ကျွန်တော်တို့တွေ အသက်အရွယ်ရလာတာနဲ့အမျှ ဘဝရဲ့အလှည့်အပြောင်းပေါင်းစုံကို တွေ့ကြုံလာရတာ ဓမ္မတာပါပဲ။ အဲဒီလို ပြောင်းလဲမှုတွေနဲ့ကြုံရတဲ့အခါ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံတွေလည်း ပြောင်းလဲလာရပါတယ်။ ကျွန်တော်တို့ရဲ့အတွေးအခေါ်တွေ၊ အပြုအမူတွေ၊ လူတွေနဲ့ဆက်ဆံပုံတွေ စသဖြင့်ပေါ့။ အထူးသဖြင့် တက္ကသိုလ်ကဘွဲ့ရလို့ လုပ်ငန်းခွင်ထဲကို ပထမဦးဆုံးအကြိမ် ဝင်ရတော့မယ်ဆိုရင် အပြောင်းအလဲလေးတွေ ပေါ်လာတတ်ပါတယ်။
ဝတ်ပုံစားပုံကတော့ လုံးဝနီးပါးပြောင်းလဲသွားပါလိမ့်မယ်။ အရင်တုံးကအပြင်သွားရင်ဝတ်တဲ့ ဘောင်းဘီတိုလေးတွေ၊ တမင်ဖြဲထားတဲ့ ဂျင်းဘောင်းဘီတွေ၊ စတစ်ကာကြောင်ကြောင်ကျားကျားတွေရိုက်ထားတဲ့ တီရှပ်တွေကို လုပ်ငန်းခွင်ထဲကို ဝတ်သွားလို့မရတော့ပါဘူး။ အဲဒီအဝတ်အစားတွေနေရာမှာ ရုံးယူနီဖောင်း (သို့) ရိုးရာအဝတ်အစား (သို့) ပိုပြီးလူကြီးလူကောင်းဆန်တဲ့ အဝတ်အစားတွေနဲ့ အစားထိုးရတော့မှာပါ။
အလုပ်အစည်းအဝေးထဲကို ဘောင်းဘီတို၊ စွပ်ကျယ်လက်ပြတ်နဲ့ရောက်ချလာရင်တော့ ဘယ်သူမှလေးစားမှာမဟုတ်ပါဘူး။ ဒါကြောင့် မီးပူကော့နေအောင်ထိုးထားတဲ့ အဝတ်အစားတွေကို စမတ်ကျကျဝတ်ဆင်တတ်လာတာက ပထမဆုံးအပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။
ဘွဲ့ရပြီးကာစ ပထမဦးဆုံးလုပ်ရတဲ့အလုပ်လည်းဖြစ်တဲ့အတွက် ကျောင်းစာအုပ်ထဲမှာသင်လာသမျှ သီအိုရီတွေကို လက်တွေ့ဘဝထဲမှာအသုံးချဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ မိမိရဲ့လုပ်ရည်ကိုင်ရည်ကို ပြသနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရင်း အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ night out ထွက်ဖို့ကိုတောင် အချိန်မပေးနိုင်ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ အလုပ်က ပထမဦးစားပေးဖြစ်နေပါလိမ့်မယ်။
လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုတာ ကျောင်းတုံးကစာမရလို့ ဆရာမရိုက်တာခံရမှာကြောက်တဲ့ စိတ်ဖိစီးမှုနဲ့ ဘာမှမဆိုင်ပါဘူး။ တစ်ပတ်မှာ (၅) ရက်ရှိရင် (၅) ရက်လုံးစာ စိတ်ဖိစီးမှုကိုခါးစည်းခံရမှာပါ။ ဒါကြောင့် အေးအေးလူလူနားနေနိုင်မယ့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေကို ပိုမိုမျှော်လင့်လာမိပါလိမ့်မယ်။
ငယ်ငယ်တုံးကလို အားလပ်ချိန်တွေကို အကျိုးမရှိတာတွေလုပ်ပြီး အချိန်မဖြုန်းတတ်တော့ပါဘူး။ ရှားရှားပါးပါးရထားတဲ့ အားလပ်ချိန်လေးတွေကို တီဗီတစ်လုံးရှေ့မှာ တစ်နေကုန်လှဲအိပ်ပြီး အသုံးချပစ်ဖို့ကိုတောင် နှမျောလာပါလိမ့်မယ်။ ရထားတဲ့အချိန်က တိုတောင်းလွန်းပြီး လုပ်စရာတွေကများပြားလွန်းနေတဲ့အခါ အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချ တတ်လာပါလိမ့်မယ်။
သူငယ်ချင်းတွေစုမိတိုင်း ပြောစရာခေါင်းစဉ်က မိမိတို့ရဲ့လုပ်ငန်းခွင်အကြောင်းတွေဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတဲ့အကြောင်းတွေ၊ လုပ်ငန်းခွင်ထဲက မန်နေဂျာဆိုးအကြောင်းတွေ၊ လုပ်ငန်းခွင်ထဲက crush မိနေတဲ့တစ်ယောက် အကြောင်းတွေ စသဖြင့် လုပ်ငန်းခွင်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အကြောင်းအရာတွေကိုပဲ ပြောမိလာပါလိမ့်မယ်။
မိဘဆီက လက်ဖြန့်တောင်းခဲ့စဉ်တုံးက ငွေကိုအလွယ်ရနေတော့ တစ်သိန်းဆိုလည်း ပက်ခနဲ၊ နှစ်သိန်းဆိုလည်း ပက်ခနဲ သုံးလိုက်မိတာပါပဲ။ ကိုယ်တိုင်ပိုက်ဆံရှာရတော့မှ ပိုက်ဆံရဲ့တန်ဖိုးကိုလည်း ပိုမိုနားလည်လာပြီး ပိုမိုတာဝန်ယူတတ်လာပါလိမ့်မယ်။
ဘဝဆိုတာ အလုပ်လုပ်နေရုံပဲလည်း မပြီးပါဘူး။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေထိုင်တတ်ဖို့လည်း အချိန်ပေးရပါသေးတယ်။ လုပ်ငန်းခွင်ထဲမှာကြုံနေရတဲ့ စိတ်ဖိစီးမှုတွေဆိုတာ သူငယ်ချင်းတွေကြားထဲရောက်ရင် စရင်းနောက်ရင်းပျောက်ကွယ်သွားတာပါပဲ။ အလုပ်လုပ်ခါစမှာ အချိန်ကိုမစီမံ မခန့်ခွဲတတ်သေးပေမယ့် တဖြည်းဖြည်းနဲ့တော့ အလုပ်နဲ့ဘဝမျှတအောင် နေထိုင်တတ်လာပါ လိမ့်မယ်။
Source: youngisthan
Share