ယနေ့ခေတ်ဟာ ပညာခေတ်ဖြစ်လာတာနဲ့အမျှ လူတိုင်းက ပညာနောက်ကိုကောက်ကောက်ပါအောင် အရင်လိုက်ပြီးမှ လုပ်ငန်းခွင်ထဲဝင်ရောက်ကြပါတယ်။ တက္ကသိုလ်ပညာတတ်မြောက်ပြီးလို့ ဘွဲ့တစ်ခုအနည်းဆုံးရပြီးမှ လုပ်ငန်းခွင်ထဲဝင်ဖို့ ပိုမိုအဆင်ပြေမယ်လို့လည်း မှတ်ယူကြပါတယ်။ အဲဒီလိုတွေးတာဟာလည်း မှားတော့မမှားပါဘူး။ ဒါပေမယ့် ဘွဲ့မရတိုင်းလည်း လစာကောင်းတဲ့အလုပ်တစ်ခုကို မရနိုင်တော့တာလည်း မဟုတ်သေးပါဘူး။
နိုင်ငံအခြေအနေအရ တက္ကသိုလ်ပေါင်းစုံက ဘွဲ့လက်မှတ်ကိုယ်စီကိုင်ဆောင်ပြီး ပညာတကယ်မတတ်မြောက်သူတွေများလာတဲ့အခါ ဘွဲ့လက်မှတ်တွေကိုင်ထားတိုင်းလည်း အလုပ်တစ်ခုရဖို့က ထင်သလောက် မလွယ်တော့ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကို တကယ်ကျွမ်းကျင်မှုရှိမှသာလျှင် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်သလို ဖြစ်လာပါတယ်။ အောက်မှာဖော်ပြထားတဲ့ အလုပ်တွေကတော့ ဘွဲ့မရဘဲ လစာဝင်ငွေ ကောင်းကောင်းရရှိနိုင်တဲ့ အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။
ကွန်ပျူတာရဲ့ဘယ်အစိတ်အပိုင်းတွေက ဘယ်လုပ်ငန်းတွေကိုလုပ်ဆောင်တယ်။ ဘယ်လိုလုပ်ဆောင်တယ်။ နောက်ပြီး ကွန်ပျူတာတွေအများကြီးချိတ်ဆက်နေတဲ့ ကွန်ရက်ကြီး (World Wide Web လို့ခေါ်တဲ့ အင်တာနက်ကြီး) ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို စိတ်ဝင်စားတဲ့သူတွေဟာ သက်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ်တွေရှိရင် ကွန်ရက်ကျွမ်းကျင်သူ (Network Specialist) နေရာမှာလုပ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။
ပြီးတော့ ခင်ဗျားသာခင်ဗျားအလုပ်ကိုတကယ်ကျွမ်းကျင်ရင် ခင်ဗျားဘွဲ့ရလား မရလားကို အလုပ်ရှင်အများစုက ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ လုပ်ငန်းတာဝန်ထဲမှာ WAN လို့ခေါ်တဲ့ Wide Area Network နဲ့ LAN လို့ခေါ်တဲ့ Local Area Network (အရပ်စကားနဲ့ပြောရရင် ရုံးတွင်းကွန်ပျူတာကွန်ရက်နဲ့ အင်တာနက်) ဘယ်လိုချိတ်ဆက်မလဲ။ ထိန်းသိမ်းမလဲ။ အဆင့်မြှင့်တင်မလဲ ဆိုတာတွေကို ဆောင်ရွက်ရပါလိမ့်မယ်။ တချို့ရုံးတွေမှာဆို ရုံးမှာရှိတဲ့ကွန်ပျူတာအားလုံးကို ထိန်းသိမ်းပြုပြင်ပေးတဲ့တာဝန်ကိုပါ တွဲယူရပါလိမ့်မယ်။
Digital Marketing တွေခေတ်ကောင်းလာတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းတော်တော်များများဟာ သူတို့လုပ်ငန်းရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေ၊ မားကက်တင်းအစီအစဉ်တွေကို ဒစ်ဂျစ်တယ်မီဒီယာတွေဖြစ်တဲ့ Facebook တို့၊ Twitter တို့ပေါ်မှာ ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ တချို့ကကိုယ်တိုင်လုပ်ဆောင်ပြီး တချို့က အေဂျင်စီတွေကို အပ်ကြပါတယ်။
အဲဒီမှာ စာရေးသူ၊ ပန်းချီဆွဲတတ်သူ (ဒစ်ဂျစ်တယ် စနစ်နဲ့ ပန်းချီဆွဲတတ်သူ)၊ ဂရပ်ဖစ်ဒီဇိုင်နာတွေရဲ့အခန်းကဏ္ဍဟာ အရေးပါလာပါတော့တယ်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတွေနဲ့ သူ့ထက်ငါဈေးကွက်ကို အပြိုင်လုနေကြရတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့အတွက် content တွေကိုဖန်တီးပေးမယ့်စာရေးသူ (content writer) တွေ၊ သူတို့အတွက် ကွဲပြားခြားနားတဲ့ လိုဂိုနဲ့ သရုပ်ဖော်ပုံ (Illustration) တွေကိုရေးဆွဲပေးမယ့် ဒစ်ဂျစ်တယ်ပန်းချီဆရာတွေ၊ ဂရပ်ဖစ်ဒီဇိုင်နာတွေကို အရေးတကြီးလိုအပ်လာပါတော့တယ်။ ဒီနယ်ပယ်ထဲမှာ အတွေ့အကြုံတစ်ခုရလာတာနဲ့တပြိုင်နက် ခင်ဗျားရဲ့ဝင်ငွေကလည်း တိုးတက်လာမှာပါ။ ဒီအလုပ်လုပ်ကိုင်ဖို့အတွက် ခင်ဗျားကို ဘွဲ့လက်မှတ်တွေ၊ ဘာတွေလည်း တောင်းခံမှာမဟုတ်ပါဘူး။ ကျွမ်းကျင်မှုရှိမရှိကိုပဲ အလေးထားပါလိမ့်မယ်။
