Game of thrones စီးရီးကိုလေ့လာကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးဇာတ်ကောင်တွေသည်လည်း အရေးအပါဆုံးဇာတ်ဆောင် တွေနေရာက ရပ်တည်နေတာကို တွေ့ရှိရမှာပါ။
 

Game of Thrones စီးရီးဟာ အမေရိကန်ရုပ်သံစီးရီးတစ်ခုဖြစ်ပြီး ကြည့်ရှုသူအများဆုံး ရုပ်သံစီးရီးတစ်ခုလည်းဖြစ်ပါတယ်။ Game of Thrones စီးရီးဟာ ကြည့်ရှုသူပရိသတ်တွေကို မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကောင်စရိုက်တွေကို ပေးစွမ်းနိုင်တဲ့အတွက် လူသိများပါတယ်။

Game of thrones စီးရီးကိုလေ့လာကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးဇာတ်ကောင်တွေသည်လည်း အရေးအပါဆုံးဇာတ်ဆောင် တွေနေရာက ရပ်တည်နေတာကို တွေ့ရှိရမှာပါ။ အဲဒီလို အရေးအပါဆုံးဇာတ်ကောင်တွေထဲကမှ အမျိုးသမီးဇာတ်ကောင်တချို့ အကြောင်းကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။

သင်စိတ်ဝင်စားမယ့်် အကြောင်းအရာ (Game of Thrones စီးရီးထဲက တော်ဝင်အိမ်တော်များ)

၁။ အာယာစတာ့ခ် (Arya Stark)

1499124598-arya.jpg 

အာယာစတာ့ခ် (Arya Stark) ဟာ House Stark ရဲ့အရှင်သခင် Lord Eddard Stark နဲ့ Lady Catelyn Stark တို့ရဲ့ တတိယမြောက် သားသမီးဖြစ်ပါတယ်။ သူ့မှာ Robb Stark ဆိုတဲ့အစ်ကိုတစ်ယောက်၊ Sansa Stark ဆိုတဲ့အစ်မတစ်ယောက်ရှိပြီး Bran Stark နဲ့ Rickon Stark (ယခုကွယ်လွန်) ဆိုတဲ့မောင်နှစ်ယောက်ရှိပါတယ်။ ယခုအချိန်မှာ မြောက်ပိုင်းဘုရင်ဖြစ်နေပြီဖြစ်တဲ့ Jon Snow ကတော့ သူမရဲ့ ဖအေတူ မအေကွဲအစ်ကို (ဝမ်းကွဲအစ်ကို) ဖြစ်ပါတယ်။

အစ်မဖြစ်သူ Sansa နဲ့အတူ King's Landing ( (၇) ပြည်ထောင်ရဲ့မြို့တော်) သို့ ဖခင်ဖြစ်သူနောက်လိုက်ရင်း မင်းသား Joffrey နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ သတ္တိခဲ စွာတေးလန်လေးတစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီး Robert Baratheon နတ်ရွာစံပြီးနောက် အစိတ်စိတ်အမွှာမွှာဖြစ်တော့မယ့် (၇) ပြည်ထောင်ကို ထိန်းသိမ်းဖို့ကြိုးစားတဲ့ Eddard Stark တစ်ယောက် မင်းသား Joffrey ရဲ့ အမိန့်နဲ့သုတ်သင်ခံလိုက်ရပြီးနောက် အာယာလေးဟာ ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

အာယာလေးဟာ မိန်းကလေးဖြစ်ပေမယ့် ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်အပြည့်ရှိပြီး ယောကျ်ားလေးဆန်ဆန်နေထိုင်တတ်သူ တစ်ဦးဖြစ်ပါတယ်။ မိန်းကလေးဆန်တဲ့အလုပ်တွေထက် ယောကျ်ားလေးတွေ လုပ်လေ့ရှိတဲ့ ဓားလှံလက်နက်သုံးစွဲခြင်းကိုပဲ ဝါသနာထုံခဲ့ပါတယ်။ ဖခင်ဖြစ်သူ အသတ်ခံခဲ့ရပြီးနောက် အာယာဟာ ယောကျ်ားလေးဟန်ဆောင်ပြီး King's Landing က ထွက်ပြေးခဲ့ပါတယ်။ အစပိုင်းကတော့ အဖေတူ အမေကွဲအစ်ကို Jon ရှိရာ Night's watch ကိုသွားဖို့ရည်စူးခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မသွားဖြစ်ဘဲ နောင်တချိန်မှာသူမရဲ့ဆရာဖြစ်လာမယ့် Faceless man လူသတ်သမား Jaqen H'ghar နဲ့တွေ့ရှိခဲ့ပါတယ်။

သူမကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေဟာ ခါးသီးလှတဲ့အတွက် တဖြည်းဖြည်းနဲ့ အာယာလေးဟာ ကလဲ့စားချေလိုစိတ်တွေနဲ့ပဲ ပြည့်နှက်လာခဲ့ပါတယ်။ သူမကလဲ့စားချေမယ့်လူစာရင်းကို သူမ အိပ်ယာဝင်ခါနီးတိုင်း မေ့လျော့မသွားအောင် ဂါထာလို ရေရွတ်နေတတ်ပါတယ်။ ဒီလိုနဲ့ထွက်ပြေးတိမ်းရှောင်နေရင်း The hound လို့လူသိများတဲ့ Sandor Cegane ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ အာယာဟာ သူမရဲ့ အစ်ကို (မြောက်ပိုင်းဘုရင် Rob Stark) နဲ့ မိခင်ဖြစ်သူ Catelyn Stark တို့ရှိရာ Riverlands ကို ခရီးနှင်ခဲ့ပါတယ်။ အဲဒီမှာ အာယာဟာ နာမည်ကျော် Red wedding (Rob တို့ Stark တစ်အုပ်စုလုံး လုပ်ကြံခံလိုက်ရတဲ့ မင်္ဂလာပွဲ) ကို မျက်မြင်ကိုယ်တွေ့ သိရှိလိုက်ရပြီး နဂိုတည်းက ပြင်းထန်တဲ့ကလဲ့စားချေလိုစိတ်ဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

မိဘမဲ့ဖြစ်သွားတဲ့ အာယာကို သူမရဲ့အဒေါ်ဖြစ်သူ Lysa Arryn ဆီကို ပို့ဖို့ ခေါ်ဆောင်သွားခဲ့တဲ့ The hound ဟာ သွားရင်းလာရင်း Brienne of Tarth ဆိုတဲ့အမျိုးသမီးစစ်သည်တော်နဲ့တွေ့ပြီး တိုက်ခိုက်ခဲ့ရင်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလိုနဲ့ The hound လက်က လွတ်မြောက်ခဲ့တဲ့ အာယာလေးဟာ သူမရဲ့လက်စားချေမယ့်ခရီးစဉ်ကို စတင်ဖို့ Jaqen H'ghar ရှိရာ Braavos ကို သွားရောက်ခဲ့ပါတယ်။

Braavos မှာ Jaqen H'ghar ရဲ့ပြင်းထန်တဲ့လေ့ကျင့်မှုတွေအောက်မှာ အာယာဟာ faceless man လူသတ်သမားတစ်ဦး ဖြစ်လာဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အဲဒီမှာလည်း အမြင်အာရုံဆုံးရှုံးခြင်း၊ နေ့စဉ်နှိပ်စက်ခံရခြင်းတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံးမှာ သူမရဲ့လေ့ကျင့်ဖော်ဖြစ်သူကို ပြန်လည်သတ်ဖြတ်နိုင်ပြီး Faceless man တစ်ဦးဖြစ်လာခဲ့တဲ့ အာယာဟာ braavos ကပြန်လည်ထွက်ခွာပြီး အာယာစတာ့ခ်ဘဝနဲ့ (၇) ပြည်ထောင်ကို ပြန်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ အာယာဟာ Walder Frey နဲ့ Frey အိမ်တော်တစ်ခုလုံးကိုလုပ်ကြံသတ်ဖြတ်ပြီး သူမရဲ့လက်စားချေခရီးစဉ်ကို စတင်နေပြီဖြစ်သလို သူမရဲ့စာရင်းထဲကလူတွေအကုန်လုံးကို လုပ်ကြံသတ်ဖြတ်နိုင်မလား။ စာရင်းထဲက လူမကုန်ခင် အာယာသေမလားဆိုတာကိုတော့ လက်ရှိပြသနေတဲ့ Game of thrones season 7 မှာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

