ကူရာကာအိုဂိုးသမား ရွန်းကတော့ အာဂျင်တီးနားနဲ့ပွဲမှာ ၇ ဂိုးအထိ အသွင်းခံခဲ့ရပေမယ့်လည်း မက်ဆီ ဆီကနေအလွန်ကောင်းမွန်တဲ့ သုံးသပ်ချက်ကို ရခဲ့တဲ့အတွက် ဂိုးတွေအများကြီးပေးခဲ့ရတာကို မေ့သွားတဲ့အထိ ပျော်ရွှင်ပြုံးရွှင်နေခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲမှာ ကူရာကာအိုက ၇-၀ နဲ့ အရေးနိမ့်ခဲ့ပြီး မက်ဆီက သူ့ကို ဟက်ထရစ်သွင်းယူခဲ့တာပါ။
မက်ဆီဟာ ဒီပွဲမှာ ဟတ်ထရစ်သွင်းပြီး နိုင်ငံအတွက် သွင်းဂိုး ၁၀၂ ဂိုးအထိရှိသွားခဲ့တာပါ။ ရွန်းဟာ ဒီပွဲမှာ ၇ ဂိုးပေးခဲ့ရပေမယ့် ဂိုးပေါက်ကာကွယ်မှု ၉ ကြိမ်အထိပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ချင်းကွာဟသလို ကစားသမားတဦးချင်းစီလည်း ခြေစွမ်းပိုင်းက အများကြီး ခြားနားခဲ့တာဖြစ်ပါတယ်။ ဂိုးသမားဖြစ်သူဟာ ပွဲအပြီးမှာ မက်ဆီနဲ့ ဂျာစီချင်းလဲလှယ်နိုင်ခဲ့သလို မက်ဆီက သူ့ကိုပြောခဲ့တာကို ပြန်လည်ဖွင့်ဟခဲ့တာပါ။
ရွန်းက "ကျွန်တော့်မှာ မက်ဆီဂျာစီရှိပါတယ်။ဒါကအလွန်ထူးခြားတယ်။အိပ်မက်တွေလည်း အမှန်တကယ်ဖြစ်လာတာပါ။လူတိုင်းက မက်ဆီရဲ့ပရိသတ်ဖြစ်ပြီး အခု ကျွန်တော်သူနဲ့ ယှဉ်ပြိုင်ပြီးသွားပါပြီ။ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ပြီး သူ ကျွန်တော့်ကို ဂိုးတွေသွင်းခဲ့ပေမယ့် ကျွန်တော်လည်း သူကန်သွင်းတဲ့ ကောင်းမွန်တဲ့ ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်"
"ပွဲအပြီးမှာတော့ ကျွန်တော်အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီး သူကပြောခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။Youtube အတွက် ဒီလိုကာကွယ်မှုမျိုးတွလိုအပ်ပါတယ်"လို့ပြောခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ နိုင်ငံလက်ရွေးစင်အသင်းအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီးပြီဖြစ်လို့ ပီအက်စ်ဂျီအသင်းထံ ပြန်ပြီး လီဂူးဝမ်းပွဲစဉ်အဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။