ့တန်ခိုးက နတ်ဘုရားတွေအပေါ်ကိုတောင် လွှမ်းမိုးနိုင်လို့ သူမကြောင့် ဂရိနတ်ဘုရားတွေကြားထဲမှာတောင် ဇာတ်လမ်းတွေရှုပ်ခဲ့ရတာလည်း မနည်းပါဘူး။ သူမရဲ့ရောမနာမည်ကတော့ ဗီးနပ်စ် (Venus) ဖြစ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာရဲ့ ဂြိုဟ်နီးနားချင်း သောကြာဂြိုဟ် (Venus) ဟာလည်း သူမကိုဂုဏ်ပြုမှည့်ခေါ်ထားတာဖြစ်ပါတယ်။

အက်ဖရိုဒိုက်တီမွေးဖွားလာပုံကတော့ နည်းနည်းတော့ထူးဆန်းပါတယ်။ အိုလမ်ပီယမ်နတ်ဘုရားတွေ တိုက်တန်နတ်ဘုရားတွေကို အနိုင်ယူပြီး ထီးနန်းကိုမသိမ်းပိုက်နိုင်ခင် ကမ္ဘာဦးတုံးက ကောင်းကင်နတ်ဘုရား ယူရေးနပ်စ် (Uranus) နဲ့ မြေကြီးနတ်ဘုရားမ (Gaea) ဆိုပြီး နတ်ဘုရား (၂) ပါးပဲရှိပါသတဲ့။ ကောင်းကင်နဲ့မြေကြီး ပေါင်းဖက်ကြရာကမှ တိုက်တန်နတ်ဘုရားတွေ ပေါက်ဖွားလာကြပါတယ်။ တိုက်တန်နတ်ဘုရားတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ခရိုးနို့စ် (Cronus) ဟာ သူ့ဖခင်ယူရေးနပ်စ်ကို အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ပြီး သူ့ဖခင်ရဲ့ မျိုးပွားအင်္ဂ ါပစ္စည်းကို ပင်လယ်ထဲကို ပစ်ချခဲ့ပါတယ်။

ပင်လယ်ရေနဲ့ ကောင်းကင်နတ်ဘုရားရဲ့တန်ဆာတို့ထိတွေ့ပြီး ပင်လယ်ရေမြှုုပ်ဖြစ်ပေါ်ခဲ့ရာကမှ နတ်ဘုရားမ အက်ဖရိုဒိုက်တီလည်း ရေမြှုပ်ထဲကနေ မွေးဖွားလာခဲ့ပါတယ်။ တနည်းအားဖြင့် သူမဟာ ကောင်းကင်နတ်ဘုရား ယူရေးနပ်စ်နဲ့ ပင်လယ်တို့ပေါင်းဖက်ရာမှ မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ရှေးသင်္ဘောသားတွေက ကောင်းကင်နဲ့ပင်လယ်ထိစပ်ရာ မိုးကုပ်စက်ဝိုင်း (horizon) ကို အချစ်နတ်ဘုရားမ (အက်ဖရိုဒိုက်တီ) ရဲ့နေရပ်လို့ယူဆပြီး ဦးတည်မောင်းနှင်ကြတာပါပဲ။

ကောင်းကင်နတ်ဘုရားရဲ့နောက်ဆုံးသမီးတော်ဖြစ်တာကြောင့် အက်ဖရိုဒိုက်တီဟာ တော်တော်လေးကိုတန်ခိုးကြီးပါတယ်။ သူမရဲ့အလှအပနဲ့ အချစ်ကို ပိုင်စိုးတဲ့စွမ်းပကားတွေကြောင့် နတ်ဘုရားတွေကြားမှာကော၊ လူသားတွေကြားမှာပါ ဖြစ်ပွားရတဲ့စစ်ပွဲတွေမနည်းပါဘူး။ အထင်ရှားဆုံးဥပမာကတော့... ဂရိဒဏ္ဍာရီထဲမှာထင်ရှားတဲ့ ထရိုဂျင် (Trojan) စစ်ပွဲဟာ သူမကြောင့်ဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း နတ်ဘုရားတွေကြားမှာကော၊ လူသားတွေကြားမှာပါ ပြဿနာမဖြစ်ရလေအောင် နတ်ဘုရားတို့ရဲ့ဘုရင် ဇုစ် (Zeus) က သူမကို ပန်းပဲနတ်ဘုရား ဟီဖေးစတက် (Hephaestus) နဲ့ ပေးစားခဲ့ပါတယ်။