၂။ ဒနဲရစ် တာဂါးရီးယန်း (Daenerys Targaryen )

daenerys-dragon-gameofthrones-2.jpg 

နဂါးမိခင် (Mother of Dragons) လို့လူသိများတဲ့ ဒနဲရစ်ဟာ တာဂါးရီးယန်းအိမ်တော်ရဲ့မျိုးဆက်အမွေဆက်ခံသူတစ်ဦးဖြစ်ပါတယ်။ သူမမှာ Rhaegar နဲ့ Viserys ဆိုတဲ့အစ်ကို (၂) ယောက်ရှိပြီး လက်ရှိအချိန်မှာတော့ နှစ်ယောက်စလုံးကွယ်လွန်သွားကြပါပြီ။ သူမရဲ့ဖခင်ဟာ အရူးဘုရင် (Mad King) လို့လူသိများတဲ့ King Aerys II Targaryen ဖြစ်ပါတယ်။ နာမည်ကျော် Robert rebellion ဆိုတဲ့ သူပုန်ထခြင်းအပြီးမှာ Targaryen ထီးနန်းပျက်သုဉ်းခဲ့ရပြီး ဒနဲရစ်တို့လည်း King's Landing မြို့တော်ကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။

ဒနဲရစ်နဲ့ အစ်ကိုဖြစ်သူ ဗစ်ဆဲရစ် (Viserys) တို့ဟာ (၇) ပြည်ထောင်ထီးနန်းကို ပြန်ရဖို့အတွက် (၇) ပြည်ထောင် အာဏာစက် ကင်းကွာရာ Free Cities မှာနေထိုုင်ရင်း ကြိုးပမ်းခဲ့ကြပါတယ်။ ဗစ်ဆဲရစ်ဟာ (၇) ပြည်ထောင်ကိုပြန်သိမ်းဖို့အတွက် စစ်တပ်အင်အားလိုအပ်တာကြောင့် ညီမဖြစ်သူ ဒနဲရစ်ကို Khal Drogo ဆိုတဲ့ Dothraki မျိုးနွယ်စုတို့ရဲ့ဘုရင်နဲ့ပေးစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Khal Drogo နဲ့ ချစ်ကျွမ်းဝင်သွားခဲ့တဲ့ ဒနဲရစ်ကို အားမလိုအားမရဖြစ်လာတဲ့ ဗစ်ဆဲရစ်ဟာ အရက်တွေမူးအောင်သောက်ပြီး ဒနဲရစ်နဲ့ သူမရဲ့ဗိုက်ထဲကကလေးကိုပါ သတ်ဖြတ်ပစ်ဖို့ ချိန်းခြောက်တဲ့အတွက် Drogo ရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဒနဲရစ်ဟာ သူမနဲ့အစ်ကိုဖြစ်သူ Rhaegar ကိုအောက်မေ့သောအားဖြင့် သူမရဲ့ရင်သွေးလေးကိုလည်း Rhaego လို့ နာမည်ပေး ခဲ့ပါတယ်။ ရင်သွေးဖြစ်သူကို အလွန်ချစ်တဲ့ Drogo ဟာ ဒနဲရစ်ကိုလိုရာဆုတောင်းဖို့ပြောခဲ့တဲ့အတွက် ဒနဲရစ်က သံပလ္လင် (Iron throne) ကိုတောင်းဆိုခဲ့သလို Drogo က ရအောင်ပြန်တိုက်ယူပေးဖို့သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းမှာ Drogo ကော သူမရဲ့ရင်သွေးလေး Rhaego ပါ အသက်ဆုံးရှုံးခဲ့ရပြီးနောက် မင်္ဂလာလက်ဖွဲ့ရထားတဲ့နဂါးဥတွေနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့မီးသဂြိုဟ်ပွဲထဲဝင်သွားခဲ့တဲ့ ဒနဲရစ်ဟာ မနက်မိုးလင်းချိန်မှာ နဂါး (၃) ကောင်နဲ့အတူ ပြန်လည်နိုးထလာခဲ့ပါတယ်။

