လူတိုင်းလူတိုင်းမှာ တစ်ရက်မှာ (၂၄) နာရီ၊ တစ်ပတ်မှာ (၇) ရက်ပဲ ညီတူညီမျှရကြတာပါပဲ။ တချို့လူတွေက အချိန်ကို အကျိုးရှိရှိအသုံးချတတ်ပေမယ့် တချို့ကတော့ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ အချိန်ဖြုန်းမိ နေတတ်ပါတယ်။ သတိဝင်လာလို့ ခေါင်းထောင်ကြည့်တဲ့အချိန်ကျမှ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်သူနဲ့ အခြေအနေချင်း အလွန်ကွာဟနေတာကို သိရှိရပြီး အလန့်တကြားဖြစ်ရပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေဖို့ အောက်မှာဖော်ပြထားတဲ့ အချိန်ဖြုန်းမိစေတတ်တဲ့ အမူအကျင့်တွေကို ရှောင်ရှားသင့်ပါတယ်။
တစ်ခါတလေ အပျင်းပြေကြည့်တာလောက်ကို မဆိုလိုပါဘူး။ ကျွန်တော်တို့တွေရဲ့ဘဝမှာ ဖျော်ဖြေရေးအစီအစဉ်လေးတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့လည်း လိုအပ်ပါသေးတယ်။ ဒါပေမယ့် တစ်ချိန်လုံးနီးပါး တီဗီရှေ့မှာထိုင်ပြီး လာသမျှ အစီအစဉ်တွေအားလုံးကို ချန်နယ်တစ်ခုပြီးတစ်ခု ပြောင်းလဲကြည့်နေမိပြီဆိုရင်တော့ အချိန်ဖြုန်းနေမိတာပါပဲ။ တီဗီအစီအစဉ်တွေ အဆက်မပြတ်ကြည့်နေမယ့်အစား ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘဝတိုးတက်ရေးအတွက် တစ်ခုခုလုပ်လို့ရပါတယ်။
သေချာစဉ်းစားကြည့်ရင် ကိုယ်တကယ်မချစ်တဲ့သူတစ်ယောက်ကို ပျင်းနေလို့ (သို့) တစ်ယောက်တည်းအထီးကျန်နေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အပျော်တွဲနေတာဟာ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။ ဒီလူကို တနေ့နေ့ကို ကိုယ်လက်ထပ်ယူမှာ မဟုတ်မှန်းလည်း သိသိကြီးနဲ့ ကောက်တွဲလိုက်တာဟာ ကိုယ့်အချိန်ကိုသာမက သူ့အချိန်ကိုပါဖြုန်းလိုက်တာပါပဲ။ ဒါ့အပြင် တစ်ဖက်ကလည်း ကိုယ့်လိုပဲ အပျော်တွဲတာဆိုရင် ပြဿနာမရှိပေမယ့် သူ့ဘက်ကအတည်ကြီးတွဲချင်လာရင် ဇယားတွေ ရှုပ်လာနိုင်ပါတယ်။
မြတ်စွာဘုရားတောင်မှ စကြဝဠာတိုက်တစ်သောင်းက သတ္တဝါအားလုံးကို ကျွတ်တန်းဝင်အောင်မဟောပြောခဲ့ပါဘူး။ ကျွတ်ချိန်တန်မှ တရားအမြိုက်ဆေးတိုက်ကျွေးခဲ့တာပါ။ လူတွေကိုကူညီချင်တာ ကောင်းတဲ့ အလုပ်ဆိုပေမယ့် ကိစ္စတိုင်း၊ ပြဿနာတိုင်းကို ဝင်ဖြေရှင်းပေးဖို့ ကြိုးစားတာကတော့ အချိန်ဖြုန်းခြင်းသက်သက်ပါပဲ။
လူ့ဘောင်လောကမှာ ကြုံရတတ်တဲ့ သမီးရည်းစားရေးရာတွေ၊ အိမ်တွင်းရေးပြဿနာတွေကို ဝင်နားထောင်ပေးတာ ပြဿနာ မရှိပေမယ့် ဝင်ဖြေရှင်းပေးဖို့ ကြိုးစားရင်တော့ အချိန်ဖြုန်းမိသလိုဖြစ်တဲ့အပြင် ကိုယ့်ကိုတောင်မှ တိုင်ပတ်လာနိုင် ပါသေးတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ကိစ္စတိုင်းမှာအမြင်မတူတတ်တာ သဘာဝပါပဲ။ အမြင်မတူတာတွေရှိလာတဲ့အခါ ငြင်းကြခုန်ကြ ရတာတွေလည်း ရှိလာတာပေါ့။ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် အဲဒီလိုအမြင်မတူတဲ့ ကိစ္စတစ်ခုအတွက် မိမိရဲ့ရပ်တည်ချက်အပေါ်အခြေပြုပြီး ဒီဘိတ် (debate) လုပ်တာတို့၊ ငြင်းကြခုန်ကြတာတို့က သက်သက်မဲ့အချိန်ဖြုန်းတာပါပဲ။
ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးက မိမိရဲ့ယုံကြည်မှုကိုသာအမှန်လို့ တရားသေစွဲကိုင်ပြီး တစ်ဖက်သားကိုအနိုင်ရလိုစိတ်တစ်ခုတည်းနဲ့ ငြင်းကြခုန်ကြလို့ပါပဲ။ ငြင်းခုန်ပွဲတစ်ခုမှာ ဆဲဆိုခြင်းမပါဘဲအဆုံးသတ်သွားတာ (သို့) တစ်ဖက်ဖက်က အမြင်ပြောင်းလဲပြီး အဆုံးသတ်သွားတယ်ဆိုတာ အလွန်ရှားပါတယ်။ ဒါကြောင့် မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အနိုင်ရလိုရုံသက်သက် ငြင်းခုန်ခြင်းမှာ အသုံးမချပါနဲ့။
ဘဝမှာ ဒီလိုသားလိမ္မာ၊ သမီးလိမ္မာလေးဖြစ်ခဲ့ဖူးမှာပေါ့။ ကိုယ်ဝါသနာပါတာက ပန်းချီဆွဲတာ၊ သီချင်းဆိုတာ... ကိုယ့်မိဘဖြစ်စေချင်တာက ဆရာဝန်၊ သင်္ဘောသား။ မိဘအလိုကျ ဝါသနာမပါဘဲ သူတို့တက်စေချင်တဲ့ တက္ကသိုလ်ကိုတက်လိုက်ပြီးမှ လုပ်ငန်းခွင်ထဲမှာ နောင်တရပြီး နောက်ပြန်ဆုတ်ခဲ့ရတာတွေ။ ဒါမှမဟုတ် ကျောင်းမှာစာမေးပွဲတဖုန်းဖုန်းကျလို့ ကျောင်းထွက်လိုက်ရတာတွေလည်း ဘဝမှာကြုံချင်ကြုံဖူးကြမှာပါ။
ဘဝမှာ ကိုယ်မပျော်ရွှင်တဲ့အလုပ်တစ်ခုကို မိဘတွေစိတ်ဆန္ဒတစ်ခုတည်းနဲ့ လိုက်မလုပ်ပါနဲ့။ မိမိဖြစ်ချင်တာနဲ့ မိဘတွေ ဖြစ်စေချင်တာကို သေချာညှိနှိုင်းဆွေးနွေးကြည့်ပါ။ ဘဝအချိန်တွေကတိုတောင်းလွန်းပါတယ်။ ကိုယ်ဝါသနာမပါတဲ့ အသက်မွေး ဝမ်းကြောင်းအလုပ်တစ်ခုမှာ ဘာလို့အချိန်ဖြုန်းမလဲ။
ကိုယ်ထလုပ်လိုက်ရင် ပြောင်းလဲသွားနိုင်တဲ့အခြေအနေတစ်ခုမှာ ထမလုပ်ဘဲ ညည်းညူနေတာလည်းအချိန်ဖြုန်းခြင်းတစ်ခုပါပဲ။ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ တွေ့နေမြင်နေရတာမျိုးပေါ့။ နိုင်ငံတိုးတက် ပြောင်းလဲချင်လားမေးရင်တော့ မပြောင်းလဲချင်တဲ့ သူတစ်ယောက်မှမရှိဘူး။ ဒါပေမယ့် ကိုယ်ကိုယ်ကိုယ်ကစပြီး အကျင့်လေးတွေပြောင်းလဲပြီလားမေးတော့ ထိထိရောက်ရောက် မပြောင်းလဲနိုင်ကြသေးဘူး။
အရင်လို စည်းကမ်းမဲ့အမှိုက်ပစ်တုံးပဲ။ အခွန်ရှောင်တုံးပဲ။ လက်မှတ်တန်းစီရင် ကျော်တက်ချင်တုံးပဲ။ ဒါပေမယ့် မပြောင်းလဲတာတွေအတွက်လည်း ညည်းညူနေကြတုံးပဲ။ ဒါဟာအချိန်ဖြုန်းခြင်းသက်သက်မို့ ရှောင်ရှားပြီး ကိုယ်ကိုယ်တိုင် စတင်ပြောင်းလဲလိုက်သင့်ပါတယ်။
ဒီတစ်ခုကိုလည်း လူတိုင်းနီးပါး ဘဝမှာအနည်းဆုံးတစ်ကြိမ်တော့ ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုးတန်းတုံးက ဆယ်တန်းခန်းက အစ်မကြီး (သို့) အစ်ကိုကြီးတစ်ယောက်ကို crush ဖူးတာတို့၊ တက္ကသိုလ်ရောက်တော့ ကိုယ်နဲ့ဓလေ့စရိုက်ချင်းကွာဟတဲ့ မေဂျာ queen ကို ကြိုက်မိတာတို့။ တကယ်တော့ ကိုယ့်ကိုမချစ်နိုင်တဲ့သူကို ချစ်လာအောင် ကြိုးစားတယ်ဆိုတာ အချိန်ဖြုန်းခြင်းထဲမှာ အဆိုးဝါးဆုံး အချိန်ဖြုန်းခြင်းတစ်ခုပါပဲ။
ဘာလို့လဲဆိုတော့ ချစ်မိပြီဆိုရင် မိမိရဲ့စိတ်ဝိဉာဉ်တစ်ခုလုံးကို သူ့အပေါ်ပုံအပ်လိုက်မိပြီး စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ဖြစ်နေမိတတ်တာပါပဲ။ ပြန်လက်ခံလိုက်လို့ တွဲကြပြီဆိုရင်တောင် အဲလောက်ဖြစ်မှာမဟုတ်ပေမယ့် ကိုယ့်ကိုပြန်မကြိုက်နိုင်သူကို အသဲအသန်လိုက်နေမိတဲ့အချိန်မှာတော့ အချစ်စိတ်တက်ပြီး မိမိရဲ့အချိန်တွေအားလုံးကို နှစ်မြုပ်ထားမိတတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။
Source: Pinterest
Share