တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ 6G နည်းပညာရဲ့ ဦးနှောက်ဆဲလ်ပေါ် သက်ရောက်မှုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အနာဂါတ်ကွန်ရက်ဆက်သွယ်ရေးနည်းပညာသစ် ဖြစ်လာမယ့် 6G ရဲ့ရေဒီယိုလှိုင်းတွေနဲ့ ဦးနှောက်ပေါ် သက်ရောက်မှုအကြောင်း တရုတ်သိပ္ပံပညာရှင်တွေဟာ ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့တာပါ။ ပညာရှင်တွေဟာ စမတ်ဖုန်း Bandwidth ကို တစ်စက္ကန့် ၁ Terabit (Tbps) မြှင့်တင်နိုင်တဲ့ Terahertz Band ရှိ ရေဒီယိုလှိုင်းတွေနဲ့ ဓါတ်ခွဲခန်းကြွက်တွေကို စမ်းသပ်ခဲ့ရာမှာ ဦးနှောက်ဆဲလ်ကြီးထွားဖွံ့ဖြိုးမှုကို အရှိန်မြင့်စေခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ South China Morning Post က ဆိုပါတယ်။
TeraHertz Band ဟာ 6G လို့ခေါ်တဲ့ ဆဌမမျိုးဆက် ဆက်သွယ်ရေးနည်းပညာမှာ သုံးမယ့် band ဖြစ်လာနိုင်ပါတယ်။ 0.3 ကနေ 3 Terahertz အတွင်းရှိတဲ့ ကြိမ်နှုန်းကျယ်နဲ့ မိုက်ခရိုဝပ် ၁၀၀ ရေဒီယိုလှိုင်း ၃ မိနစ်အကြာ ထိတွေ့ပြီးနောက် ကြွက်ဦးနှောက်ထဲက နူရွန်အရွယ်အစား ၁၅၀% နီးပါး တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိချက်အပေါ် သုတေသနပညာရှင်တွေဟာ အစပိုင်းမှာ စိတ်ရှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဦးနှောက်ဆဲလ်တွေ အလျင်အမြန် တိုးလာနေပေမယ့် ဆဲလ်တွေက ကျန်းမာနေတုန်းပဲလို့လည်း တွေ့ရှိထားပါတယ်။ Terahertz Signals လှိုင်းတွေနဲ့ ပုံမှန်ထိတွေ့မှုဟာ ကြွက်တွေမှာ လေ့လာရေးစွမ်းရည် ပိုကောင်းလာတာကို ဖော်ပြနေပါတယ်။ တချိန်တည်းမှာပဲ ဒီသုတေသနကနေ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါတွေကို ကုသဖို့ ကုထုံးသစ်ရှာဖွေရေးအတွက် နောက်ထပ်လေ့လာစရာတွေ ပေါ်ပေါက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
"Terahertz ရေဒီယိုလှိုင်းစံရဲ့ ဘေးကင်းရေးက ထိပ်ဆုံးက စဉ်းစားရမယ့်အချက်ပါ။"လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင် လီရှောင်လီက Acta Physica Sinica ဂျာနယ်မှာ ရေးသားခဲ့တဲ့ စာတမ်းမှာ ပြောထားပါတယ်။
ဒီလေ့လာမှုကို ဘေဂျင်း Normal University မှာ ရှိတဲ့ State Key Laboratory of Cognitive Neuroscience and Learning က ထောက်ပံ့ပေးထားပြီး အခုထက်ပိုနားလည်အောင် လေ့လာမှုဆက်လုပ်သွားဖို့လည်း ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
"ပုံမှန်မဟုတ်တဲ့ နူရွန်ဖွံ့ဖြိုးမှုနဲ့ ရလာတဲ့ ပုံမမှန် အာရုံကြောကွန်ရက်တည်ဆောက်ပုံတွေက အယ်လ်ဇိုင်းမား ၊ အော်တစ်ဇင်နဲ့ ပါကင်ဆန်တို့လို စိတ်နဲ့ အာရုံကြောဆိုင်ရာရောဂါအမျိုးမျိုး ဖြစ်ပွားမှုကို ဦးတည်နိုင်တယ် " လို့လည်း သုတေသနလုပ်ခဲ့တဲ့ အဖွဲ့အစည်းက South China Morning Post ကို ပြောပါတယ်။
6G လို့ခေါ်တဲ့ ဆဌမမျိုးဆက် ဆက်သွယ်ရေးစံဟာ လက်ရှိမှာ စမ်းသပ်ကြံဆဆဲအဆင့်မှာပဲ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ Samsung ဟာ 6Gbps ဒေတာနှုန်းကို ၁၅ မီတာအကွာ အခန်းတွင်းကနေ သရုပ်ပြမှု လုပ်ခဲ့ပါတယ်။ Indoors မီတာ ၃၀ မှာ ကွန်ရက်ဟာ ဒေတာမြန်နှုန်း 12Gbps အထိ ရှိနိုင်ပြီး မီတာ ၁၂၀ အကွာအဝေးမှာဆို ဒေတာမြန်နှုန်းဟာ 2.3Gbps အထိ ရှိလာမယ်လို့ ဆိုပါတယ်။ Samsung အနေနဲ့ နောက်ပိုင်းမှာ 6G Research ဆိုင်ရာ သုတေသနတွေ့ရှိချက်သစ်တွေ ထပ်ပြီး ထုတ်ဖော်သွားဖို့ ရှိပါတယ်။
တရုတ်နိုင်ငံကလည်း ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့ပထမဆုံး 6G လေ့လာစမ်းသပ်ရေး ဂြိုလ်တုတစ်လုံးကို အာကာသထဲ လွှင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 6G ကွန်ရက်မြန်နှုန်းဟာ တစ်စက္ကန့် 1Terabits အထိ ရှိနိုင်ပြီး 5G ကွန်ရက်ပေါ်က 20Gbps ထက် အဆပေါင်း ၅၀ ကျော် ပိုမြန်မယ်လို့လည်း ဆိုပါတယ်။ နှစ်ဆန်းပိုင်းက ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲမှာတော့ Nokia အမှုဆောင်အရာရှိချုပ် လွန်းဒ်မာ့ခ်က 6G ကွန်ရက်ကို လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ စီးပွားဖြစ် အသုံးပြုနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။