အိန္ဒိယတယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီ Jio Platforms (JPL) ဟာ ဖင်လန်နိုင်ငံ Oulu တက္ကသိုလ်နဲ့ ပူးပေါင်းပြီး 6G နည်းပညာသုတေသနနဲ့ စံသတ်မှတ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
5G အလွန် ကွန်ရက်နည်းပညာသစ်ဖြစ်လာမယ့် 6G နည်းပညာ ပူးပေါင်းဖော်ထုတ်ရေးအတွက် Reliance Jio ရဲ့ အက်စတိုးနီးယားဌာနဟာ Oulu တက္ကသိုလ်နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ တရားဝင်သဘောတူကြေညာချက်ထဲမှာ 6G ဟာ 5G ရဲ့ စွမ်းဆောင်ရည်တွေပေါ်မှာ တည်ဆောက်သွားဖို့ ယူဆထားပြီး နောက်ထပ်အဆင့်မြှင့်တင်မှုသစ်တွေ ယူဆောင်လာနိုင်မယ်လို့ ဖော်ပြထားပါတယ်။
Photo: 91mobiles
Oulu တက္ကသိုလ်နဲ့ ပူးပေါင်းမှုကနေ လေကြောင်းနဲ့ အာကာသဆက်သွယ်ရေးနယ်ပယ် ၊ သုံးဖက်မြင် Holographic ပုံဖော်ကြိမ်နှုန်းစနစ် ၊ ဆိုက်ဘာလုံခြုံရေး ၊ မိုက်ခရိုအီလက်ထရွန်းနစ် နဲ့ အလင်းလှိုင်းသိပ္ပံပညာရပ်ဆိုင်ရာ 3D ချိတ်ဆက်ဉာဏ်ရည်မြင့်နည်းပညာကဏ္ဍတွေမှာ နှစ်ဖက်ကျွမ်းကျင်ပညာရှင်တွေရဲ့ စုပေါင်းစွန့်ဦးတီထွင်မှုကို မြှင့်တင်ပေးသွားမယ်လို့လည်း Indian Express က ဆိုပါတယ်။
ဒီကြိုးပမ်းချက်ဟာ ကာကွယ်ရေး ၊ ယာဉ်နည်းပညာ ၊ စက်မှုယန္တရား ၊ စားသုံးသူရေးရာ ထုတ်ကုန် ၊ မြို့ပြတွက်ချက်မှုဆိုင်ရာနဲ့ အလိုအလျောက်မောင်းယာဉ်ကြောစနစ် တည်ဆောက်မှုပိုင်းအတွက် 6G နည်းပညာချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်များ ဖန်တီးရေးကို အထောက်အကူပြုမယ်လို့ Jio က မျှော်လင့်ထားပါတယ်။ Jio ဟာ အိန္ဒိယမှာ 5G ကွန်ရက် စမ်းသပ်မှုလုပ်ဆောင်နေတဲ့ တယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်ပြီး အခုထိတော့ နိုင်ငံအတွင်း စီးပွားဖြစ် 5G ဖြန့်ကြက်မှု စတင်ခြင်း မရှိသေးပါဘူး။
အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီး အက်ချ်ဝီနီ ဗီရှနောကလည်း အိန္ဒိယဟာ ၂၀၂၃ အကုန် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ 6G နည်းပညာ ဖြန့်ကြက်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။