ဟီဖေးစတက်နဲ့ အလိုမတူဘဲလက်ထပ်ခဲ့ရပေမယ့် အက်ဖရိုဒိုက်တီဟာ စစ်နတ်ဘုရားအေးရိစ် (Ares) နဲ့ ပေါ်တင်ပဲတွဲခဲ့ပါတယ်။ အချစ်နတ်ဘုရားမကိုယ်တိုင် သစ္စာဆိုတာကို အယုံအကြည်မရှိတဲ့နောက် ကမ္ဘာပေါ်မှာအချစ်ဆိုတဲ့အကြောင်းပြချက် ခေါင်းစဉ်အောက်ကနေ သစ္စာဖောက်ဖျက်မှုတွေ ရှိနေတာဟာ အံ့သြဖွယ်မဟုတ်တော့ပါဘူး။

အက်ဖရိုဒိုက်တီဟာ ကမ္ဘာပေါ်က လူသားတွေနဲ့ချစ်ဇာတ်လမ်းတွေရှိခဲ့ဖူးပါတယ်။ အထင်ရှားဆုံးကတော့ ထရွိုင်မြို့က မင်းသားတစ်ပါးဖြစ်တဲ့ အန်ခိုင်းဆိစ် (Anchises) နဲ့ချစ်ပွဲဝင်ခဲ့ပြီး ထရိုဂျင်စစ်ပွဲသူရဲကောင်း တစ်ယောက်ဖြစ်တဲ့ အန်နီးယပ်စ် (Aeneus) ကိုမွေးဖွားခဲ့တာပါပဲ။ သူရဲကောင်း အန်နီးယပ်စ်ကို ဂရိကဗျာဆရာကြီး ဟိုးမား (Homer) က သူ့ရဲ့ Iliad ဆိုတဲ့ ကဗျာရှည်ကြီးထဲမှာဖော်ပြခဲ့ပါတယ်။ အန်နီးယပ်စ်ဟာ နောက်ပိုင်းမှာရောမအင်ပါယာကိုထူထောင်သူတစ်ဦးဖြစ်ခဲ့တဲ့အတွက် သမိုင်းမှာရောမအင်ပါယာကြီးဖြစ်လာစေဖို့အတွက် အကျိုးပြုခဲ့သူတစ်ဦးလို့ဆိုနိုင်ပါတယ်။

၂။ အေသီနာ (Athena)

athena-8.jpg 

အသိပညာ၊ လက်မှုပညာနဲ့ စစ်ပွဲတို့ကိုအပိုင်စားရတဲ့ နတ်ဘုရားမကတော့ နတ်ဘုရားမ အေသီနာပဲဖြစ်ပါတယ်။ အေသီနာဟာ စစ်နတ်ဘုရား အေးရိစ် (Ares) ထက်ပိုကြောက်ဖို့ကောင်းတာက သူမရဲ့ဉာဏ်ပညာကြောင့်ပါပဲ။ ထစ်ခနဲရှိတာနဲ့ ဒေါသထွက်တတ်ခြင်းမရှိဘဲ စစ်ပွဲတစ်ခုကိုတိုက်တော့မယ်ဆိုရင် အသေအချာသေနင်္ဂဗျူဟာတွေဆွဲတတ်လို့ နတ်ဘုရားဇုစ်တောင် သူမနဲ့ရန်သူဖြစ်ရမှာကို ကြောက်ရွံ့ပါတယ်။ သူမရဲ့ရောမနာမည်ကတော့ မီနာဗာ (Minerva) ဖြစ်ပါတယ်။

အေသီနာမွေးဖွားလာပုံဟာလည်း အက်ဖရိုဒိုက်တီလိုပဲ ထူးဆန်းပါတယ်။ အိုလီပီယမ်နတ်ဘုရားတွေရဲ့ဘုရင် ဇုစ်ဟာလည်း သူ့အဖေတို့၊ သူ့အဘိုးတို့လိုပဲ သားသမီးကပြန်ပုန်ကန်မှာကို ကြောက်ရွံ့ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါသားမှာ ဇုစ်ကြီးဟာ သူ့မိန်းမဟီရာအလစ်မှာ နတ်ဘုရားမ မီးတစ်စ် (Metis) နဲ့ဖောက်ပြန်ခဲ့ပါတယ်။ အဲဒီလိုဖောက်ပြန်ပြီးမှ မီးတစ်စ်ကမွေးဖွားလာတဲ့ သားသမီးတွေဟာ ဖခင်ဖြစ်သူထက် ပိုမိုစွမ်းအားကြီးမားမယ်ဆိုတဲ့ ကြိုဟောစကားရှိတာကြောင့် နန်းချခံရမှာကိုကြောက်ရွံ့ပြီး မီးတစ်စ်ကို အရှင်လတ်လတ်မျိုချခဲ့ပြန်ပါတယ်။ ဒါပေမယ့် နောက်ကျသွားတာတစ်ခုက သူမျိုချလိုက်ချိန်မှာ မီးတစ်စ်က ကိုယ်ဝန်လွယ်ထားရပါပြီ။

