Visual (ရုပ်ဆင်းသဏ္ဍာန်) အခြေပြုတဲ့လူမှုကွန်ရက်တွေ အပြိုင်းအရိုင်းခေတ်စားလာပြီးနောက်မှာ ဓာတ်ပုံရိုက်ခြင်းအနုပညာနဲ့ ဓာတ်ပုံအရိုက်ခံခြင်းအနုပညာဆိုတာ အလွန်အရေးပါလာပါတယ်။ တချို့လူတွေက မွေးရာပါ photogenic ဖြစ်လို့ (ဓာတ်ပုံစားလို့) ဘယ်လိုနေနေ ရုပ်ထွက်ကောင်းပေမယ့် တချို့ကကျတော့ ရုပ်ထွက်ကောင်းအောင် ကင်မရာကောင်းကောင်း၊ ပတ်ဝန်းကျင် အနေအထား၊ ပို့စ်ပေးတတ်ခြင်း စတာတွေကူဖို့လည်း လိုအပ်ပါသေးတယ်။
အဲဒီလိုရုပ်ထွက်ကောင်းတဲ့ ပုံတွေကို လူမှုကွန်ရက်တွေပေါ်တင်ပြီး like တွေ၊ reaction တွေ ထောင်သောင်းချီရပြီး ဆယ်လီဖြစ်ကုန်သူ တွေလည်း အများကြီးရှိပါတယ်။ တကယ်တော့ ဓာတ်ပုံရိုက်တယ်ဆိုတာ capture the moment (အခိုက်အတန့်လေးတစ်ခုကို အမိဖမ်းတာ) ဖြစ်တဲ့အတွက် ကင်မရာရဲ့ shutter က အမိဖမ်းလိုက်ချိန်မှာ ကိုယ့်ဖက်က ပြီးပြည့်စုံနေဖို့ပဲလိုပါတယ်။ အဲဒီလို ကင်မရာရှေ့မှာ အထာကျကျနဲ့ ပို့စ်ပေးတတ်ပြီး ရုပ်ထွက်ကောင်းတဲ့ပုံလေးတွေရလာစေဖို့ နည်းလမ်းလေးတွေရှိပါသေးတယ်။
နေရောင်ခြည်ကို ကောင်းကောင်းဆော့ကစားတတ်သူဟာ ဆရာပါပဲ။ အကျည်းတန်လှချိန်လိုု့တောင် တင်စားခေါ်ဝေါ်ကြတဲ့ နေဝင်ချိန်ဆည်းဆာအောက်မှာ ဓာတ်ပုံရိုက်ကြည့်ပါ။ အကောင်းဆုံး ဓာတ်ပုံတွေကို ရရှိပါလိမ့်မယ်။ နေရောင်ခြည်ရဲ့ ပျောက်ကွယ်လုဆဲအလင်းတန်းတွေဟာ ဓာတ်ပုံတစ်ပုံမှာအရေးအပါဆုံးဖြစ်တဲ့ အလင်း၊ အမှောင်ကို ထောက်ပံ့ပေးနိုင်ပြီး ဓာတ်ပုံအရိုက်ခံသူရဲ့ ရှိရင်းစွဲအလှအပကို ဆယ်ဆ တိုးစေပါလိမ့်မယ်။

Aye Thaung Facebook
လက် (၂) ဖက်ကို ရှေ့ပို့ရမလို၊ နောက်ပို့ရမလိုဖြစ်တာတွေ၊ ကင်မရာရှေ့ရောက်တဲ့ လက်ချောင်း (၂) ချောင်းစွတ်ထောင်ပြီး ပိစ်သင်္ကေတလုပ်တာတွေက ပို့စ်မပေးတတ်သေးတဲ့ လက္ခဏာတွေပါပဲ။ ဓာတ်ပုံ မော်ဒယ်ကောင်းတစ်ယောက်ဟာ ဘယ်လိုပို့စ် (ကိုယ်နေဟန်ထား) မျိုးဟာ မိမိရဲ့အလှပဆုံးအချိုးအဆက်တွေကို ဖော်ပြနိုင်မလဲဆိုတာကိုသိရှိပြီး ကင်မရာရှေ့ရောက်တာနဲ့ အလိုလိုပို့စ်ပေးတတ်ပါတယ်။ စစချင်းမှာတော့ ခက်ခဲနိုင်ပေမယ့် နောက်ပိုင်းကျရင် အထာနပ်လာပါလိမ့်မယ်။
