တစ်နေကုန်မတ်တပ်ရပ်နေခဲ့ရလို့၊ လမ်းလျှောက်တာများသွားလို့ ခြေထောက်တွေကို ညောင်းကိုက်နေတာပဲ။ အိမ်ပြန်ရောက်တာနဲ့ လှုပ်ကိုမလှုပ်နိုင်တော့ဘူး။ ခြေထောက်ညောင်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲကတော့ နောက်နေ့မနက်မှာ အိပ်ရာကလည်း မထနိုင်၊ အလုပ်လည်းမလုပ်နိုင်တော့တာပဲနော်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ခြေထောက်တွေကိုက်နေရင် အကိုက်အခဲပျောက်ဆေးသောက်တာထက် အိမ်သုံးဆေးနည်းလေးတွေနဲ့ပဲ ပျောက်အောင်လုပ်စေချင်ပါတယ်။
၁။ ရေနွေးဝတ်ကပ်ခြင်း
ဒီနည်းကတော့ လူကြီးတွေသုံးတာမြင်ဖူးမယ်ထင်ပါတယ်။ ရေနွေးထဲကို တဘက်လေးနှစ်ပြီး ရေညှစ်ကာ ရေနွေးဝတ်လေးကပ်ပေးရုံပါပဲ။ ညောင်းကိုက်နေတဲ့ခြောက်တွေကို ရေနွေးဝတ်ကပ်ပေးလိုက်တဲ့အခါ သွေးလည်ပတ်မှုကောင်းသွားပါတယ်။ ရောင်ရမ်းတာတွေလည်းသက်သာပြီး ကိုက်ခဲတာပျောက်ပါလိမ့်မယ်။ ပုလင်းထဲကို ရေနွေးထည့်ပြီး အပေါ်ကနေ တဘက်နဲ့ပတ်ကာ ခြေထောက်ကိုကပ်ပေးလို့လည်းရပါတယ်။ ရေညှစ်စရာမလိုတော့ဘူးပေါ့။
၂။ ရေနွေးစိမ်ခြင်း
ဇလုံထဲကို ရေနွေးထည့်၊ ယူကလစ်ဆီ ၄ စက်၊ ပူရှိန်းဆီ ၂ စက်၊ လေးညှင်းဆီ ၂ စက် တို့ကိုထည့်လိုက်ပါ။ အဆီတွေရေနွေးထဲထည့်မွှေပြီးရင် ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးရုံပါပဲ။ ၁၅ မိနစ်ပြည့်ရင် ခြေထောက်တွေကို ရိုးရိုးရေနဲ့ ပြန်ဆေးပေးလိုက်ရမှာဖြစ်ပါတယ်။ ယူကလစ်ဆီက အကိုက်အခဲပျောက်စေပြီး နာကျင်မှုကိုသက်သာစေတယ်။ လေးညှင်းဆီကလည်း နာကျင်မှုကိုသက်သာစေပါတယ်။ ပူရှိန်းဆီကတော့ ရောင်ရမ်းတာတွေ သက်သာစေတယ်လေ။ ရေနွေးက အရမ်းမပူဖို့တော့ သတိထားသင့်တယ်။ ကိုယ်ခံနိုင်ရည်ရှိလောက်မယ့်အပူချိန် ဖြစ်နေပါစေ။
၃။ ရေခဲကပ်ခြင်း
ရေခဲကို အတုံးလိုက်ကြီးမဟုတ်ဘဲ အတုံးသေးသေးလေးတွေဖြစ်အောင် ထုလိုက်ပါ။ ထုထားတဲ့ရေခဲတွေကို ပလတ်စတစ်အိတ် သို့မဟုတ် တဘက်ထဲထည့်ပြီး ခြေထောက်ကို ကပ်ပေးနိုင်ပါတယ်။ ရေခဲဝတ်လေးနဲ့ နာကျင်တဲ့နေရာကို စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်ပြီး နှိပ်ပေးရပါမယ်။ ကြွက်သားနာကျင်ရောင်ရမ်းတာတွေကို သက်သာစေပြီး ညောင်းညာနေတာတွေ ပြေလျော့သွားပါလိမ့်မယ်။