ဒီလိုနဲ့ အချိန်ကြာလာတော့ ဇုစ်ဟာပြင်းထန်ဆိုးဝါးတဲ့ခေါင်းကိုက်ဝေဒနာကိုခံစားလာရပါတယ်။ မနေနိုင်လွန်းလို့ နန်းတော်တစ်ခုလုံးကြားအောင် အော်ဟစ်နေရတဲ့ ဇုစ်ရဲ့ဝေဒနာသက်သာအောင် ပန်းပဲနတ်ဘုရား ဟီဖေးစတက်စ်က ဦးခေါင်းကို ဆောက်နဲ့ထွင်းပေးလိုက်တဲ့အခါကျမှ ဇုစ်ရဲ့ဦးခေါင်းထဲက အေသီနာဟာချပ်ဝတ်တန်ဆာအပြည့်အစုံနဲ့ ခုန်ထွက်လာခဲ့ပါတယ်။ ဇုစ်ရဲ့ဦးခေါင်းထဲက မွေးဖွားခဲ့တဲ့အတွက် အေသီနာဟာ နတ်ဘုရားအားလုံးထဲမှာ ဉာဏ်အမျှော်အမြင်နဲ့အပြည့်စုံဆုံး နတ်ဘုရားမတစ်ပါးဖြစ်ပြီး သူမကို ဖခင်ဖြစ်သူကပါ တစ်နေ့မှာပုန်ကန်လာမလားဆိုတဲ့အသိနဲ့ ကြောက်လန့်ခဲ့ပါတယ်။

အေသီနာဟာ အေသင်မြို့ရဲ့အစောင့်အရှောက်နတ်ဘုရားမတစ်ပါးလည်းဖြစ်ပါတယ်။ အေသီနာဟာ တခြားနတ်ဘုရားတွေနဲ့ ကွဲပြားစွာပဲ အိမ်ထောင်ပြုခဲ့ခြင်းမရှိတာကြောင့် သူမကို Athena Parthenos (အပျိုစင်နတ်ဘုရားမ အေသီနာ) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဂရိလူမျိုးတွေရဲ့အကျော်ကြားဆုံးအနုသုခုမလက်ရာတစ်ခုဖြစ်တဲ့ Parthenon ဘုရားကျောင်းဟာလည်း အေသင်မြို့မှာတည်ရှိပြီး အေသင်မြို့သားတွေဟာ နတ်ဘုရားမအေသီနာကို ဂုဏ်ပြုတဲ့အနေနဲ့တည်ဆောက်ထားကြတာပါ။ ဘာပဲဖြစ်ဖြစ် အေသီနာဟာ ဂရိဒဏ္ဍာရီမှာအရေးအပါဆုံးနတ်ဘုရားတစ်ပါးဆိုတာကို ငြင်းပယ်စရာမရှိပါဘူး။

၃။ အားတီးမစ်စ် (Artemis)

Artemis.jpg 

အားတီးမစ်စ် ကိုတော့ သူမရဲ့ရောမနာမည် ဒိုင်ယာနာ (Diana) ဆိုတဲ့နာမည်နဲ့ လူသိပိုများကြပါတယ်။ ကမ္ဘာပေါ်ကလူမျိုးစုတွေရဲ့ ပုံပြင်တွေထဲမှာ နတ်ဘုရားမ အားတီးမစ်စ် တဖြစ်လဲ ဒိုင်ယာနာကို လနတ်သမီးအဖြစ် သရုပ်ဖော်ကြပါတယ်။ ကျွန်တော်တို့မြန်မာ နိုင်ငံရဲ့ကျေးလက်ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ "ရွှေလမှာယုန်ဝပ်လို့၊ ဆန်ဖွပ်တဲ့အဘိုးအို" ပုံပြင်ထဲက ဆန်ဖွပ်တဲ့အဘိုးအိုကို လပေါ်ကို ခေါ်သွားခဲ့တဲ့ လနတ်သမီးဟာလည်း ဒိုင်ယာနာကိုရည်ညွှန်းတယ်လို့ယူဆရပါတယ်။

နာမည်ကြီး ဂျပန်ကာတွန်းကား Naruto ထဲက လနတ်သမီး Kaguya ဆိုတာဟာလည်း ဒိုင်ယာနာဒဏ္ဍာရီကပဲ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်။ သူမဟာ လကိုအပိုင်စားရသလို ကမ္ဘာမြေပေါ်က တောနက်ဒေသတွေကိုလည်းအပိုင်စားရပြီး ကမ္ဘာပေါ်မှာ လျှောက်သွားပြီး အမဲလိုက်နေတာနဲ့ သူမရဲ့အချိန်တွေကို ကုန်ဆုံးပါတယ်။ ဒါကြောင့် သူမဟာ မုဆိုးတွေရဲ့နတ်ဘုရားမလည်း ဖြစ်ပါတယ်။