ဓာတ်ပုံအရိုက်မခံခင် ကြည့်မှန်တစ်ချပ်ရှေ့မှာ အလှပဆုံးပြုံးတတ်အောင် အရင်လေ့ကျင့်ပါ။ နွေးထွေးတဲ့အပြုံးလား။ ဖော်ရွေတဲ့အပြုံးလား။ အသိရခက်ခဲတဲ့ လျှို့ဝှက်ချက်တွေ ရောပြွမ်းနေတဲ့ အပြုံးလား။ ခနဲ့တဲ့တဲ့ဟန်ပါနေတဲ့ အပြုံးလား။ ဘယ်လိုအပြုံးမျိုးက မိမိနဲ့အလိုက်ဖက်ဆုံးဖြစ်မယ်ဆိုတာကိုသိအောင်လုပ်ပြီး လေ့ကျင့်ထားပါ။ ကင်မရာရှေ့ရောက်တဲ့အခါ အလှပဆုံးပြုံးတတ်ပါစေ။ အလှဆုံးအပြုံးပိုင်ရှင်တွေဟာ ရုပ်ထွက်အကောင်းဆုံးဓာတ်ပုံပိုင်ရှင်တွေပါပဲ။
Gym မသွားဖြစ်တာကလည်း ကြာပြီ။ ဒီရက်ပိုင်း အဝကျိတ်ထားတာတွေကလည်း များနေပြီဆိုရင် ဗိုက်လေးက ရှေ့ကိုထွက်နေမှာ ဧကန်မုချပါပဲ။ ဘယ်လောက်ပဲလှအောင် ပြင်ထား၊ ပြင်ထား။ ဗိုက်ကလေး ပူနေရင် အလှဖျက်နေမှာအသေအချာပါပဲ။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ခါးကိုတစ်ချက်လိမ်ပြီး ခန္ဓာကိုယ်နောက်ပိုင်းအလှကိုပဲ ပြသပါ။ ဗိုက်သားကိုတော့ ကင်မရာမြင်ကွင်းထဲမှာ အတတ်နိုင်ဆုံးမပေါ်အောင် ဂရုစိုက်ပေါ့။ သတိပြုရမှာတစ်ခုက photoshop တွေနဲ့တော့ သွားမပြင်နဲ့နော်။ ဘေးကသံတိုင်တွေကွေးကုန်မှ မဟုတ်တဲ့နည်းနဲ့ နာမည်ကြီးကုန်ဦးမယ်။
ပို့စ်တစ်ခု (သို့) ရှုခင်းတစ်ခုမှာ ဓာတ်ပုံတစ်ခါရိုက်ပြီး (၃) (၄) ပုံသာရိုက်ထားပါ။ နောက်မှ အဲဒီထဲက အကြိုက်ဆုံး၊ ရုပ်ထွက်အလှဆုံးတွေကို ပြန်ရွေးယူလို့ရပါတယ်။ ဒီတော့ memory card ပမာဏကြီးကြီးနဲ့ ပုံများများသာ ရိုက်ခိုင်းထားလိုက်ပါ။
ကင်မရာက အရိုက်၊ ကိုယ်ကမျက်တောင်အခတ် ကြုံသွားတဲ့အခါ ဓာတ်ပုံထဲမှာ မျက်လုံးကြီးပိတ်ပြီး ကြည့်ရဆိုးပါတယ်။ အဲဒီလိုမဖြစ်ရလေအောင် လုပ်လို့ရတာတစ်နည်းရှိပါတယ်။ ဓာတ်ပုံစမရိုက်ခင် စက္ကန့် အနည်းငယ်လောက် မျက်လုံးကိုမှိတ်ထားလိုက်ပါ။ ဒီလိုနဲ့ ကင်မရာခလုတ်နှိပ်လိုက်တဲ့အခါ မျက်တောင်ခတ်မိတာ၊ မျက်လုံးမှိတ်မိတာ မရှိတော့ဘူးပေါ့။
Source: Youngisthan
Share