ကာရင် ဘန်ဇီးမားဟာ ရီးရဲလ် ဗယ်လာဒိုးလစ်နဲ့ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်မှာ ထူးထူးခြားခြား ၇ မိနစ်အတွင်း ဟက်ထရစ်၊ ရင်သပ်ရှုမောဖွယ် နောက်ပြန်ကန်ချက်တွေကို ရာမာဒန်ဥပုပ်ကာလ ဥပုပ်စောင့်နေရင်းနဲ့ လုပ်ဆောင်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ရီးရဲလ် ဗယ်လာဒိုးလစ်အသင်းကို ယနေ့မှာ လာလီဂါပွဲစဉ်အဖြစ် ဘာနေဗျူးမှာ လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရိုဒရီဂိုက ၂၂ မိနစ်မှာ အန်ဆလော့တီရဲ့အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ ဘန်ဇီးမားက ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ၃ မိနစ်အကြာမှာ ဘန်ဇီးမားက ဗင်နီးရှပ်စ်နဲ့ တွဲဖက်ကစားခဲ့ပြီးနောက် ဂိုးအပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ပြီးတဲ့နောက် ၃၆ မိနစ်မှာ ပြင်သစ်တိုက်စစ်မှူးက ရိုဒရီဂိုရဲ့ ဖြတ်တင်ပေးပို့မှုကို ရင်သပ်ရှုမောဖွယ် နောက်ပြန်ကန်ချက်နဲ့အတူ ဟက်ထရစ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ကာရင် ဘန်ဇီးမားရဲ့ စိတ်လှုပ်ရှားဖွယ် အကျိုးသက်ရောက်မှုအတွက် ချီးကျူးခဲ့ကြပြီး ရာမာဒန်ကာလမှာ ဥပုပ်စောင့်နေချိန်အတွင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကို မယုံနိင်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
“ဘန်ဇီးမားက ဥပုပ်စောင့်နေချိန်အတွင်းမှာ မဖြစ်နိုင်တဲ့အရာတွေကို လုပ်ဆောင်ခဲ့တယ်။”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ကာရင် ဘန်ဇီးမားက ၇ မိနစ်တည်းနဲ့ ဟက်ထရစ်သွင်းသွားတယ်။ ဥပုပ်လည်း စောင့်နေတယ်။ မျှတတဲ့ကစားပွဲပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။