အားတီးမစ်စ်ဟာ နတ်ဘုရား ဇုစ်နဲ့ နတ်ဘုရားမ လီတို (Leto) တို့ရဲ့သမီးဖြစ်ပြီး သူမရဲ့အမြွာအကိုကတော့ နေနတ်ဘုရား အာပိုလို (Apollo) ပဲဖြစ်ပါတယ်။ ဒဏ္ဍာရီထဲမှာဆိုရင် နတ်ဘုရားမ ဟီရာဟာ ဇုစ်ကို သဝန်အရမ်းတိုပြီး လီတိုမှာ ဇုစ်ရဲ့ကိုယ်ဝန်ဆောင်ထားရချိန်မှာ ကမ္ဘာမြေပြင်ပေါ်မှာကော၊ ပင်လယ်ပြင်ပေါ်မှာကော ကလေးမွေးဖွားလို့မရအောင် ကျိန်စာတိုက်ခဲ့ပါတယ်။ နေ့စေ့လစေ့တော့ ကလေးမွေးဖွားဖို့ နေရာလိုက်ရှာခဲ့ပေမယ့် လီတိုဟာ ဟီရာရဲ့ကျိန်စာကြောင့် ဘယ်နေရာမှာမှ ကလေးမွေးမရခဲ့ပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာ ကမ္ဘာမြေပြင်နဲ့ကော၊ ပင်လယ်ပြင်နဲ့ပါ ဆက်စပ်ခြင်းမရှိတဲ့ Delos ဆိုတဲ့ ကျွန်းမျောတစ်ခုကိုရှာတွေ့ခဲ့ပြီး အားတီးမစ်စ်နဲ့ အာပိုလိုဆိုတဲ့ အမြွာမောင်နှမကို မွေးဖွားနိုင်ခဲ့ပါတယ်။

အားတီးမစ်စ်ဟာ ချစ်စရာအရမ်းကောင်းတဲ့အတွက် ဇုစ်ရဲ့အချစ်ဆုံးသမီးဖြစ်တယ်လို့ အဆိုရှိပါတယ်။ သူမအသက် (၃) နှစ်အရွယ်မှာ ဇုစ်က သူမကို နှစ်သက်ရာဆုတောင်းဖို့ပြောခဲ့တဲ့အတွက် သူမက ထာဝရအပျိုစင်ဆုရယ်၊ အမဲလိုက်ဖို့လေးနဲ့မြှားရယ်၊ သူမနဲ့အတူအမဲလိုက်ဖို့အဖော်တွေရယ်၊ သူမကိုဘယ်မြို့မှအပိုင်စားပေးဖို့မလိုဘဲတောင်တန်းတွေကို အပိုင်စားပေးဖို့ရယ်၊ ကလေးမွေးဖွားချိန်မှာ အမျိုးသမီးတွေကို ကူညီပေးနိုင်တဲ့တန်ခိုးပေးသနားဖို့ရယ် ဆုတောင်းခဲ့ပါတယ်။ ဇုစ်ကလည်း သူမတောင်းတဲ့ဆုတွေအကုန်လုံးကို ပေးသနားခဲ့ပါတယ်။

အားတီးမစ်ရဲ့သင်္ကေတကတော့ ရွှေရောင်လေးနဲ့မြှားရယ်၊ အမဲလိုက်ခွေးတွေရယ်၊ သမင်ဖိုတွေဆွဲတဲ့ စွပ်ဖားကြီးရယ်ဖြစ်ပါတယ်။ တချို့က ခရစ်ယာန်ဘာသာဝင်တွေရဲ့ဒဏ္ဍာရီတစ်ခုဖြစ်တဲ့ စင်တာကလော့ (Santa Claus) ဒဏ္ဍာရီထဲက သမင်ဖိုတွေဆွဲတဲ့စွပ်ဖားဆိုတာ အားတီးမစ်စ်ဒဏ္ဍာရီကို ဆင့်ပွားယူထားတယ်လို့ ယူဆကြပါတယ်။ အားတီးမစ်စ်ဟာလည်း အေသီနာလိုပဲ အပျိုစင်နတ်ဘုရားမတစ်ပါးဖြစ်ပြီး ဂရိဒဏ္ဍာရီတလျှောက်မှာ သူမကို အပိုင်ကြံဖူးတဲ့သူတွေအများကြီးရှိပေမယ့် အားလုံးကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

Source: Wikipedia

Share

Loading Next Article...
က္က