ကလေးဘဝတုံးကတော့ အလိုချင်ဆုံးက စက်ဘီးတစ်စီးပါပဲ။
 

ကလေးဘဝတုံးကတော့ အလိုချင်ဆုံးက စက်ဘီးတစ်စီးပါပဲ။ စာမေးပွဲမှာ ပထမရလို့ မိဘတွေကလိုချင်တာပူဆာချင်ရင် အရင်ဆုံးပူဆာမိတာ PS4 တွေ၊ Xbox တွေမဟုတ်ပါဘူး။ စက်ဘီးကောင်းကောင်း သန့်သန့်လေးတစ်စီးကိုပဲ ဝယ်ပေးဖို့ပူဆာမိတတ်ကြတာပါ။ ရပြီဆိုရင် ကျောင်းသွားရင်လည်း စက်ဘီးနဲ့သွားတယ်။ ကျူရှင်သွားရင်လည်း စက်ဘီးနဲ့သွားတယ်။ ရပ်ကွက်ထဲမှာ ဟိုနားဒီနားသွားရင်လည်း စက်ဘီးနဲ့သွားတယ်။ ဒီနေ့ခေတ်မှာတော့ စက်ဘီးစီးခြင်းကို လူတွေသိပ်စိတ်မဝင်စားကြတော့ပါဘူး။

တကယ်တော့ စက်ဘီးစီးတယ်ဆိုတာ gym ဆော့စရာမလိုဘဲ ခန္ဓာကိုယ်ကိုအဆီကျလှပစေတဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ စက်ဘီးစီးပေးခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ စက်ဘီးစီးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလေ့လာကြည့်လိုက်ကြရအောင်။

၁။ ကြံ့ခိုင်သန်စွမ်းစေတယ်

maxresdefault.jpg 

လူသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီထဲမှာမှ စက်ဘီးစီးခြင်းက ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ နောက်ပြီး စက်ဘီးစီးခြင်းက ပေါင်တွေ၊ ခြေသလုံးတွေကိုပဲ သန်စွမ်းစေတဲ့လေ့ကျင့်ခန်းမဟုတ်ပါဘူး။ စက်ဘီးစီးပြီဆိုရင် ခန္ဓာကိုယ်ပေါ်ကအစိတ်အပိုင်းအားလုံး လှုပ်ရှားရတဲ့အတွက် ကိုယ်ကာယတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

၂။ စိတ်ဖိစီးမှုကိုလည်း ပြေပျောက်စေပါတယ်

feel_the_nature_by_ivonart.jpg 

ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေအပြင် စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဘာလို့လဲဆိုတော့ စက်ဘီးစီးခြင်းက သဘာဝတရားကြီး (မျက်နှာကို တိုးဝှေ့တိုက်ခတ်လာတဲ့ လေပြည်လေညှင်း၊ မနက်ခင်းအချိန်ရဲ့ ပူနွေးတဲ့ နေရောင်ခြည်၊ မော်တော်ကားတွေကထွက်တဲ့ ကာဘွန်ဒိုအောက်ဆိုဒ်တွေ မရောနှောသေးလို့ သန့်စင်နေတဲ့လေထု) နဲ့ ပိုမိုအချိတ်အဆက်မိဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

 ပြီးတော့ သဘာဝတရားကို ပိုမိုချစ်မြတ်နိုးစေပါတယ်။ တစ်ဆက်တည်းမှာပဲ စက်ဘီးစီးခြင်းက စိတ်ဖိစီးမှုကိုကင်းဝေးစေပြီး နေရထိုင်ရလည်း သက်သာစေပါတယ်။ အကောင်းဆုံးအပိုင်းကတော့ မနက်တိုင်း၊ ညနေတိုင်း ပုံမှန်စက်ဘီးစီးပေးခြင်းဖြင့် စိတ်ကျရောဂါ၊ စိတ်ဖိစီးလွန်ရောဂါ၊ ပူပန်သောကများခြင်းရောဂါတို့လိုမျိုး စိတ်ပိုင်းဆိုင်ရာမကျန်းမာမှုမျိုးတွေ ကင်းဝေးစေပါတယ်။

၃။ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်

paul-green-38404.jpg 

sweatpant (အသားကပ်ဘောင်းဘီ) တွေဝတ်ထားတဲ့လူတွေကြားမှာ လေ့ကျင့်ခန်းလုပ်ရတာ ပျော်ဖို့ကောင်းပါသလား။ ချွေးနံ့ပေါင်းစုံနဲ့အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကျဆင်းဖို့ ကြိုးစားမယ့်အစား အပြင်ထွက်ပြီး စက်ဘီးထွက်စီးလိုက်ပါ။ စက်ဘီးစီးတယ်ဆိုတာ ခြေနင်းနင်းပြီးစီးရတာဖြစ်တဲ့အတွက် စက်ဘီးခြေနင်းကိုနင်းပေးခြင်းဖြင့် ပေါင်နဲ့ခြေသလုံးသာမက တစ်ကိုယ်လုံးမှာရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံး အလုပ်လုပ်ရပါတယ်။

အဲဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကမလိုလားအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ Gym ဆော့တာထက် ပိုကောင်းတာကတော့ ပြင်ပက လေကောင်းလေသန့်ကိုပါ ရှူရှိုက်နိုင်တဲ့အတွက် အဆီပိုတွေကိုပါလောင်ကျွမ်းစေရာမှာ အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။

၄။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

aaron-thomas-216204.jpg 

စက်ဘီးစီးခြင်းက အသက်ရှူခြင်းနဲ့ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ နောက်ပြီး စက်ဘီးစီးခြင်းက ခြေထောက်ကြွက်သားတွေကို အဓိကထားရတဲ့အတွက် နှလုံးခုန်နှုန်းကိုလည်း ပိုမိုမြန်ဆန်စေပြီး သက်လုံပိုမိုကောင်းမွန်စေပါတယ်။ သက်လုံကောင်းလာတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

ဒါတွေကတော့ စက်ဘီးစီးခြင်းကရတဲ့ ကျန်းမာရေးကောင်းကျိုးတွေပါပဲ။ အထက်မှာမြင်တဲ့အတိုင်းပဲ စက်ဘီးစီးခြင်းက ကျန်းမာရေးအတွက်တကယ်ကောင်းမွန်ပြီး ကျွန်တော်တို့ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်းကို နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထည့်သွင်းပြီး ပိုမိုကျန်းမာတဲ့ ဘဝတစ်ခုကိုရယူလိုက်ပါ။

Source: Youngistha


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က