နောက်ပိုင်းမှာ Khalessi အဖြစ်နဲ့ ဒေါ့သရာကီလူမျိုးစုတွေကို ဦးဆောင်ခဲ့ရတဲ့ ဒနဲရစ်ဟာ နဂါး (၃) ကောင်နဲ့အတူ လျှောက်သွားရင်း Qarth မြို့တော်မှာခိုလှုံခဲ့ပါတယ်။ နောက်ပိုင်းမှာ Qarth မြို့တော်က ပြန်ထွက်လာခဲ့ပြီး သင်္ဘောတစ်စီးနဲ့ Slaver's bay ကိုသွားရောက်ခဲ့ပြန်ပါတယ်။ အဲဒီလိုသွားနေချိန်မှာ နဂါးလေးတွေဟာလည်း တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပါတယ်။ Slaver's bay မှာ Unsullied စစ်သည်တော်တွေကို တွေ့ခဲ့ရတဲ့ ဒနဲရစ်ဟာ (၇) ပြည်ထောင်ကိုပြန်သိမ်းဖို့အတွက် အဲဒီစစ်သည်တော်တွေကို လိုချင်လာခဲ့ပါတယ်။ အဲဒီအတွက် စစ်သည်တော်တွေကို ပိုင်ဆိုင်တဲ့ ကျွန်ပိုင်ရှင်နဲ့ ညှိနှိုင်းရင်း နဂါးတစ်ကောင်နဲ့ လဲလှယ်ဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။

နဂါးနဲ့စစ်သားလဲလှယ်ပွဲမှာ ဒနဲရစ်ဟာ သူမရဲ့လက်အောက်ရောက်လာပြီဖြစ်တဲ့ Unsullied စစ်သည်တော်တွေကို ကျွန်ပိုင်ရှင်တွေကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီး သူမရဲ့နဂါးကိုလည်း ကျွန်ပိုင်ရှင် Kraznys ကိုမီးရှို့သတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဒနဲရစ်ဟာ မူလအတိုင်ပင်ခံဖြစ်သူ Jorah Mormont ၊ Barristan Selmy တို့နဲ့အတူ Unsullied စစ်သည်တော်တွေရဲ့ ခေါင်းဆောင် Grey Worm ကိုပါ သူမရဲ့လက်အောက်မှာထားရှိနိုင်ခဲ့ပါတယ်။

ဒနဲရစ်ဟာ (၇) ပြည်ထောင်ကို တက်သိမ်းမယ်ဆိုတဲ့ မူလရည်မှန်းချက်အစား ကျွန်လူတန်းစားလွတ်မြောက်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ Yunkai ဆိုတဲ့မြို့မှာရှိတဲ့ ကျွန်တွေလွတ်မြောက်ရေးအတွက် အားထုတ်ရင်း Second Sons ဆိုတဲ့ ကြေးစားစစ်သည်တော်အုပ်စုနဲ့ ထိပ်တိုက်တွေ့ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Second Sons ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ Daario Naharis ဟာ ဒနဲရစ်ကို မျက်စိကျခဲ့တဲ့အတွက် တခြားခေါင်းဆောင်တွေကို လုပ်ကြံပြီး Second Sons စစ်သည်တော်တွေကို ဒနဲရစ်လက်ကို အပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒနဲရစ်ဟာ Yunkai မြို့ကိုသိမ်းနိုင်ခဲ့ပါတယ်။ Yunkai မြို့က ကျွန်တွေကိုလွှတ်ပေးခဲ့တဲ့ ဒနဲရစ်ကို ကျွန်တွေက Mhysa (မိခင်) လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာ Unsullied စစ်သည်တော်တွေ၊ Second Sons စစ်သည်တော်တွေနဲ့အတူ ဒနဲရစ်ဟာ Meereen မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်ခဲ့ပါတယ်။ Daario နဲ့ Grey worm တို့ရဲ့အကူအညီနဲ့ ဒနဲရစ်ဟာ Meereen မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ Meereen မြို့ရဲ့ Sons of the Harpy ဆိုတဲ့ မြေအောက်တော်လှန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ Sons of Harpy တွေရဲ့ လက်ချက်နဲ့ တစ်ချိန်က ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့မှူးကြီး Barriston Selmy သေဆုံးခဲ့ရသလို Jorah ဟာလည်း ဒနဲရစ်ကိုသစ္စာဖောက်ဖို့ ကြံစည်မှုနဲ့ နှင်ထုတ်ခံလိုက်ရပါတယ်။ ဒါ့အပြင် သူမရဲ့နဂါးတွေထဲက အကြီးဆုံးတစ်ကောင်ဖြစ်တဲ့ Drogon ဟာလည်း လယ်သမားတစ်ယောက်ရဲ့သမီးကို မီးရှို့သတ်ဖြတ်မှုနဲ့ မြေတိုက်ခန်းမှာ တိုက်ပိတ်ခံထားလိုက်ရပါတယ်။

