နေ့စဉ်ရှင်သန်နေရတဲ့ဘဝကြီးက သမားရိုးကျဆန်လွန်းလို့ ငြီးငွေ့လာပြီ။ ဒါမှမဟုတ် ကိုယ့်လက်ရှိဘဝမှာ အရှုံးတွေ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေလို့ ဆက်ပြီးမရှင်သန်ချင်တော့ဘူး။ နေရတာမပျော်တော့ဘူး။ ဒီလိုဆိုရင် ကိုယ့်ဘဝကို ပြောင်းလဲပစ်လိုက်စမ်းပါ။ ပြောင်းလဲဖို့ သတ္တိရှိနေရင် ဘဝက ဘယ်တော့မှမရှုံးဘူး။ ကိုယ့်ဘဝကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားပြီးပြီဆိုရင်တော့ အသုံးဝင်မယ့် အကြံဉာဏ်လေးတွေ ပေးပါရစေဦး။
၁။ ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်လေ့လာပါ
ဘာကိုမှမလုပ်ခင် ပထမဦးဆုံးလုပ်ရမှာကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လေ့လာသုံးသပ်ဖို့ပါပဲ။ ကိုယ့်ရဲ့လက်ရှိအနေအထားကို လုံးစေ့ပတ်စေ့ သိအောင်လုပ်ပါ။
- ကိုယ့်စိတ်ဆင်းရဲစေတဲ့အရာတွေက ဘာတွေလဲ
- ဒါတွေကိုပြောင်းလဲပစ်ဖို့ ဘဝသစ်စမှာလား? ခုပဲစချင်တာလား? နောက်မှလား?
- ပြောင်းလဲလို့ရနိုင်တဲ့အနေအထားမှာရှိလား?
- ကိုယ့်ရဲ့ပြစ်ချက်တွေက ဘာတွေလဲ?
၂။ ပြောင်းလဲရမယ့်အရာကို သေသေချာချာ သိပါစေ
ဘဝသစ်တစ်ခု စတင်လိုတဲ့အခါ လက်ခံဖို့ခက်ခဲဆုံး အရာတစ်ခုကတော့ တစ်စုံတစ်ယောက်ကို ပြောင်းလဲပေးလို့ မရဘူး ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြောင်းလဲလို့ရမယ်နော်။
- အချစ်ရေးမှာ ပြောင်းလဲလိုတဲ့အခါ ကိုယ့်ဘက်က ဘယ်ကိုပြောင်းလဲလိုက်ရမလဲဆိုတာ သိရမယ်။
- ပြောင်းလဲဖို့လိုတဲ့ကိုယ့်အကျင့်တစ်ခုရှိတယ်ဆိုရင်...
- ငွေရေးကြေးရေးအခြေအနေကို အပြောင်းအလဲလုပ်ရမယ်ဆိုရင် အဲ့ဒီအပြောင်းအလဲက ....
- ဘာတွေကိုလုပ်လိုက်ရင် ကိုယ်က ပိုကောင်းတဲ့ဝန်ထမ်းတစ်ဦး ဖြစ်လာနိုင်မလဲ...
၃။ ဘဝသစ်က ဘယ်လိုမျိုးဖြစ်မလဲ?
ဘယ်လိုဘဝမျိုး ဖြစ်ချင်တာလဲဆိုတာ သေသေချာချာ ဆုံးဖြတ်လိုက်ပါ။ အဲ့တာကို စိတ်ထဲမှာမှတ်ထားလိုက်ပါ။ ဒါက ဖြစ်ချင်တာကို မှတ်ထားရုံပဲရှိသေးတယ်နော်။ ဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတဲ့ အစီအစဥၤ မဟုတ်သေးဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဘဝသစ်တစ်ခုကို သိထားပြီဆိုရင် ပြောင်းလဲပစ်လိုက်ဖို့ကို မကြောက်နဲ့တော့။ အချစ်ရေးလား၊ အလုပ်လား၊ အားလပ်ချိန်တွေကို အသုံးချမယ့်အကြောင်းလား? ဘာကိုပဲတွေးတွေး အကြီးကြီးတွေးပစ်လိုက်စမ်းပါ။
၄။ စာရင်းလုပ်ပါ
ဘဝကို အပြောင်းအလဲလုပ်တော့မယ်၊ ကိုယ်ဖြစ်ချင်တာ ဘာလဲဆိုတာကိုလည်း သိပြီးပြီ။ ဒါဆိုရင် ဘယ်လိုမျိုး ဖြစ်အောင်လုပ်ရမလဲ? ချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ ရောက်နိုင်မယ့်နည်းတွေ၊ လုပ်ဆောင်ရမှာတွေကို စာရင်းတစ်ခုလုပ်လိုက်ပါ။ လူတစ်ဦးနဲ့တစ်ဦး စာရင်းချင်းတော့ ကွဲပြားနေပါလိမ့်မယ်။ ဥပမာပြောရရင်တော့
- ဘွဲ့ရဖို့
- အလုပ်သစ်လျှောက်ဖို့
- အလုပ်နဲ့ဆိုင်တဲ့ အရည်အချင်းတိုးတက်ဖို့
- Gym သွားဖို့၊ ဝိတ်လျှော့ဖို့
- အမျိုးတွေ သူငယ်ချင်းတွေနဲ့ ပြန်ပြီးအဆက်အသွယ်လုပ်ဖို့ စတာတွေလိုမျိုး စာရင်းတွေကို ချထားလိုက်ပါ။
၅။ ဦးစားပေးအဆင့်တွေ
စာရင်းလုပ်ပြီးပြီလား? လုပ်ထားတဲ့ စာရင်းထဲမှာ ဘယ်အရာက အလွယ်ဆုံးဖြစ်မလဲ? အလွယ်ကူဆုံးအရာကနေ စလုပ်ဖို့လိုမယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က မျှော်လင့်ချက်အကြီးကြီးနဲ့ စလုပ်လိုက်လို့ ဖြစ်မလာတဲ့အခါ စိတ်ဆင်းရဲရလိမ့်မယ်။ လက်လျှော့မိလိမ့်မယ်။ ကိုယ့်ကိုစိတ်ဖိစီးမှုဖြစ်စေမယ့်အရာထက် စိတ်အားထက်သန်လာမယ့်အဆင့်ကို ပထမဆုံးခြေလှမ်းအဖြစ် စတင်လိုက်ပါ။
Source : Pickthebrain