ဆံပင်စတိုင်လ်လှလှလေးတော့ ဖြစ်ချင်တယ်။ ဒါပေမဲ့ အချိန်မရဘူးလို့ ပြောကြတာလည်း မိန်းကလေးတွေပါပဲ။ ချိန်းထားတာရှိလို့ ဆံပင်ပုံစံလှလှလေးလုပ်သွားချင်ပေမဲ့ ခေါင်းလျှော်ဖို့လည်းအချိန်မရ၊ ပြင်ဆင်ထုံးဖွဲ့ဖို့လည်း အချိန်မရ ဖြစ်နေတဲ့ ပျိုမေတို့ကို လွယ်လွယ်ကူကူ လှနိုင်မယ့် ဆံပင်စတိုင်လ်လေးတွေ ဖော်ပြလိုက်ပါတယ်နော်။
ခေါင်းလျှော်ဖို့ အချိန်မရဘူးဆိုတဲ့လူတွေကတော့ dry shampoo လေး ဆောင်ထားသင့်ပါတယ်။ Dry shampoo လေးနဲ့ဆို ဦးရေပြားအဆီပြန်လို့ ခေါင်းက အနံ့ထွက်နေတာမျိုး မဖြစ်တော့ဘူးလေ။ ဆံပင်ကို အရင်ဆုံး dry shampoo လေး သုံးပေးလိုက်ပါ။
၁။ ပိုနီတေးလ် (pony tail)
ဒါကတော့ အလွယ်တကာ့ အလွယ်ဆုံးနည်းပဲလေ။ ပိုနီတေးလ်အမြင့်လေးစည်းပါ။ ဆံပင်တွေကို ပြားကပ်မနေစေဘဲ ပွယောင်းယောင်းလေးက ပိုပြီး သဘာဝကျကျနဲ့ နုပျိုလန်းဆန်းတဲ့အသွင် ဖြစ်စေပါတယ်။ ငယ်ထိပ်ပေါ်က ဆံပင်လေးတွေကို လက်နဲ့ထိုးဖွပေးလိုက်ပါ။ ခေါင်းစည်းသားရေကွင်းမပေါ်ချင်ရင်တော့ ဆံပင်နည်းနည်းကိုယူပြီး ခေါင်းစည်းကြိုးမှာပတ်လိုက်ရုံပဲ။ အနားစကိုတော့ ကလစ်လေးနဲ့ညှပ်ထားတာပေါ့။
၂။ နှစ်ထပ်အလိပ်လေး
ဆံပင်အပေါ်တစ်လွှာကိုယူပြီး နောက်စေ့အပေါ်ပိုင်းမှာ စည်းထားလိုက်ပါ။ ဒါလည်းပဲ ခပ်ပွပွလေး၊ ခုံးခုံးလေးမှ ဆွဲဆောင်မှုရှိပါလိမ့်မယ်။ စည်းထားတဲ့ဆံပင်တွေကို သားရေကွင်းနေရာကနေ အတွင်းထဲကို ပြောင်းပြန်လှန်ထည့်လိုက်တဲ့နည်းကို အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ အောက်ပိုင်းမှာ ကျန်နေတဲ့ဆံပင်တွေကိုလည်း နောက်တစ်ကြိမ်စည်းပြီး အတွင်းကိုလှန်ထည့်ထားတာက ပိုလန်းတယ်။ အဖျားတွေကိုလည်း ချမထားဘဲနဲ့ ခေါက်သိမ်းလိုက်ပါ။ အလန်းလေးဖြစ်သွားမယ်။
၃။ သဘာဝကျကျအကောက်လေး
ဆံပင်ကိုလည်း ချထားချင်တယ်၊ ဒါပေမဲ့ သေသေချာချာ ဖြီးသင်ဖို့လည်း အချိန်မရတော့ဘူးဆိုတဲ့ ဆံရှည်ပျိုမေလေးတွေကတော့ သဘာဝကျကျ အကောက်လေးကို ပြုလုပ်ကြည့်ပါ။ အပူချောင်းကိုသုံးရမှာပေါ့။ ဆံပင်တွေကို အပူချောင်းမှာ ၁ မိနစ်လောက် ပတ်ထားပေးရင် သဘာဝကျကျ လှိုင်းလေးတွေရပါပြီး။ တချို့ကတော့ ဆံပင်တု hair extension လေး ထည့်ပြီးသုံးကြပါတယ်။
Source : Lux Hair