လေ့လာသူတွေဟာ လူတစ်ယောက်ချင်းစီရဲ့ စရိုက်လက္ခဏာကိုလိုက်ပြီး ဘယ်လိုအသက်မွေးဝမ်းကြောင်းအလုပ်အကိုင်တွေနဲ့ လိုက်ဖက်မှုရှိနေနိုင်တာကို တွေ့ရှိပါတယ်။ တချို့တွေက ခေါင်းဆောင်တွေဖြစ်နေချိန်မှာ တချို့တွေက ပူးပေါင်းဆောင်ရွက်မှု အားကောင်းပါတယ်။ တချို့တွေကကျတော့ ရှာတာဖွေတာတော်ပါတယ်။ အဲဒီလို စရိုက်ကြံအင်တွေပေါ်လိုက်ပြီး ပရိုဖက်ရှင်နယ်အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် အမျိုးအစားတွေ ကြီးမားစွာ ကွဲပြားနိုင်ပါတယ်။
အောက်မှာဖော်ပြထားတာကတော့ လူတွေကို အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် ရွေးချယ်မှုတွေအလိုက် အုပ်စု (၆) ခု ခွဲခြားထားတဲ့အကြောင်းလေးပါ။ ဖတ်ကြည့်ပြီး မိမိဘယ်ထဲမှာပါနေတယ်ဆိုတာကို စမ်းစစ်ကြည့်လိုက်ပါဦး။
ခင်ဗျားဟာ အာရုံစူးစိုက်မှုအားကောင်းပါသလား။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါသလား။ ဖန်တီးဉာဏ်ကော ကောင်းမွန်ပါသလား။ ဒါဆိုရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အသေးအဖွဲကိစ္စလေးတွေမှာ အကြီးကြီးတွေတုံ့ပြန်ဖို့ မလိုအပ်ပါဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ဒါပြီးရင်ဒါလုပ်မယ် ဆိုတဲ့ ပြတ်သားတဲ့အမြင်တစ်ခု ရှိပါတယ်။ နောက်ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်လုပ်နေတဲ့အလုပ်ကိုလည်း လေးစားချစ်ခင်မှုရှိရပါမယ်။
ခေါင်းဆောင်စိတ်ရှိသူတွေဟာ သူများနောက်လိုက်လုပ်ရတာကို မနှစ်သက်ကြပါဘူး။ သူတို့ဟာ ကိုယ်ပိုင်ဖန်တီးလိုကြတယ်။ တီထွင်ဖန်တီးဉာဏ်လည်း မြင့်မားကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အဖွဲ့လိုက်စုစည်းလုပ်ဆောင်မှု ကိုလည်း နှစ်သက်ကြပါတယ်။ ကိုယ်တိုင်လမ်းမပျောက်ရုံသာမက သူများကိုလည်း လမ်းပြပေးနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အသင်းအဖွဲ့ရဲ့ တစ်စိတ်တပိုင်းအဖြစ် ခံယူထားကြသလို အဖွဲ့အစည်းကို ရှေ့ဆောင်လမ်းပြသူတွေအဖြစ်လည်း ခံယူထားကြပါတယ်။
အတွေးအမြင်ပဓာနဝါဒီတွေကတော့ အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုဆိုတာထက် ခံယူချက်တစ်ခုနဲ့ အလုပ်လုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ အပြန်အလှန်လေးစားမှုတွေကို ဦးထိပ်ထားတဲ့ကုမ္မဏီ (သို့) အဖွဲ့အစည်းတစ်ခုထဲမှာပဲ အလုပ်လုပ်ကိုင်လိုကြပါတယ်။ နောက်ပြီး သူတို့ဟာ လူမှုဆက်ဆံရေးနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တယ်လို့ ပတ်ဝန်းကျင်က ထင်မြင်ယူဆခံရတဲ့နေရာမျိုးမှာပဲ အလုပ်လုပ်ကိုင်လိုကြပါတယ်။ ဥပမာ... တရားရေး၊ ဆရာဝန်..။
