ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ဂျော်ဂျင်ညိုတို့ကို ကျော်ဖြတ်ပြီး ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ တနင်္လာနေ့ညက ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘလွန်ဒေါဆုပေးပွဲမှာ အနိုင်ရရှိသူအဖြစ် ကြေညာခြင်း ခံခဲ့ရပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးက ဒုတိယ၊ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုုက တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဗိုလ်စွဲအောင် ကူညီပေးရင်း ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ နိုင်ငံတကာဆုဖလားကို ရရှိခဲ့တာဖြစ်ပြီး သြဂုတ်လမှာ နူးကမ့်ကို မစွန့်ခွာမီ ကိုပါဒယ်ရေးဖလားကိုလည်း ၇ ကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်မဂ္ဂဇင်း France Football က ပေးအပ်နေတဲ့ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဆုဟာ ပြီးခဲ့တဲ့ရာသီက ကိုဗစ်ကပ်ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့အတွက် ကြေညာနိုင်ခဲ့ခြင်းမရှိပေမယ့် နောက်ဆုံးပေးအပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း အာဂျင်တီးနားကြယ်ပွင့်ကပဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့ ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဟာ လက်ရှိအချိန်မှာတော့ နောက်ဆုံး ဘလွန်ဒေါဆုပေးပွဲ ၁၃ ကြိမ်မှာ ၁၂ ကြိမ်အထိ မျှဝေရရှိထားပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာ မိုဒရစ်ဟာ ၎င်းတို့ ၂ ဦးရဲ့ ယှဉ်ပြိုင်မှုကို ကြားဝင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၀ ခုနှစ်ရဲ့ ဘလွန်ဒေါဆုရှင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်း ခံခဲ့ရသူဖြစ်ပြီး ယခုနှစ်အတွက် ဘလွန်ဒေါဆုပေးပွဲမှာတော့ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ France Football က ပိုလန်တိုက်စစ်မှူးအတွက် ဆုပေးပွဲမတိုင်မီ တစ်နှစ်တာအကောင်းဆုံး တိုက်စစ်မှူးဆုဆိုတဲ့ ဆုတစ်ခုကို ဖန်တီးခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၄၁ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးဟာ တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
၃ ကြိမ်မြောက် အမျိုးသမီး ဘလွန်ဒေါဆုကို ဘာစီလိုနာနဲ့ စပိန်တိုက်စစ်မှူး အလက်စီယာ ပူတဲယက်စ်က ချဲလ်ဆီးရဲ့ ဆမ် ကား၊ အာဆင်နယ်ရဲ့ မီဒယ်လ်မာတို့ကို ကျော်ဖြတ် ဆွတ်ခူးသွားခဲ့ပါတယ်။ ဘာစီလိုနာလူငယ်ကြယ်ပွင့် ပီဒရီကတော့ အကောင်းဆုံး အသက် ၂၁ နှစ်အောက် ကစားသမားတွေကို ပေးအပ်တဲ့ ကိုပါဆုကို ဆာကာ၊ ဘယ်လ်လင်ဂမ်၊ ဂရင်းဝုဒ်တို့ကို ကျော်ဖြတ် ရရှိသွားခဲ့တာဖြစ်ပါတယ်။
အီတလီဂိုးသမား ဒွန်နာရမ်းမားဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်း ဗိုလ်စွဲနိုင်အောင် အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီးနောက် တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပချန်ပီယံ ချဲလ်ဆီးအသင်းကတော့ ယခုနှစ်မှ စတင်ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးကလပ်အသင်းဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။