အင်တာနက်ပေါ်မှာအလုပ်လုပ်နေတဲ့လူတိုင်း ဝက်ဘ်ဆိုဒ်တစ်ခု ကောင်းမွန်စွာအလုပ်လုပ်ဖို့နဲ့တည်ငြိမ်နေဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို နားလည်ကြပါတယ်။ နောက်ပြီး အသုံးပြုသူတွေ အဆင်ပြေချောမွေ့မှုရှိအောင်၊ အသုံးပြုရလွယ်အောင် လုပ်ပေးဖို့ကလည်း အရေးကြီးကြောင်းနားလည်ကြပါတယ်။ ဒါဟာ web developer တစ်ယောက်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေပါပဲ။
ယနေ့ခေတ်ကြီးမှာ ဝက်ဘ်ဆိုဒ်တွေရဲ့အခန်းကဏ္ဍကလည်း အရေးပါလာပြီး စီးပွားရေးလုပ်ငန်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ NGO တွေမှာ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တစ်ခုစီရှိဖို့က အရေးပါလာပါတယ်။ Front End နဲ့ Back End ဆိုပြီး web developer (၂) မျိုးရှိတဲ့အထဲမှာ Front End ကတော့ အသုံးပြုသူတွေအဆင်ပြေပြေသုံးစွဲနိုင်အောင် ဒီဇိုင်းဆွဲပေးတာ၊ code ရေးပေးတာ လုပ်ဆောင်ရပြီး Back End ကတော့ ဝက်ဘ်ဆိုဒ်ထားရှိမယ့် server (ဆာဗာ) ဘက်ခြမ်းကကိစ္စတွေကို တာဝန်ယူဖြေရှင်းရပါတယ်။ Front End ကော၊ Back End ကောရတဲ့သူကိုတော့ Full Stack Developer လို့ခေါ်ပြီး လစာလည်း ပိုကောင်းပါတယ်။ ဒီအလုပ်လုပ်ဖို့လည်း ခင်ဗျားဟာမဖြစ်မနေဘွဲ့တစ်ခုရှိထားဖို့ မလိုအပ်ပါဘူး။
ကမ္ဘာကျော်မားကက်တင်းဂုရုကြီး ဖီးလစ်ကော့တလာ (Philip Cotler) က သူ့ရဲ့ Marketing 4.0 ဆိုတဲ့စာအုပ်ထဲမှာ ယနေ့ခေတ်ရဲ့ မားကက်တင်းဈေးကွက်ထဲမှာ အမျိုးသမီးတွေရဲ့အရေးပါပုံကို ပြောသွားပါတယ်။ တကယ်တမ်းလည်း အင်တာနက်ပေါ်မှာ အမျိုးသမီးတွေရဲ့သုံးစွဲနှုန်းကလည်း မသေးပါဘူး။ နောက်ပြီး ခင်ဗျား Facebook ပေါ်မှာ See First လုပ်ထားတဲ့ page စာရင်းထဲမှာကော မော်ဒယ် ချောချောလှလှလေးတွေရဲ့ပုံတင်တဲ့ page က ဘယ်နှခုလောက်ပါနေလဲ။ သူတို့အားလုံး မိတ်ကပ်ပြင်မထားတဲ့သူ တစ်ယောက်မှ မပါ ပါဘူး။ ဒါဆိုရင် ဆက်ပြောလို့ရပါပြီ။
မိတ်ကပ်ပညာရှင်ဆိုတာ မြန်မာကားတွေထဲမှာမြင်ဖူးနေကျ မိန်းမလျာတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာဆိုရင် မိတ်ကပ်ပြုပြင်ခြင်းကို ပရိုဖက်ရှင်နယ်အလုပ်တစ်ခုကို သဘောထားပြီး စနစ်တကျ သင်ယူကြပါတယ်။ မိတ်ကပ်ပြုပြင်ခြင်း အတတ်ပညာဟာလည်း အလွန်အနုစိတ်ပြီး ပညာသားပါ ပါတယ်။
ဖျော်ဖြေရေးနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အတွက်လည်း မိတ်ကပ်ပညာရှင်တွေဟာ မရှိမဖြစ်လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ အခုတလော Facebook ပေါ်မှာ Beauty Blogger လို့ခေါ်တဲ့ မိတ်ကပ်ပြင်ဆင်ပြပြီး product တွေကို review ရေးတဲ့သူတွေ တွေ့ဖူးကြမှာပေါ့။ ဒါဟာလည်း မိတ်ကပ်ပညာနဲ့ အသက်မွေးဝမ်းကြောင်းခြင်း တစ်မျိုးပါပဲ။ Beauty Blogger တွေ နာမည်ရလာတဲ့အခါ အလှကုန်ပစ္စည်း brand တွေက သူတို့ကို social Influencer အဖြစ်အခကြေးငွေပေးပြီး ငှားရမ်းကြပါတယ်။ ဒီအလုပ်ဟာလည်း ဘွဲ့မရလည်း လုပ်နိုင်ပါတယ်။ ဝင်ငွေလည်း ကောင်းမွန်ပါတယ်။
Source: Youngisthan
Share