မုဆိုးဆိုတာကတော့ တင်စားခေါ်ဝေါ်တာပါ။ သူတို့ကတော့ ကုမ္မဏီတစ်ခု တိုးတက်ရာတိုးတက်ကြောင်း အခွင့်အလမ်းတွေကို အမဲလိုက်သလို အမြဲတစေ ရှာဖွေနေတတ်သူတွေပဲ ဖြစ်ပါတယ်။ ကုမ္မဏီကြီး တွေမှာတော့ သူတို့လိုလူမျိုးတွေ အလုပ်လုပ်ကိုင်တဲ့ ဌာနကို "Business Development" ဌာနလို့ခေါ်ပါတယ်။ သူတို့ဟာတစ်ချိန်မှာ ကုမ္မဏီရဲ့အုပ်ချုပ်သူအကြီးအကဲ နေရာကို ရောက်ရှိလာနိုင်ပါတယ်။ သူတို့ဟာ လူအများနဲ့ထိတွေ့ဆက်ဆံရာမှာလည်း ထူးချွန်ပြီး ဆွဲဆောင်မှုအားကောင်းကြပါတယ်။
လိုက်လျောညီထွေရှိသူတွေဆိုတာကတော့ သဘာဝအလျောက်ကို သူများနဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အားကောင်းသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဒေါင်ကျကျ ပြားကျကျ နေတတ်ပြီး ပဋိပက္ခတွေကိုလည်း ရှောင်ရှားနိုင်ကြပါတယ်။ သူတို့တွေကတော့ လုံခြုံမှုနဲ့မျှတမှု ရှိတဲ့ အလုပ်အကိုင်တွေကို ပိုမိုနှစ်သက်ကြပါတယ်။ နောက်ပြီး သူတို့ရဲ့စရိုက်လက္ခဏာက လူအများနဲ့ လိုက်လျောညီထွေနေတတ်တဲ့အတွက် အရောင်းနဲ့မားကက်တင်းဘက်မှာဆိုရင် အောင်မြင်နိုင်ပါတယ်။
အခွင့်အရေးမြင်တတ်သူအမျိုးအစားကိုကျတော့ သာကူးလို့ပဲခေါ်ရမလားမသိပါဘူး။ သူတို့တွေဟာ အလုပ်လုပ်တာကို လှေကားတစ်စင်းတက်သလို သဘောထားတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေနဲ့ အခွင့်အရေး၊ ပညာ တိုးတက်မှုတွေကို မျှော်လင့်တတ်ကြပါတယ်။ သူတို့လက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမှာ တက်လမ်းပိတ်နေပြီး နောက်တစ်ခုမှာ တက်လမ်းပွင့်နေမယ်လို့ ခံစားရရင် အချိန်မရွေး လက်ရှိနေရာကို စွန့်ခွာသွားမယ့်သူတွေပါ။
စိန်ခေါ်မှုအသစ်တွေကိုလည်း ကြောက်ရွံ့တတ်သူတွေမဟုတ်ဘဲ အလုပ်ပတ်ဝန်းကျင်အသစ်မှာလည်း လွယ်လင့်တကူ ဝင်ဆန့်သူတွေဖြစ်ပါတယ်။ သူတို့ဟာ တက်လမ်းကိုမျှော်လင့်သလို တက်လမ်းကိုရောက်ရှိဖို့လည်း အစွမ်းကုန်အားထုတ်ကြိုးပမ်းကြပါတယ်။
စွန့်ဦးတီထွင်သူတွေကတော့ စီးပွားရေး၊ နည်းပညာနယ်ပယ်ထဲမှာ သူများမသိသေး၊ မလုပ်သေးတဲ့ အလုပ်အကိုင်တွေကို တီထွင်ပြီး လုပ်ကိုင်နိုင်သူတွေကို ခေါ်တာပါ။ ဥပမာ... Steve Jobs တို့၊ Bill Gates တို့၊ Mark Zuckerberg တို့ပေါ့။ သူတို့ကတော့ အဖွဲ့အစည်းတစ်ခုလုံးကို အောက်ခြေကနေ အထက်ပိုင်းအထိ ကျွမ်းကျင်နားလည်သူတွေဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းနဲ့ သူများကိုလမ်းပြလက်တွဲ ခေါ်ဆောင်နိုင်စွမ်းလည်း အပြည့်ရှိရပါမယ်။ သူတို့ဟာ စွန့်စားရဲပြီး စိန်ခေါ်မှုအသစ်တွေကိုလည်း ပျော်ရွှင်စွာနဲ့ စောင့်မျှော်နေတတ်သူတွေ ဖြစ်ပါတယ်။
Source: youngisthan
Share