ဘုရင်မဒနဲရစ်ရဲ့ဘေးမှာ ယုံကြည်လို့ရသူတွေ နည်းပါးလာပါတယ်။ ဖခင်ဖြစ်သူလုပ်ခဲ့တဲ့အမှားမျိုးမဖြစ်အောင် ကြိုးစားနေတဲ့ ဒနဲရစ်ဟာ Fighting pit လို့ခေါ်တဲ့ ကျွန်အချင်းချင်းသတ်ဖြတ်ပွဲတွေကို ပြန်စပေးရင်း ကျွန်ပိုင်ရှင်တွေနဲ့ ကျွန်တွေကြားက ပဋ္ဋိပက္ခတွေကို ဖြေရှင်းဖို့ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ မောင်းထုတ်ခံလိုက်ရတဲ့ Jorah ကလည်း Lannister အိမ်တော်ကထွက်ပြေးလာတဲ့ Tyrion Lannister ကိုဖမ်းခေါ်လာပြီး ဒနဲရစ်ရဲ့ မျက်နှာသာကို ပြန်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် ဒနဲရစ်ရဲ့ကြိုးပမ်းမှုတွေမအောင်မြင်ဘဲ Fighting pits ထဲက တိုက်ခိုက်ပွဲတစ်ခုမှာ Sons of harpy တွေပုန်ကန်ထကြွလို့ ဒနဲရစ်ကိုယ်တိုင် Drogon (အကြီးဆုံးနဂါး) နဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီမှာ ဒနဲရစ်တစ်ယောက် ဒေါ့သရာကီလူမျိုးစုတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရချိန်မှာ Tyrion ကတော့ သူ့ရဲ့ဉာဏ်ပညာကိုသုံးပြီး Meereen မြို့ကြီးကို မပြိုကွဲအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

နောက်ဆုံး ဒေါ့သရာကီလူမျိုးစုတွေကိုပါ စည်းရုံးသိမ်းသွင်းပြီး လွတ်မြောက်လာခဲ့တဲ့ ဒနဲရစ် Meereen မြို့တော်ကိုပြန်ရောက်လာခဲ့ပြီး Tyrion ရဲ့စွမ်းဆောင်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အတွက် Hand of the queen (ဘုရင်မရဲ့လက်ထောက်) အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒေါ့သရာကီစစ်သည်တော်တွေ၊ Unsullied စစ်သည်တော်တွေ၊ Second sons တွေနဲ့အတူ ဒနဲရစ်ဟာ (၇) ပြည်ထောင်ကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ချီလာနေပြီဖြစ်ပါတယ်။ ဒါ့အပြင် Dorne က Martell အိမ်တော်၊ Highgarden က Tyrell အိမ်တော်၊ Iron Islands က Greyjoy အိမ်တော် (Yara နဲ့ Theon) တို့နဲ့လည်း မဟာမိတ်ဖွဲ့ထားပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: Wiki

Share

Loading Next Article...
က္က